မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ၌ လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ရန် လိုအပ်ပြီး မြို့ပြဒေသတွင် ကာယလုပ်အားသုံး စက်မှုလုပ်ငန်းကို အဓိကထား၍ ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ ဟီဂုချီတတဲရှိနှင့် မြန်မာနိုင်ငံ အခြေစိုက် ဂျပန်စီးပွားရေး သတင်းဌာန တစ်ခုဖြစ်သော မြန်မာဂျပွန်မှ အမှုဆောင် အရာရှိချုပ် မစ္စတာ နာဂါဆုဂီတို့ ပြုလုပ်သော အင်တာဗျူးတွင် ထည့်သွင်း ပြောကြားသည်။မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင်နှုန်း ၇၀ နေထိုင်သော ကျေးလက်ဒေသတွင် စိုက်ပျိုးမြေ ဧရိယာ၏ ကြွယ်ဝသည့် သယံဇာတများကို အသုံးပြုကာ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ဆောင်ရန် လိုအပ်ပြီး မြို့ပြဒေသ၌ ကာယလုပ်အားသုံး စက်မှုလုပ်ငန်းကို အဓိကထားကာ လုပ်သားခန့်ထားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဂျပန် သံအမတ်ကြီးက ဆိုသည်။“မြန်မာနိုင်ငံ တိုးတက်ဖို့ အဓိက အရေးကြီးဆုံး အရာကတော့ လျှပ်စစ်ဓာတ်အားလို့ မြင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။ထို့ပြင် မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက် ဒေသများ၏ စီးပွားရေး ကောင်းမွန်စွာ တိုးတက် လည်ပတ်စေရေးအတွက် ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ အခြေခံ အဆောက်အအုံများ ပြည့်စုံအောင် ဆောင်ရွက်ရန် လိုအပ်နေကာ ရထားလမ်း၊ အဝေးပြေးကားလမ်း၊ ရေကြောင်းလမ်းများကို ပြုပြင်ထိန်းသိမ်းရမည့် အပြင် ဝေးလံသော ဒေသများရှိ ကားလမ်းနှင့် တံတားများ ပြုပြင်တည်ဆောက်ရေး အပိုင်း၌ စိန်ခေါ်မှုများ ရှိနေသည်ဟု သံအမတ်ကြီးက ပြောကြားသည်။“သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေက လတ်ဆတ်တဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေနဲ့ ဈေးကွက်ကို ဆက်သွယ်ပေးဖို့ လိုအပ်သလို စက်မှုကုန်ထုတ် ပစ္စည်းတွေကို ဈေးကွက် ဒါမှမဟုတ် သုံးစွဲသူလက်ထဲ အရောက်ပို့ပေးဖို့လည်း လိုအပ်ပါတယ်” ဟု မစ္စတာ ဟီဂုချီတတဲရှိက မြန်မာဂျပွန်နှင့် ပြုလုပ်သော အင်တာဗျူးတွင် ထင်မြင်ချက် ပေးထားသည်။၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှ စီးပွားရေး တိုးတက်မှုနှုန်း ရှစ်ရာခိုင်နှုန်း ရှိရေးအတွက် မြန်မာနိုင်ငံ အနေဖြင့် အခြေခံ အဆောက်အအုံ စီမံကိန်းများတွင် ဒေါ်လာ ၃၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံရမည်ဟု ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့ ပူးပေါင်း ဆောင်ရွက်သည့် Financing Infrastructure Development and Public-Private Partnership (PPP) Framework for Myanmar လေ့လာဆန်းစစ်ချက် စာတမ်းတွင် သုံးသပ်ထားသည်။မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ အဆင့်အတန်း မြှင့်တင်ရေးအတွက် လူနေ အဆောက်အအုံနှင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံ လိုအပ်ချက်များ၊ တစ်နိုင်ငံလုံး လျှပ်စစ်မီး ပေးဝေနိုင်ရန် လိုအပ်ချက်များနှင့် နိုင်ငံတစ်ဝန်း လမ်းတံတားများ တိုးချဲ့ဖောက်လုပ်မှုနှင့် အဆင့်မြှင့်တင်ရေး လိုအပ်ချက်များကို အဓိက ဆောင်ရွက်သွားရမည် ဖြစ်သည်။JICA နှင့် DICA တို့၏ လေ့လာဆန်းစစ်ချက်အရ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ဒေါ်လာ ၃၂၀ ဘီလျံအနက် ဒေါ်လာ ၁၉၂ ဘီလျံဝန်းကျင်ကို လူနေအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံများတွင် မြှုပ်နှံရန်၊ ဒေါ်လာ ၆၆ ဒသမ ၆ ဘီလျံကို တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးအတွက် အသုံးပြုရန်နှင့် လမ်းတံတားများ နိုင်ငံတကာ အဆင့်မီ အသုံးပြုနိုင်ရန် ဒေါ်လာဘီလျံ ၄၀ ကျော် မြှုပ်နှံရန် လိုအပ်မည်ဟု သုံးသပ်ထားသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသ၌ လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မြှင့်တင်ရန် လိုအပ်ပြီး မြို့ပြဒေသတွင် ကာယလုပ်အားသုံး စက်မှုလုပ်ငန်းကို အဓိကထား ဆောင်ရွက်သင့်ဟု ဂျပန် သံအမတ်ကြီး ပြောကြား
စလင်းမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်