ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စက်မှုဇုန် အင်္ဂါရပ်နှင့် ညီသည့် ဇုန်အသစ်များ ဖော်ဆောင်ရေးနှင့် စက်မှုဇုန် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး ဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ် ၂ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း များစွာ ရရှိရေးအတွက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေးအတွက် စက်မှုဇုန် အသစ်များ ဖော်ဆောင်နိုင်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။“ပထမ အချက်ကတော့ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း များများ ရရှိဖို့ အတွက်ကို ကျွန်တော်တို့ ကုန်ထုတ်လုပ်ငန်းတွေမှာ ဦးစားပေး ဆောင်ရွက်မယ်။ ဦးစားပေး ဆောင်ရွက်တဲ့ အခါမှာ ကုန်ထုတ် လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ရတာ အဆင်ပြေဖို့အတွက် စက်မှုဇုန် အသစ်တွေကို မကြာခင်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေနဲ့ ညှိပြီးတော့ စက်မှုဇုန် အသစ်တွေကို Developer တွေပေါ့။ စက်မှုဇုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးပြီး ဖိတ်ခေါ်သွားဖို့ ရှိပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။“စက်မှုဇုန် အသစ်တွေက ကိုယ်ထူကိုယ်ထ လုပ်ရတာမျိုး မဟုတ်ဘဲနဲ့ Developer တွေက စနစ်တကျ ထူထောင်တဲ့ စက်မှုဇုန်တွေ လိုအပ်တဲ့ ရှိသင့် ရှိအပ်တဲ့ Facilities တွေ အားလုံး ပြည့်စုံတဲ့ စက်မှုဇုန်တွေ သူ့မှာရှိတဲ့ ရေဆိုးစွန့်ပစ်တဲ့စနစ်၊ အမှိုက်စွန့်ပစ်တဲ့ စနစ် စသဖြင့်ပေါ့ ပတ်ဝန်းကျင်ကို ထိခိုက်မှု ဖြစ်နိုင်တဲ့ ကိစ္စမျိုးတွေကို ထိန်းသိမ်းဆောင်ရွက်နိုင်မယ့် စက်မှုဇုန်မျိုးတွေ ဒါမျိုးတွေကို ကျွန်တော်တို့က အရေအတွက်များများ ဆက်လက် အားပေးပြီးတော့မှ ဖိတ်ခေါ်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ စက်ရုံများ တည်ဆောက် လုပ်ကိုင်ခြင်း မရှိဘဲ မြေကွက်ရယူထားသူများကြောင့် မြေကွက်လွတ် များစွာ ရှိနေသည်။ ထို့ပြင် ကုန်ပစ္စည်းများ သိုလှောင်သည့် ဂိုဒေါင်များ အဖြစ် အသုံးပြုမှုများလည်း ရှိနေသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ခုတွင် စက်မှုဇုန်များမှာ မြေကွက် ရယူထားသူများနှင့် စက်မှုလုပ်ငန်း အမှန်တကယ် ဆောင်ရွက်ရန် ရည်ရွယ်ချက် မရှိဘဲနှင့် တစ်ဆင့် ပြန်လည်ငှားရန်၊ သို့မဟုတ် တစ်ဆင့် ပြန်လည်ရောင်းချရန် သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်နှင့် မြေကွက် ရယူထားကြောင်း၊ ယင်းအတွက် စက်မှုမြေကွက်ဈေးများ ဈေးကြီးကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခက်အခဲ ရှိနေပြီး အမှန်တကယ် လုပ်ငန်းလုပ်ဆောင်မည့် သူများအတွက် နစ်နာမှုများ ရှိနေသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စက်မှုဇုန် အင်္ဂါရပ်နှင့် ညီသည့် ဇုန်အသစ်များ ဖော်ဆောင်ရေးနှင့် စက်မှုဇုန် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဦးစားပေး ဖိတ်ခေါ်မည်