လူမှုကွန်ရက်ကြောင့် စည်ကားလာတဲ့ တံတားဦး လမ်းနံဘေးက ရွှေပေါ်ကျွန်း ဆုတောင်းပြည့် ဘုရား

လူမှုကွန်ရက်ကြောင့် စည်ကားလာတဲ့ တံတားဦး လမ်းနံဘေးက ရွှေပေါ်ကျွန်း ဆုတောင်းပြည့် ဘုရား
Published 2 August 2016
သက်ထွန်းအောင် (မန္တလေး)

Facebook ဟာ ယနေ့ခေတ်မှာ လူကြီး လူငယ်၊ ဆင်းရဲချမ်းသာမရွေး အသုံးပြုနေတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Facebook ထဲက သတင်းတွေ၊ ရယ်စရာတွေ ဖတ်ရတာ နှစ်ခြိုက်လှပါတယ်။ တစ်ရက်မှာ ကျွန်တော် Facebook ကြည့်ရင်း သူငယ်ချင်းတစ်ယောက်က တံတားဦးဘက် သွားရင်း ကားလမ်းဘေးမှာရှိတဲ့ ရွှေပေါ်ကျွန်း ဆုတောင်းပြည့်ဘုရားမှာရှိတဲ့ တံတားပေါ်မှာ ဓာတ်ပုံရိုက်ထားတဲ့ပုံတွေ တက်လာခဲ့တယ်။ တံတားပေါ်ထိ ရေတွေရောက်နေပြီး လာလည်တဲ့သူတွေနဲ့ အရမ်းစည်နေတာကို တွေ့ရတော့ ကျွန်တော့်စိတ်တွေက အဲဒီကို သွားချင်စိတ်တွေ ပြင်းပြလာပါတယ်။ဒါနဲ့ ကျွန်တော် ဇူလိုင် ၃၀ ရက်က ရုံးကိစ္စတွေကို အမြန် အပြီးသတ်ပြီး အဲဒီနေရာကိုသွားဖို့ ဆိုင်ကယ်လေးနဲ့ မန္တလေး-စစ်ကိုင်းလမ်းအတိုင်း မောင်းလာခဲ့ပါတယ်။ စစ်ကိုင်းနား နီးလာတော့ လမ်းဘေးဝဲယာမှာ ရေတွေဝင်နေတာကို တွေ့ရတဲ့အပြင် ရေဘေးရှောင်ရန် ယာယီတဲလေးတွေ ဆောက်ပြီး လာနေကြတဲ့ သူတွေရဲ့ တဲလေးတွေကိုလည်း အစီအရီ တွေ့ရပါတယ်။ လမ်းနံဘေးမှာ ထမင်းချက်တဲ့သူက ချက်၊ ယာဉ်တွေ အရမ်းမောင်းနေပေမယ့် လမ်းနံဘေးမှာ အေးအေးဆေးဆေး ထိုင်နေကြတဲ့ သူတွေက ထိုင်၊ အေးအေးဆေးဆေး စကားပြောနေတဲ့ သူတွေက ပြော စသဖြင့် ယာယီတဲမှာ နေထိုင်သူတွေကို တွေ့နေရတယ်။ ကျွန်တော် စိတ်တွေက သူတို့ ဘယ်တုန်းက လမ်းဘေးကို ရွှေ့လာတယ် ဆိုတာကို သိချင်လာတော့ တဲတစ်တဲမှာ ထိုင်နေတဲ့ အသက် ၆၂ နှစ်အရွယ် ဦးလေးတစ်ဦးကို မေးကြည့်ပါတယ်။“ဦးတို့က ဒီလမ်းဘေးကို ရွှေ့လာတာ သုံးရက်လောက်ပဲ ရှိသေးတာပါ။ ရွာမှာ နေတုန်းက ဆိုရင် အိမ်ထဲ ရေဝင်တာ မသိဘူး။ ကုတင်အောက်ကို ဆင်းလိုက်မှ အိမ်ထဲ ရေတွေဝင်နေတာကို သိလိုက်တာ၊ သိသိချင်း အမြန် ရွှေ့လာရတာ” လို့ ပြောပြပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ရန်သူမျိုး ငါးပါးထဲက ရေဘေးဟာ ဒုက္ခကြီးလှပါလားလို့ စိတ်ထဲကနေ ရေရွတ်မိတယ်။ ပြီးတော့ တစ်ဆက်တည်း ယာဉ်တွေကို လမ်းတွေပေါ်မှာ အရှိန်လျှော့မောင်းကြပါလို့ ပြောချင်စိတ်တွေလည်း ပေါ်လာမိတယ်။ လမ်းနံဘေးမှာ နေနေရတဲ့သူတွေ အတွက်ပါ။မေးပြီးတာနဲ့ စစ်ကိုင်းလမ်းအတိုင်း ဆက်မောင်းလာရင်း အင်းဝတံတား (စစ်ကိုင်းတံတားဟောင်း) ကြီးအတိုင်း မမောင်းဘဲ မြစ်ငယ်သွားတဲ့ လမ်းအတိုင်း မောင်းပြီး တံတားဦးသွားတဲ့လမ်းကို ချိုးပြီး ဆက်မောင်းလာခဲ့ပါတယ်။ အချိန်အနည်းငယ် အကြာမှာတော့ ကျွန်တော်လာတဲ့လမ်းရဲ့ တစ်ဘက် အပြန်လမ်းဘေးမှာ ဆိုင်ကယ်တွေ၊ ကားတွေ လမ်းနံဘေးမှာ ရပ်ထားကြတာကို တွေ့ရပါတယ်။ အဲဒီနေရာ အနီးအနားကို သေချာကြည့်လိုက်တော့ ရွှေပေါ်ကျွန်း ဆုတောင်းပြည့်ဘုရားကို အဝေးကနေ လှမ်းမြင်နေရပါပြီ။ လမ်းနံဘေးကနေ တံတားကူးကာ ဆုတောင်းပြည့် ဘုရားဆီကို သွားရတာပါ။ တံတားက နှစ်စင်း ရှိတာကို တွေ့ရပါတယ်။ သစ်သားတံတားနဲ့ သံကြိုးတံတားပါ။ သစ်သားတံတားကတော့ ရေနစ်မြုပ်နေပါပြီ။ သံကြိုးတံတားကတော့ ရေမမြုပ်သေးပါဘူး။ လာလည်တဲ့ သူတွေက ကြိုးတံတားပေါ်မှာ ရေဆော့သူဆော့၊ ဓာတ်ပုံရိုက်သူကရိုက်နဲ့ မြင်နေရပါပြီ။ ကျွန်တော်လည်း ဆိုင်ကယ်ကို လမ်းနံဘေးမှာ ဈေးရောင်းနေတဲ့ တရုတ်ဇီးသီးသည်ဆီ အပ်ထားခဲ့ပြီး  ဖိနပ်ကိုပါ ချွတ်ထားခဲ့ပါတယ်။သံကြိုးတံတားရဲ့ အောက်ခြေကတော့ သံပြားဖြစ်ပြီး ကြိုးက သံမဏိကြိုး ဖြစ်ပါတယ်။ တံတားပေါ်ကဖြတ်ပြီး တံတားပေါ် တက်တက်ချင်း ဘေးမှာတော့ ရွှေပေါ်ကျွန်းကျောင်း ဆရာတော်က သတိပေးထားတဲ့ ရွှေပေါ်ကျွန်းကြိုး တံတားပေါ် ဆိုင်ကယ်မစီးရ။ မဆော့ရ။ အတွဲများ မထိုင်ရဆိုပြီး သတိပေးထားတဲ့ အနီရောင် ဗီနိုင်းစာကို တွေ့ရပါတယ်။ ကြိုးတံတားပေါ် လမ်းလျှောက်ရင်း ရေတွေဟာ ခြေမျက်စိကနေတစ်ဆင့် ပေါင်အထိ ရေတွေရောက်လာတာကို ခံစားရပါတယ်။ ဆုတောင်းပြည့် ဘုရားပေါ်မှာ လူကြီး/လူငယ်တွေ၊ တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေ၊ နိုင်ငံခြား ခရီးသွားသူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။ ဆုတောင်းပြည့် ဘုရားပေါ်မှာ ရေတွေက ဒူးလောက်ထိ ရှိနေပါတယ်။ လာလည်တဲ့ သူတွေက ဘုရားပေါ်မှာ ဓာတ်ပုံရိုက်ကြတာကို တွေ့ရပါတယ်။ ဆုတောင်းပြည့် ဘုရားနဲ့ ပတ်သက်ပြီး “ဒီဆုတောင်းပြည့်ဘုရားက ဘုန်းဘုန်း သိသလောက်က နှစ်ပေါင်း ၃၀၀ ဝန်းကျင်လောက် ရှိပြီလို့ သိရပါတယ်။ သမိုင်း စာအုပ်တွေတော့ မရှိဘူး။ ဘုန်းဘုန်း သိသလောက်ပါ။ ရာဇဝင်တွေတော့ ရှိတယ်။ အရင်က ခြုံပုတ်တွေနဲ့ ပိတ်နေတာ တံတားဦးလမ်း ဖောက်လိုက်တော့မှ ပြင်လည် ပြုပြင်ထားတာပါ။ ဘုရားရဲ့ ပတ်လည်က ရွှေပေါ်အင်းလို့ ခေါ်တယ်။ ရေတွေက နယုန်လဆိုရင် ရေတွေ စဝင်ပြီး တန်ဆောင်မုန်းလလောက်ဆိုရင် ရေတွေ တဖြည်းဖြည်း ကျတယ်။ ဘုရားပေါ်ထိ ရေမဝင်တာ ငါးနှစ်လောက် ရှိပြီ။ ဒီနှစ်မှ ဘုရားပေါ်ထိ ရေဝင်တာ။ အခု ဒီမှာ စည်နေတာက Facebook ကြောင့်ပါ။ စည်တာက သုံးရက်လောက်ပဲ ရှိသေးတာ” ဆိုပြီး ရွှေပေါ်ကျွန်း ကျောင်းထိုင်ဆရာတော် ဦးသြဘာသက မိန့်ပါတယ်။ဘုရားပေါ်တွင် စေတီသုံးဆူ၊ ဓမာရုံတစ်ဆောင်၊ သိမ်တစ်ကျောင်း၊ ကျောင်းဆောင်တစ်ဆောင်ကို တွေ့ရပါတယ်။ အရှေ့မှာတော့ ကျောက်စိမ်းဘုရားကို ရေးရေးလေး မြင်ရပါတယ်။“ဘုရားကနေ အောက်ဆင်းရင် ရေအနက်က ၁၀ ပေ၊ ၁၅ ပေ၊ ပေ ၂၀ ထိ နက်တယ်။ လာရောက်သူတွေ အနေနဲ့ အပျော်လွန်ပြီး ရေမကစားကြဖို့ သတိပေးချင်ပါတယ်” ဆိုပြီး ဘုရားကနေ ရွာဘက်သို့ လှေနဲ့ပြန်နေတဲ့သူ တစ်ဦးက ပြောပြပါတယ်။ဘုရားမှာရှိတဲ့ ထိုင်ခုံ တစ်ခုံမှာ ထိုင်ပြီး ခြေထောက်ကို ရေထဲ ချထားလိုက်တော့ ငါးပေါက်စလေးတွေ၊ လက်တစ်ဝါး အရွယ်ရှိတဲ့ ငါးတွေက အုပ်စုလိုက် ကျွန်တော့်ခြေထောက် ဘေးကနေဖြတ်ပြီး သွားလာနေကြပါတယ်။ဒီမှာလာတဲ့ သူတွေထဲမှာ ကျောက်စိမ်းဘုရားကို ဘုရားဖူးလာရင်း ဝင်ကြသူများကိုလည်း တွေ့ရပါတယ်။ကျွန်တော် စိတ်ထဲမှာတော့ ယခင်က လူသိနည်းခဲ့တဲ့ ဘုရားမှာ လာရောက်သူတွေနဲ့ စည်ကားလာတာဟာ Facebook ရဲ့ စွဲဆောင်ပေးမှုကြောင့်လို့ တွေးနေမိပါတယ်။ ကျေလည်း ကျေနပ် နေမိပါတယ်။ လည်ပတ်သွားလာရတာ ကြိုက်နှစ်သက်သူတွေ အတွက်လည်း လည်ပတ်စရာ နေရာတစ်နေရာ တိုးလာပြီလို့ စိတ်ထဲမှာ ရေရွတ်နေမိပါတော့တယ်။

Most Read

Most Recent