အာဟာရ ကုသိုလ်...

အာဟာရ ကုသိုလ်...
Published 27 July 2016
နှင်းဝေေ၀နွယ်

“အလှူရှင်တွေ လာပြီဟေ့၊ အလှူရှင်တွေ လာပြီ” ဆိုပြီး ဟယ်လ်ပင်ကလေးဆေးရုံရဲ့ စင်္ကြံတစ်ခုလုံး အသက်ခပ်လတ်လတ် အမျိုးသား တစ်ဦးရဲ့ လှုံ့ဆော်မှုကြောင့် ဆေးရုံဝင်းထဲရှိ လူအများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ပြီးနောက် ကားတွေ ဝင်လာရာ လမ်းကို လှမ်းကြည့်ကြပါတယ်။စင်္ကြံတစ်ခုလုံးမှာလည်း အမျိုးသားတွေ၊ ကလေးချီထားတဲ့ အမျိုးသမီးတွေ၊ ဘိုးဘွားတွေ စတဲ့ အရွယ်အစား စုံလင်လှတဲ့ လူတွေက တန်းစီတဲ့ ပုံစံမျိုးနဲ့ ထိုင်နေကြပါတယ်။ အချိန်အားဖြင့် ကြည့်သော် နံနက် ၆ နာရီခွဲပါ။ဆေးရုံထဲကို ကားတွေ အလျှိုလျှို ဝင်လာပြီး ကားပေါ်ကနေ အထုပ်တွေချ၊ အိုးတွေချနဲ့ အလှူရှင်တွေ ပြင်ဆင်နေကြပါပြီ။ အလှူရှင်တွေ ရောက်လာကြတာနဲ့ စင်္ကြံမှာ ထိုင်နေတဲ့ သူတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး စနစ်တကျ တန်းစီလိုက်ကြပါတယ်။အလှူရှင်တွေ လာလှူတာကတော့ အာဟာရဖြစ် ဆန်ပြုတ်ပါ။ ဒီဆန်ပြုတ် အလှူကို အလှူရှင်များနဲ့ ပူးပေါင်းပြီး ရှင်သန်ရေး ကူညီမှု အသင်းကနေ ဦးဆောင် လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။ ဆန်ပြုတ်နဲ့အတူ ကွေကာအုပ်၊ ပေါင်မုန့်၊ မျက်နှာသုတ်ပုဝါ စတဲ့ အရာတွေလည်း ပါဝင်လှူဒါန်းတဲ့ အထဲမှာ ပါပါတယ်။ဆန်ပြုတ်အိုးတွေ ခုံတွေပေါ် တင်ပြီးတာနဲ့ တစ်ပြိုက်နက် “တန်းစီပြီး ယူပေးပါ၊ ကြားဖြတ် မဝင်ပါနဲ့ ခင်ဗျာ” ဆိုပြီး ရှင်သန်ရေး ကူညီမှု အသင်းက Volunteer တစ်ဦးရဲ့ အသံနဲ့အတူ နံနက်ခင်း ဆန်ပြုတ်အလှူကို စတင်လိုက်ပါတယ်။“ကျွန်တော်တို့ ဒီဆန်ပြုတ် အလှူကို ရန်ကုန်ဆေးရုံကြီးမှာ စစချင်း လှူဖြစ်တယ်။ နောက်ပိုင်း အလှူရှင်တွေ ရလာတဲ့ အချိန်မှာ ဆေးရုံတွေကို ခွဲပြီး လှူဖြစ်တယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ လှူတဲ့ဆေးရုံ ကိုးရုံ ရှိတယ်။ တာဝန်ခံတွေ ခွဲပြီး လှူပါတယ်” လို့ ရှင်သန်ရေး ကူညီမှုအသင်းက ဒုဥက္ကဋ္ဌ ကိုမြင့်ဇော်က ပြောပါတယ်။ဒီလို ဆန်ပြုတ် အလှူကို ရန်ကုန်မြို့မှာ ရှိတဲ့ ဆေးရုံကိုးရုံမှာ လိုက်လံ လှူဒါန်းပေးတာ ဖြစ်ပြီး ဒီဆေးရုံတွေကတော့ ရန်ကုန်ဆေးရုံကြီး၊ ခုတင် ၅၀၀ ကျောက်ကပ်ဆေးရုံ၊ အမျိုးသမီးဆေးရုံ၊ ဟယ်လ်ပင်ကလေးဆေးရုံ၊ ဂျကာ၊ သင်္ဃန်းကျွန်း စံပြဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ၊ ကြည်မြင်တိုင် အရိုးဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ ဂန္ဒီဆေးရုံ စတဲ့ ဆေးရုံတွေပဲ ဖြစ်ပါတယ်။ သို့သော် နေ့တိုင်း အလှူရှိတဲ့ ဆေးရုံတွေကတော့ ရန်ကုန်ဆေးရုံကြီး၊ ခုတင် ၅၀၀ ဆေးရုံနဲ့ ဟယ်လ်ပင်ကလေးဆေးရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခြား ဆေးရုံများမှာတော့ တစ်ပတ်၊ ၁၀ ရက်၊ တစ်လဖြင့် လှည့်ကာ လှူဒါန်းမှုများ ပြုလုပ်တယ်လို့ သိရပါတယ်။“ကျွန်တော်တို့က အလှူရှင်တွေ လှူတာကို ကူညီပေးတဲ့၊ စီမံပေးတဲ့ သဘောပါ။ စစတုန်းကတော့ အသင်းကလူတွေ လှူကြတာ။ နောက်ပိုင်းကျတော့ အလှူရှင်တွေ ပေါ်လာတဲ့ အချိန်မှာ အလှူရှင်တွေ လှူချင်တာကို ကျွန်တော်တို့ ချက်ပြုတ်ပေးရတယ်။ ဝယ်ခြမ်းပေးရတယ်။ အလှူရှင်တွေက နိုင်ငံခြားက ရှိရင် ရှိမယ်၊ နယ်ဝေးက ရှိရင် ရှိမယ်။ အဲဒီတော့ အလှူရှင်တွေ မလာဘူး။ ကျွန်တော်တို့ဆီက အင်အားနဲ့ ဝိုင်းဝန်း ကူညီပေးတာပေါ့။ မနက်လှူဖို့ အတွက်ကို ညကတည်းက တစ်ခါတည်း ပြင်ဆင် ချက်ပြုတ်တာပါ” လို့ ကိုမြင့်ဇော်ကပဲ ဆက်ပြီး ပြောပြပါတယ်။ဆေးရုံမှာ နယ်ကနေ ရက်ရှည်ဆေးကုသမှု ခံယူနေရတဲ့ လူနာတွေ၊ လူနာရှင်တွေအတွက် ဒီလို မနက်ပိုင်း ဆန်ပြုတ် အလှူက သူတို့အတွက် ကုန်ကျစရိတ် အနည်းငယ် သက်သာရကြောင်းကိုလည်း “အဘွားတို့က ကြို့ပင်ကောက်က လာတာ။ မြေးက ဒီမှာရက်ရှည်ဆေးရုံ လာတက်ရတော့ မိဘတွေရော၊ အဘွားတို့ကော ရွာက အလုပ်တွေပစ်ပြီး ဆေးရုံ လာစောင့်ပေးရတယ်။ ဆေးရုံ တက်တာ ရက်ကြာလာတော့ အဘွားတို့လည်း စားဝတ်နေရေးအတွက် ခက်ခဲလာတယ်။ မနက်ပိုင်း ဒီကို ဆန်ပြုတ်တွေ၊ မုန့်တွေ လာလှူတော့ မနက်စာအတွက် အဆင်ပြေတာပေါ့။ မနက်ဆို ဒီမှာလာပြီး တန်းစီလိုက်တယ်။ ဒီလိုမျိုး လာလှူကြတော့ အဆင်ပြေတာပေါ့။ ဝမ်းလည်း သာတယ်။ အလှူရှင်တွေလည်း ဒီထက်မက လှူနိုင်ပြီး စီးပွားတွေ တက်ပါစေလို့ အဘွား ဆုတောင်းပေးတယ်” လို့ ကြို့ပင်ကောက်မှာနေတဲ့ အဘွား ဒေါ်ရင်လှက တန်းစီနေရင်းပင် ပြောပြသွားပါတယ်။“ဆန်ပြုတ်ရပြီးရင် အရှေ့ကို လာခဲ့ပါ။ အရှေ့ကို ကျော်လာပါ။ အရှေ့မှာ ပေါင်မုန့်နဲ့ ကွေကာအုပ်တွေ လာယူပါ” ဆိုပြီး အော်သံတွေကလည်း ဆေးရုံစင်္ကြံမှာ ပျံ့နှံ့နေပါတယ်။ဆေးရုံ တစ်ရုံတွင် ဆန်ပြုတ် လာရောက် တန်းစီသူ တစ်ရက်မှာ အယောက် ၂၅၀ ကနေ ၃၀၀ ကြား ရှိတယ်လို့ သိရပါတယ်။ အလှူရှင်တွေကလည်း ဆန်ပြုတ်အပြင် ကြက်ဥပြုတ်၊ ကွေကာအုပ်၊ ကိတ်မုန့် စတာတွေကိုလည်း လှူဒါန်းပေးသေးတယ်လို့ သိရပါတယ်။ဒီလို ဆေးရုံများမှာ ဆန်ပြုတ်များကို လှူဒါန်းဖို့အတွက် ဆေးရုံ တာဝန်ရှိသူများနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ကြောင်းလည်း သိရပါတယ်။ ဆန်ပြုတ်များကို ဆေးရုံတစ်ရုံစီလျှင် သုံးအိုးနှုန်းဖြင့် လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းလိုပါက တစ်အိုးလျှင် ကျပ် ၃၀၀၀၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဆန်ပြုတ်များ ချက်ပြုတ်ရာတွင်လည်း အချိုမှုန့် မသုံးခြင်း၊ ရေသန့်ဖြင့်သာ ချက်ပြုတ်ခြင်း စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ထားတယ်လို့လည်း သိရပါတယ်။ဒီလို ပရဟိတ အလှူလုပ်ခြင်းကို စိတ်ဝင်စားတဲ့ Volunteer တွေ အနေနဲ့ကလည်း စိတ်ပါဝင်စားပြီး လာရောက် ကူညီပေးပါတယ်လို့လည်း ကိုမြင့်ဇော်က ပြောပါသေးတယ်။မြန်မာလူမျိုးတွေက ပရဟိတစိတ် ထက်သန်သူများ ဖြစ်ကြတာနဲ့အညီ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အများပြည်သူတွေကို ကူညီနေတဲ့ ပရဟိတ သမားများကိုလည်း အများအပြား တွေ့ဖူးကြမှာပါ။အခမဲ့ စာသင်ကြားပေးခြင်း၊ ဘိုးဘွားတွေကို ကိုယ်လက်သန့်စင်ပေးခြင်း၊ စွန့်ပစ်ဘိုးဘွားနဲ့ ဒုက္ခရောက်နေသူများကို ကယ်တင်ပေးခြင်း စတဲ့ နည်းလမ်း အမျိုးမျိုးကို ကူညီမှုပေါင်းစုံနဲ့ ကူညီနေကြတဲ့ အထဲမှာမှ ဒီလို အာဟာရဒါနပြုတဲ့ ပရဟိတ အလှူကလည်း မွန်မြတ်တဲ့ အလှူ တစ်ခုထဲမှာ ပါဝင်ပါတယ်။လှူဒါန်းတဲ့ အလှူရှင်များကလည်း လှူဒါန်းတဲ့အလျောက် ပါဝင် ကူညီပေးတဲ့ တာဝန်ခံသူ၊ တာဝန်ရှိသူတွေကလည်း သူတို့ တာဝန်ကို ထမ်းဆောင်ရင်း အလှူရှင်တွေ အလှူဒါန မြောက်အောင် နည်းမျိုးစုံနဲ့ ကူညီပေးနေကြပါတယ်။ဒီလိုပါပဲ အများအကျိုးကို သယ်ပိုးနေတဲ့ ရှင်သန်ရေး ကူညီမှု အသင်း အနေနဲ့ကလည်း ဆေးရုံတွေရဲ့ လူသွားစင်္ကြံမှာ တန်းစီပြီး မျှော်လင့်နေကြမယ့် ပြည်သူတွေရဲ့ မျက်နှာကို တွေးရင်းဖြင့် နံနက် ၇ နာရီ ဝန်းကျင်မှာ ကုန်သွားခဲ့တဲ့ ဆန်ပြုတ်အိုးတွေကို သယ်ရင်း မနက်ဖြန်အတွက် အားသစ်တွေကို မွေးမြူဖို့ ပြန်လည် ထွက်ခွာသွားခဲ့ကြပါတယ်။

Most Read

Most Recent