ပရဟိတ စိတ်မှသည်...

ပရဟိတ စိတ်မှသည်...
ဓာတ်ပုံ-အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း
ဓာတ်ပုံ-အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း
Published 27 July 2016
သဲသီရိကျော်

ဒီကနေ့လို ကိုယ့်တစ်ကိုယ်စာအတွက်၊ ကိုယ့်မိသားစု စားဝတ်နေရေး အတွက်တောင် မနည်း ရုန်းကန်နေကြရတဲ့ ခေတ်ကြီးထဲမှာ တခြားသူတွေရဲ့ အကျိုးအတွက် ကိုယ့်အချိန်၊ ကိုယ့်ခွန်အား၊ ကိုယ့်ငွေ၊ ကိုယ့်လုပ်အားတွေ စိုက်ထုတ်ပြီး တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီတတ်တဲ့ ပရဟိတစိတ် ရှိဖို့ဆိုတာ အတော်ကို မလွယ်ကူတဲ့ ကိစ္စ တစ်ခုပါ။ အဲဒီလို မလွယ်ကူတဲ့ သာမန်လူ တစ်ယောက်မှာ ရှိဖို့ ခဲယဉ်းတဲ့ ပရဟိတစိတ်က ကျွန်မတို့ မြန်မာလူမျိုးတွေ တော်တော်များများရဲ့ ရင်ထဲမှာ ကိန်းအောင်း တည်ရှိနေပါတယ်။ အဲဒီ စိတ်ဓာတ် တစ်ခုနဲ့အတူ အပြန်အလှန် ကူညီမှု၊ အများအကျိုး ဆောင်ရွက်မှုတွေကိုလည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီ လုပ်ဆောင်နေကြတာကိုလည်း တွေ့မြင်ကြရမှာပါ။‘ပရဟိတ’ လို့ ဆိုလိုက်တာနဲ့ တကယ့်ကို ငွေကြေးတတ်နိုင်တဲ့လူတွေ လှူတဲ့ အလှူပွဲကြီး၊ ငွေကြေးမြောက်မြားစွာ ပါဝင် လှူဒါန်းတာကိုပဲ ပြေးမြင်မိတတ်ကြသူတွေလည်း ရှိပါတယ်။ တကယ်တော့ ပရဟိတ လုပ်တယ် ဆိုတာ ကိုယ့်မှာ ပိုလျှံ ပေါများနေလို့ လုပ်တာမျိုး မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတာလေးနဲ့ လိုအပ်နေတဲ့ လူတွေ၊ မပြည့်စုံတဲ့ လူတွေအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီ ဖြည့်ဆည်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်ဆောင်၊ သံဃာတော်၊ သီလရှင်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ် စတဲ့သူတွေကို ကိုယ်ထိုင်နေတဲ့ နေရာလေးကို ပေးလိုက်ခြင်းဖြင့်လည်း ပရဟိတလုပ်တာ ဖြစ်ပါတယ်။ ကိုယ်ထိုင်နေတဲ့ နေရာကို သူများကို ပေးလိုက်တဲ့ အတွက် ကိုယ့်အတွက် မတ်တတ်ရပ်ရလို့ ခြေထောက် ညောင်းပေမယ့် ကိုယ့်ထက် အားနွဲ့သူ၊ ကိုယ့်ထက်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို နေရာပေးလိုက်ရတဲ့အတွက် ကိုယ့်စိတ်မှာ ကျေနပ်ပီတိစိတ်နဲ့ ကုသိုလ် ရရှိပါတယ်။ လမ်းပေါ်မှာ တစ်ယောက်တည်း ဟိုဘက်ကားလမ်းကို ကူးဖို့ မကူးရဲဘဲ ဖြစ်နေတဲ့ အဘိုးအို၊ အဘွားအိုတွေကို တွဲကူပြီး သူတို့သွားလိုတဲ့ လမ်းဘက်ကို ကူးပေးလိုက်တာလည်း ပရဟိတပဲ ဖြစ်ပါတယ်။ လမ်းမကူးနိုင် ဖြစ်နေတဲ့ သူတစ်ယောက်ကို ကူညီ လမ်းကူးပေးလိုက်လို့ ကိုယ်သွားစရာရှိတဲ့ နေရာကို သွားဖို့ အချိန် နောက်ကျကောင်း နောက်ကျနိုင်ပါတယ်။ ငွေကြေးမကုန်၊ ခွန်အားတွေ အများကြီး စိုက်ထုတ် ကူညီစရာ မလိုပေမယ့်လည်း လူတစ်ယောက်အတွက် တန်ဖိုးကြီးမားလှတဲ့ အချိန်တွေထဲက အချိန်တစ်ခုကို ပေးပြီး ကူညီလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်မှာ ရှိတာလေးထဲက စွန့်လွှတ်ပြီး မရှိ ရှိတာလေးနဲ့ သူတစ်ပါး လိုအပ်ချက်ကို ဖြည့်စွက်ကူညီ ပေးနိုင်တာကိုက ပရဟိတစိတ်ပဲ ဖြစ်ပါတယ်။ ‘မရှိလို့ မလှူ၊ မလှူလို့ မရှိ’ မဖြစ်ရလေအောင် ကျွန်မတို့တွေက ကိုယ်မတတ်နိုင်တဲ့ အရာတွေ၊ သူများတွေ လှူသလို သူများတွေ လုပ်သလို မလုပ်နိုင်၊ မလှူနိုင်လို့ ဝမ်းနည်းအားငယ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အမှန်နဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီပေးတတ်ဖို့ပဲ လိုတာပါ။ပရဟိတ အလုပ်တွေကို အစိုးရ အဖွဲ့တွေမှ၊ NGO တွေမှ၊ အဖွဲ့အစည်းတွေနဲ့မှ လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းနဲ့လည်း တစ်ယောက်အားနဲ့ တတ်နိုင်တဲ့ ပရဟိတ အလုပ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ အခု နောက်ပိုင်းမှာ ဆိုရင် လူငယ် ပရဟိတ အဖွဲ့တွေလည်း များပြားလာပါပြီ။ ဟိုးရှေးယခင်ကတည်းက မြန်မာတွေက အလှူအတန်းမှာ ရက်ရောခဲ့ကြတယ်။ တစ်နှစ်တာပတ်လုံး ၁၂ လရာသီ ပွဲတော်တွေနဲ့ ပြည့်နှက်နေသလို အလှူပွဲတွေကလည်း တစ်နှစ်ပတ်လုံး မပြတ်ရှိလို့ နေပါတယ်။ အဲဒီလို ပွဲတော်ရာသီတွေမှာ ကျင်းပတဲ့ စတုဒိသာ အလှူတွေအပြင် အိမ်သစ်ပြောင်းရင်လည်း အိမ်သစ်တက် အလှူပွဲ၊ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်၊ ဘုန်းကြီးဆွမ်းကပ် အလှူ၊ လပြည့်နေ့တွေ၊ အထိမ်းအမှတ်နေ့တွေနဲ့ တခြားသော အလှူပွဲတွေ များစွာကို တစ်နှစ်တာပတ်လုံး ကျင်းပလေ့ ရှိကြပါတယ်။ ငွေကြေးတတ်နိုင်သူတွေကလည်း တတ်နိုင်သလို အလှူပွဲတွေ အကြီးအကျယ် ပြုလုပ်လှူဒါန်းကြပြီး ငွေကြေး မပြည့်စုံသူတွေကလည်း တစ်နှစ်ပတ်လုံး စုဆောင်းလို့ရတဲ့ ငွေကြေးထဲက တချို့ တစ်ဝက်ကို သီတင်းကျွတ်၊ တန်ဆောင်တိုင်လို ပွဲမျိုးတွေမှာ စတုဒိသာ အလှူများ ပြုလုပ် လှူဒါန်းကြတာမျိုးလည်း ရှိပါတယ်။ ဒီလို ပွဲတော်ရာသီတွေမှာ ရပ်ကွက်တိုင်းမှာ စတုဒိသာတွေနဲ့ စည်ကားပျော်ရွှင်စွာ ကျင်းပကြတာလည်း ကျွန်မတို့ မြန်မာတွေပါပဲ။ မြန်မာတွေက ယဉ်ကျေးမှုနဲ့ ဘာသာတရားကို အခြေခံထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အလှူအတန်းနဲ့ ပေးကမ်းရက်ရောမှု အရှိဆုံး နိုင်ငံအဖြစ်လည်း ကမ္ဘာ့နိုင်ငံတွေ အကြားမှာ ထင်ရှားပါတယ်။မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ NGO အဖွဲ့အစည်းတွေ များစွာ ပေါ်ပေါက်ခဲ့သလို လူငယ် အဖွဲ့အစည်းတွေလည်း ပါဝင်ကူညီလာမှု များပြားခဲ့ပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ပါဝင် ကူညီကြကာ လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ နေရာအနှံ့အပြား ရေဘေးဒုက္ခနဲ့ ကြုံတွေ့ကြရတဲ့ အခါမှာလည်း ကိုယ့်နိုင်ငံသူ နိုင်ငံသားချင်း ကူညီ ရိုင်းပင်းရမယ်၊ ကိုယ်တွေ အဆင်ပြေနေပေမယ့်လည်း အဆင်မပြေ ဒုက္ခရောက်နေရတဲ့ သူတွေအတွက် မျက်နှာလွှဲခဲပစ် မနေနိုင်တဲ့သူတွေက သူတို့တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် ကူညီကြပါတယ်။ လူစည်ကားရာ မြို့လယ်ကောင် နေရာတွေမှာလည်း လူငယ်လေးတွေက ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် မရှက်မကြောက် အလှူငွေ ကောက်ခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ရရှိတဲ့ ငွေကြေးနဲ့ ရေဘေးသင့် ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြတဲ့ လူငယ် ပရဟိတ အဖွဲ့အစည်းတွေ များစွာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ ဒါတွေက အင်မတန်မှ မွန်မြတ်လှတဲ့ ပရဟိတစိတ်နဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း ဂီတရန်ပုံငွေ ဖျော်ဖြေပွဲတွေ၊ စာအုပ် ဈေးရောင်းပွဲတော်တွေ၊ ရန်ပုံငွေ ဈေးရောင်းပွဲတွေ ပြုလုပ်ပြီး သူတို့ရဲ့ အနုပညာနဲ့ ရှာလို့ရတဲ့ ငွေကြေးနဲ့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီကြတာကလည်း မြန်မာလူမျိုးတို့ရဲ့ လေးစားဖွယ်ကောင်းတဲ့ ပရဟိတစိတ်တွေပဲ ဖြစ်ပါတယ်။အဲဒီလို ပရဟိတစိတ်နဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်း ကမ္ဘာမှာ မြန်မာက အလှူအတန်းပေးကမ်းမှု အရက်ရောဆုံး နိုင်ငံအဖြစ်နဲ့ သတ်မှတ်ခံရတာပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် World Giving Index အရ မြန်မာနိုင်ငံက အမေရိကန်နိုင်ငံနဲ့အတူ အလှူအတန်း အများဆုံး နိုင်ငံစာရင်း နံပါတ် (၁) နေရာမှာ ရပ်တည်လျက် ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။ ဒီလို အလှူအတန်း အရက်ရောဆုံး နေရာမှာ ကမ္ဘာ့နံပါတ် (၁) နေရာချင်း တူပေမယ့်လည်း အမေရိကန် နိုင်ငံ ဆိုတာက အစစ အရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံကတော့ အဘက်ဘက်က လိုအပ်ချက်တွေနဲ့ ကမ္ဘာ့ဆင်းရဲမွဲတေမှု အမြင့်မားဆုံး နိုင်ငံတွေ စာရင်းထဲမှာ ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ မြန်မာနိုင်ငံက အဘက်ဘက်က အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိပေမယ့်လည်း ပရဟိတ စိတ်ဓာတ်နဲ့ အကူအညီ လိုအပ်နေတဲ့ သူတွေကို ကိုယ်တိုင်က မပြည့်စုံပေမယ့်လည်း တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်းချင်တဲ့ ကိုယ်ချင်းစာနာစိတ် ရှိတဲ့သူတွေ ဖြစ်တယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။အခု နောက်ပိုင်းမှာဆိုရင် မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားပြုစု စောင့်ရှောက်ရေး ဂေဟာတွေမှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေမှာ လုပ်အားပေးကြတဲ့ လူငယ်တွေလည်း များစွာ ရှိလာသလို သွေးလိုအပ်ရင်လည်း ဆက်သွယ် အကူအညီရယူနိုင်မယ့် သွေးလှူအဖွဲ့အစည်းတွေလည်း များစွာ ရှိနေပါပြီ။ ဒါတွေက ပရဟိတစိတ်ကို အခြေခံပြီး လုပ်ဆောင်နေကြတဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။အဲဒီလို အခြေခံကောင်း ပရဟိတစိတ်တွေ နောက်မျိုးဆက် လူငယ်တွေတိုင်းရဲ့ ရင်ထဲမှာ ရှင်သန်ကိန်းအောင်းနေစေဖို့အတွက် လက်ဦးဆရာဖြစ်တဲ့ မိဘ၊ အုပ်ထိန်းသူတွေက စပြီး ဆရာ၊ ဆရာမတွေ လူကြီးသူမတွေက ကလေးတွေကို စနစ်တကျ ပျိုးထောင်ပေးသင့်ပါတယ်။ ဒါမှလည်း အပြန်အလှန် ဖေးမကူညီမှု၊ ကိုယ်ချင်းစာနာစိတ်၊ မေတ္တာတရားတွေနဲ့ ထုံမွမ်းတည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံတွေ အလယ်မှာ ကောင်းသတင်းနဲ့ ထင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်ဆိုတာ ပြောကြားရင်း။

Most Read

Most Recent