သရုပ်ဆောင်၊ ဒါရိုက်တာ သားညီ၏ ငယ်ဘ၀ ဖြတ်သန်းရာ

သရုပ်ဆောင်၊ ဒါရိုက်တာ သားညီ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 21 July 2016
သဲသီရိကျော်

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရကဏ္ဍမှာတော့ သရုပ်ဆောင်၊ ဒါရိုက်တာ သားညီရဲ့ အကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အခုချိန်အထိလည်း ပရိသတ်ရင်ထဲမှာ နေရာယူထားဆဲဖြစ်တဲ့ ကျော်ဟိန်းရဲ့ တူ၊ ဒွေးရဲ့ ညီအရင်းဖြစ်တဲ့ သားညီကအနု ပညာမျိုးရိုးကြောင့် သာမကဘဲ သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် အခုဆိုရင် သူက သရုပ်ဆောင်တစ်ယောက် အဖြစ်ကနေ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည် လာနိုင်ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ သာမကဘဲ မြန်မာရုပ်သံ ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးနေတဲ့ သားညီကို ၁၉၇၇ ခုနှစ် သြဂုတ် ၁၉ ရက်မှာ ရန်ကုန် အမှတ်(၂)စစ်ဆေးရုံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဦးတင်ထွန်းမောင်နှင့် မိခင်ဖြစ်သူ ဒေါ်အေးအေးသင်းတို့ရဲ့ သားသမီး ငါးယောက်အနက် လေးယောက်မြောက် သားတစ်ဦး ဖြစ်ပါတယ်။
“ကျွန်တော့်အဖေက စစ်တပ်က ဆိုတော့ ငယ်ငယ်ကတည်းက အဖေက သူတာဝန်ကျရာ ဒေသတွေကို သွားနေရတဲ့အတွက် ကျွန်တော်တို့တွေနဲ့ အတူနေရတဲ့အချိန်က နည်းတယ်။ အမေနဲ့ကျွန်တော်တို့ မောင်နှမတွေက ရန်ကုန်မှာနေတာများတယ်။ဝန်ထမ်းမိသားစုဆိုတော့ အရမ်းလည်း မချမ်းသာပါဘူး။ ဒါပေမဲ့ အရမ်းကြီး ကျပ်တည်းဆင်းရဲနေတဲ့ အခြေအနေမျိုးတော့လည်း မဟုတ်ဘူး။ သာမန်မိသားစုလေးပါပဲ။ ကိုသားကြီး (ဒွေး)ကတော့ သားအကြီးဆုံးပေါ့။ ကိုသားကြီးနဲ့ ကျွန်တော်နဲ့ဆိုရင် အသက်က ၁၁ နှစ် လောက်ကွာတယ်ဆိုတော့ သူ့ကို အစ်ကိုကြီးတစ်ယောက်လို ချစ်ခဲ့တယ်။ ကြောက်ခဲ့တယ်။ ကျွန်တော့် မိဘတွေနဲ့ ဆက်ဆံရေးက လည်း ပွင့်ပွင့်လင်းလင်းပဲ။ သားသမီးတွေကို ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုပြီး လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးထားပြီးသားပါ” လို့ သားညီက သူ့ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုနဲ့ မိသားစုအကြောင်းကို ပြောပါတယ်။
သားညီရဲ့နာမည်အရင်းက သဲမောင်ဖြစ်ပြီး ကျောင်းသားဘဝမှာ ဖခင်တာဝန်ကျရာ ဒေသတွေကို လိုက်ပါ တက်ရောက်ခဲ့ရတဲ့အတွက် ကျောင်းများစွာ ပြောင်းတက်ခဲ့ရတဲ့ သူက တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ အထက(၂)မင်္ဂလာဒုံ အောင်ဆန်း သူရိယလှသောင်းကျောင်းကနေ အောင်မြင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး ငယ်စဉ်က သူ့ရဲ့ဝါသနာကတော့ လေယာဉ်မောင်းတဲ့သူတစ်ယောက် ဖြစ်ချင်တာလို့လည်း သိရပါတယ်။
“ကျွန်တော်ဖြစ်ချင်တာကို ငယ်ငယ်တုန်းကပြောတိုင်း သူများတွေက ရယ်ကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်က လေယာဉ်မောင်းတဲ့သူ၊ လေယာဉ်တောင် ရိုးရိုးလေယာဉ်မဟုတ်ဘူး။ တိုက်လေယာဉ် မောင်းတဲ့ Fighter Pilot ဖြစ်ချင်ခဲ့တာ။ အဲဒါသာ ဖြစ်ချင်တာ တကယ်တမ်းက ကျွန်တော်က လေယာဉ်စီးရမှာတောင် ကြောက်တဲ့သူမျိုးဆိုတော့ အဲဒီအလုပ်လုပ်ချင်တယ်ပြောတိုင်း ကျွန်တော့်အကြောင်းသိနေတဲ့ သူငယ်ချင်းတွေရော မိသားစုတွေပါ ရယ်ကြတာပေါ့” လို့ သူ့ရဲ့ ငယ်စဉ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တစ်ခုအကြောင်းကို ရယ်ရယ်မောမော ပြန်လည်ပြောပြခဲ့ပါတယ်။
အနုပညာလောကထဲကို ၁၉၉၉ ခုနှစ် မှာ စတင်ဝင်ရောက်ခဲ့တာပဲဖြစ်ပြီး VCD တွေမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်ဖြစ်ရာကနေ သူ့အနုပညာခြေလှမ်းတွေ စတင်ခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။
“အနုပညာလောကထဲကို ရောက်ဖြစ်တာက ၁၉၉၇ ခုနှစ်မှာ ကျွန်တော့် အမေဆုံးတော့ အဲဒီနောက်ပိုင်းမှာ ကျွန်တော်အရမ်းဆိုးခဲ့တယ်။ မူးယစ်ဆေးတွေသုံး၊ ဆေးခြောက်တွေသုံးနဲ့ တော်တော်ကို လေနေခဲ့တာပေါ့။ အဲဒီမှာ ကျွန်တော့်ကို ဒီအတိုင်းထားရင်တော့ ပျက်စီးသွားလိမ့်မယ် အလုပ်တစ်ခုခုတော့ လုပ်ခိုင်းမှ ဖြစ်မယ်။ အလုပ်မှာ အာရုံဝင်စားနေမှ ဒီဘက်ကို စိတ်မရောက် ဖြစ်တော့မယ်ဆိုပြီး ကျွန်တော်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ဦးမြတ်ခိုင်ရဲ့အမျိုးသမီး အန်တီနီနီကနေ ကာရာအိုကေအခွေမှာ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ပေးရာကနေ အနုပညာအလုပ်ကို လုပ်ဖြစ်လာခဲ့တာပေါ့။ နောက်ပိုင်းမှာ VCD တွေကနေ ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင် ဖြစ်လာခဲ့တာပေါ့” လို့ သူက ပြောပါတယ်။
သူပါဝင်သရုပ်ဆောင်ဖြစ်တဲ့ ပထမဆုံး ဗီဒီယိုဇာတ်ကားကတော့ ‘ကိုယ်ထိလက်ရောက် မကျူးကျော်ရ’ ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး အခုချိန်အထိ ရိုက်ကူးပြီးတဲ့ ဇာတ်ကားအရေအတွက် ၄၀၀ နီးပါး ရှိတယ်လို့လည်း သိရပါတယ်။
“ကျွန်တော် အနုပညာအလုပ်တွေ လုပ်နေတာ ဦးကျော်(ကျော်ဟိန်း) သိသွားတော့ ကျွန်တော့်ကို ဇာတ်ကားရိုက်ဖို့ သူကိုယ်တိုင်ပဲ စီစဉ်ပေးခဲ့တာ။ ‘ကိုယ်ထိလက်ရောက် မကျူးကျော်ရ’ ဆိုတဲ့ ဇာတ်ကားကလည်း သူကိုယ်တိုင် ရိုက်ပေးတာပေါ့။ ဦးကျော်က တကယ့်ကို စေတနာထားပြီး သင်ပေးပါတယ်။ ဒါပေမဲ့ သူများတွေထက်စာရင် သူ့တူအရင်းဖြစ်တော့ ထုနှက်ရိုက်၊ အော်ဟစ်ပြီးတော့ကို သင်တာ။ အဲဒီတုန်းက ကျွန်တော်ကလည်း တော်တော်ကို အသုံးမကျတာ။ ဘာမှလည်း မတတ်ဘူး။ ကိုယ့်ဦးလေးတွေ၊ အစ်ကိုတွေက တော်သလောက် ကိုယ်က နည်းနည်းမှကို အဆင်မပြေတာ အဲဒီမှာ ဦးကျော်က အိုက်တင်တွေသင်ရင်း စိတ်မရှည်တော့ ဖိနပ်နဲ့ပါးကို ရိုက်တာလည်း ခံရတယ်။
အဲဒီတုန်းကတော့ ငယ်တဲ့စိတ်နဲ့ ရှက်တာ တွေရော ဒေါသထွက်တာတွေရောပေါ့။သူ့ကိုလည်း အထင်လွဲမိတာမျိုး ရှိတယ်။ ကိုယ့်တူကိုယ့်သားကို ဒီလိုလုပ်စရာလားဆိုပြီး စိတ်ဆိုးခဲ့တယ်။ ဒါပေမဲ့လည်း သူအဲ့ဒီလို သင်ပေးခဲ့လို့လည်း ကိုယ်အခုလို နေရာလေးတစ်ခုနဲ့ ဒီလောကမှာ ရပ်တည်နိုင်ခဲ့တာ။ အခုပြန်တွေးမိတော့ ကိုယ် သူ့စေတနာကို အထင်လွဲမိတဲ့အတွက် နောင်တရတယ်။ ကိုသားကြီး(ဒွေး) ကတော့ ဘာမှကို မပြောတာ။ ကျွန်တော့်ကို လုပ်ချင်ရာသာလုပ်ပြီး ဒီအတိုင်းကို တမင်ပစ်ထားတာ။သင်ပေးလည်း ကျွန်တော်က ကိုယ်လုပ်ချင်ရာ ကိုယ်ပေါက်ကရလုပ်တဲ့ကောင်ဆိုတော့ သူကတော့ စိတ်သိပ်မရှည်ဘူး” လို့ သူက အမှတ်တရ အကြောင်းလေးများကို ပြန်လည်ပြောပြခဲ့ပါတယ်။
သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေရာကနေ ပထမဆုံးအနေနဲ့ ‘ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ’ ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးဖြစ်ခဲ့ရာကနေ နောက်ပိုင်းမှာ ဒါရိုက်တာအနေနဲ့ ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ဆက်လက် ရိုက်ကူး ဖြစ်သွားပါတယ်။
“ဒါရိုက်တာအနေနဲ့အရင်က ကျွန်တော် MTV တွေလောက်ပဲ ရိုက်တာပေါ့။ အဲဒီမှာ ယုန်လေးက ‘ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ’ ဇာတ်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ပေးပါဆိုပြီး ကမ်းလှမ်းလာတာကနေစပြီး ရိုက်ဖြစ်သွားတာပေါ့” လို့ သူက ပြောပါတယ်။
သားညီက လက်ရှိမှာ ဇနီးဖြစ်သူ မဇာခြည်ဝင်းစံ၊ သားဖြစ်သူ မောင်လင်းမာန်တို့နဲ့ အတူတူ ပျော်ရွှင်စွာ နေထိုင်ရင်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရော ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ အနုပညာ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ ဇာတ်ကားများ ရိုက်ကူးနေသလို လာမယ့် သြဂုတ်အတွင်းမှာလည်း Charm ဇာတ်လမ်းတွဲ Season 2 ကို ဆက်လက် ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။
“ ဒါရိုက်တာထက် သရုပ်ဆောင် လုပ်ရတာကို ကျွန်တော် ပိုကြိုက်ပါတယ်။ ဒါပေမဲ့လက်ရှိ ကျွန်တော့် အသက် အရွယ်အနေအထားအရ ဒါရိုက်တာအလုပ်က ပိုသင့်တော်ပါတယ်။ ဒါပေမဲ့ အရင်ကတည်းက မင်းသား နေရာရမှ ရိုက်မယ်ဆိုတဲ့စိတ်မျိုး ကျွန်တော့်မှာ မရှိတဲ့အတွက် ဘယ်လိုအခန်းကဏ္ဍကနေပဲ ဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ်၊ ဟာသပဲဖြစ်ဖြစ် ကျွန်တော့်ကို လာငှားရင် ကျွန်တော် သရုပ်ဆောင်အနေနဲ့ ပါဝင် ရိုက်ကူးသွားမှာပါပဲ။ အခုနောက်ပိုင်း လူငယ်တွေကို ပြောချင်တာက လူငယ်တွေမှာဘဝအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့လို နောင်တတွေ မရစေချင်ဘူး။ အချိန်တွေရှိတုန်းလေး အချိန်တွေကို အလဟဿ မဖြုန်းတီးစေချင်ဘူး။ ကိုယ်တစ်ယောက်တည်း အတွက်တင် မဟုတ်ဘဲ လူအားလုံးကို ဗဟိုပြုပြီး လုပ်ဆောင်စေချင်တယ်” လို့ သူက ပြောပါတယ်။
သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေဆဲဖြစ်တဲ့ သားညီက အနာဂတ်မှာလည်း အနုပညာအလုပ်တွေကိုသာ ပျော်ပျော်ရွှင်ရွှင် ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။

Most Read

Most Recent