မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်၍ ကန့်ကွက်စရာ မရှိဟု တပ်မတော် ပြောကြား

မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးနှင့် ပတ်သက်၍ ကန့်ကွက်စရာ မရှိဟု တပ်မတော် ပြောကြား
Published 20 July 2016

မိုင်ဂျာယန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကို ကန့်ကွက်စရာ မရှိဟု တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။“မိုင်ဂျာယန် အစည်းအဝေးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ခုနက ရှင်းလင်း တင်ပြခဲ့တာ အားလုံး နားလည် သဘောပေါက်မှာ ဖြစ်ပါတယ်။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူး ဆိုတာကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အကြံပေးရုံပဲ ရှိတာပေါ့။ တကယ်လို့ ကျင်းပမယ်ဆိုရင်၊ ဆိုတဲ့ကိစ္စက ဒါနိုင်ငံတော် အစိုးရရဲ့ မူဝါဒနဲ့ ဆောင်ရွက်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါဘူး။ နောက်တစ်ခုကတော့ ဖြတ်သွားရမယ့် ဧရိယာပေါ့။ အစိုးရ ထိန်းချုပ်နယ်မြေတွေထဲက ဖြတ်သွားရင် အန္တရာယ် ကင်းပါ့မလား။ ဒါခုနက ပြောတဲ့ အတိုင်းပဲ ကျွန်တော်တို့တွေ ဘာမှအန္တရာယ် ပေးစရာ အကြောင်းလည်း မရှိပါဘူး။ ဒါအစိုးရရဲ့ မူဝါဒနဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ကူညီစောင့်ရှောက်ပေးဖို့ပဲ ရှိပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။မိုင်ဂျာယန် ဒေသတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ စုံညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်ဖွဲ့ (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ဖြစ်သည်။NCA မထိုးရသေးသည့် အဖွဲ့များမှာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၊ နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ တအာင်း လက်နက်ကိုင် အဖွဲ့ (PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြစ်သည်။

Most Read

Most Recent