New York Film Academy ၏ ကြော်ငြာတွင် ပါဝင်ခွင့်ရခဲ့သူ သရုပ်ဆောင်အလှမယ် ဟန်သီ၏ ငယ်ဘ၀ ဖြတ်သန်းရာ

New York Film Academy ၏ ကြော်ငြာတွင် ပါဝင်ခွင့်ရခဲ့သူ သရုပ်ဆောင်အလှမယ် ဟန်သီ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 14 July 2016
လင်းလင်းခိုင်

၂၀၁၂ ခုနှစ်ကစလို့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာအလှမယ်တွေ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တာ လေးနှစ်တာကာလ ရောက်ရှိလာခဲ့ပါပြီ။ ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေကို မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်လေးတွေက ကမ္ဘာ့အဆင့် ယှဉ်ပြိုင်မှုကတစ်ဆင့် အနုပညာလမ်းကြောင်း အသီးသီးမှာ တိုးဝင်လျှောက်လှမ်းနေတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒီလိုတက်ကြွစွာ လျှောက်လှမ်းနေကြတဲ့ အလှမယ်လေးတွေထဲက ဆယ်ကျော်သက်အလှမယ်လေး ဟန်သီရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အမှတ်တရတွေကို အခုတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။
အလှမယ်ဟန်သီကို ဇူလိုင် ၂၅ ရက် ၁၉၉၇ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးဇော်သက်လွင်နဲ့ ဒေါ်တင်တင်အောင်တို့က မွေးဖွားခဲ့ကြပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး ငယ်စဉ်ဘဝမှာတော့ အရမ်းအေးတဲ့ ကလေးတစ်ယောက်အဖြစ် မိဘများက ပြောကြတယ်လို့ အမှတ်တရ ဆိုပါတယ်။ ကျောင်းပညာရေး အနေနဲ့ကတော့ သူငယ်တန်းကနေ စတုတ္ထတန်းအထိကို အ.မ.က(၂) ကမာရွတ်မှာ တက်ရောက်ခဲ့ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ MISY မှာအထက်တန်းပညာရေးကို ဆက်လက်လေ့လာ ဆည်းပူးခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ငယ်စဉ်ဘဝက စိတ်ကူးအိပ်မက်ကတော့ အင်ဂျင်နီယာတစ်ဦး ဖြစ်ချင်တာပါလို့ ဆိုပါတယ်။
ဟန်သီရဲ့ အနုပညာဝါသနာဗီဇကတော့ ငယ်စဉ်ကတည်းက ပေါ်လွင်ခဲ့သူတစ်ဦးပါ။ မူကြိုကျောင်းသူ ဘဝကတည်းက တိုင်းရင်းသားဝတ်စုံလေးနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးဖြစ်သလို ကျောင်းကပွဲတွေမှာလည်း ပါဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဟန်သီ ၁၄ နှစ်သမီးအရွယ်မှာတော့ အနုပညာအလုပ်တွေကို စတင် လုပ်ကိုင် ဖြစ်ပါတော့တယ်။
“အနုပညာကတော့ ဟန်သီငယ်ငယ်ကတည်းက အရမ်းဝါသနာပါတယ်။ ကျောင်းကပွဲတွေမှာဆိုရင်လည်း ငယ်ငယ်ကတည်းက အရမ်းပါချင်တာမျိုးတွေရှိတယ်။ အသက် ၁၄ နှစ်လောက်မှာတော့ အနုပညာအလုပ်တွေ စလုပ်ဖြစ်ခဲ့တာပါ။ ပထမဆုံးတော့ ပြိုင်ပွဲတွေ စပြိုင်ဖြစ်တယ်။ Miss Face of Myanmar ပြိုင်ပွဲကို ဝင်ပြိုင်တော့ ရွေးချယ်ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အသက်အရမ်းငယ်သေးတော့ ပြိုင်ပွဲဝင်ပြိုင်ခဲ့ပေမယ့် အရမ်းစနစ်တကျလည်း မဟုတ်သေးဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်” လို့ အလှမယ်ဟန်သီက အနုပညာခြေလှမ်းအစကို ဖွင့်ဟခဲ့ပါတယ်။
အလှမယ်ဟန်သီက Miss Face of Myanmar ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက်မှာတော့ ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Superanational ပြိုင်ပွဲကို မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၇၀ လောက် ပါဝင်ယှဉ်ပြိုင်တဲ့အထဲက အာရှကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ရွေးချယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ကြော်ငြာနဲ့အလှ ဓာတ်ပုံတွေ လက်ခံရိုက်ကူးခဲ့ပြီး ပထမဆုံး တစ်ကိုယ်တော်တေးစီးရီးခွေကိုလည်း စတင်ထုတ်ဝေခဲ့ပါတယ်။
အနုပညာလောဘကြီးသူဟန်သီက ရုပ်ရှင်အနုပညာနဲ့ ပတ်သက်လို့ စနစ်တကျ သင်ယူလိုတာကြောင့် New York Film Academy မှာ ပညာဆက်လက်ဆည်းပူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်ကြာ ပညာဆည်းပူးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့တော့ ဟန်သီက “ရုပ်ရှင်ပညာနဲ့ပတ်သက်လို့ စနစ်တကျ တတ်မြောက်ချင်တဲ့အတွက် New York Film Academy မှာ ကျောင်းဆက်တက်ဖို့ ရွေးချယ်ဖြစ်သွားတာပါ။ သင်ယူရတဲ့အပိုင်းကတော့ အများကြီးပါပဲ။ acting ပိုင်းရော directing ပိုင်း၊ scriptwriting ပိုင်းတွေပါ လေ့လာသင်ယူရပါတယ်။ နည်းပညာပိုင်းဆိုင်ရာမှာအတွေ့အကြုံကောင်းတွေ အများကြီးရခဲ့သလို အခြားလူမှုဆက်ဆံရေးအပိုင်းကအစ အများကြီး လေ့လာသင်ယူခွင့် ရခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဟန်သီက New York Film Academy မှာ ပညာသင်ကြားနေစဉ် ကာလမှာပဲ ကျောင်းရဲ့ ကြော်ငြာရိုက်ကူးဖို့အတွက် သရုပ်ဆောင် သင်တန်းသား သင်တန်းသူတွေထဲက နှစ်ဦးရွေးချယ်ရာမှာ တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ဓာတ်ပုံဆရာရဲ့ ကမ်းလှမ်းမှုနဲ့လည်း အလှဓာတ်ပုံတွေ ရိုက်ကူးခဲ့ရပါတယ်။ နိုင်ငံတကာ အနုပညာအေဂျင်စီတချို့ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိခဲ့ပေမယ့် နောက်ပိုင်းမှသာ စဉ်းစားဖြစ်မယ်လို့ဆိုပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူပါ။
အနုပညာဝါသနာကြီးသူ အလှမယ်ဟန်သီက ဆယ်ကျော်သက်အရွယ်ဆိုပေမယ့် ပရဟိတအလုပ်တွေမှာလည်း အားတက်သရော ပါဝင်လုပ်ဆောင်နေပါတယ်။ အလှမယ်တစ်ယောက် မဖြစ်ခင်ကတည်းကကို ပရဟိတ အလုပ်တွေမှာ ပါဝင်လုပ်ဆောင်ဖြစ်သလို မေတ္တာသင်္ဂဟအဖွဲ့ရဲ့လှူဒါန်းကူညီမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့ အမြင်အာရုံချို့တဲ့သူတွေအတွက် အကျိုးရှိစေမယ့် စာပေတွေကိုဖတ်ကြားရင်း အသံလှူဒါန်းဖို့အတွက် စီစဉ်ထားတယ်လို့သိရပါတယ်။
ဒီတစ်ပတ်မှာဖတ်ရှုခဲ့ကြရတဲ့ ဟန်သီရဲ့ငယ်ဘ၀ ဖြတ်သန်းမှုကတစ်ဆင့် ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ရဲ့ဝါသနာအိပ်မက်ကို ကြိုးစား အကောင်အထည်ဖော်မှုတွေ၊ ယုံကြည်ရာခရီးလမ်းကို စိတ်ဇွဲအပြည့်နဲ့ လျှောက်လှမ်းနေတာတွေ၊ တနိုင်တပိုင် ပရဟိတအ လုပ်တွေကို ကြိုးစားလုပ်ကိုင်မှုတွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။လူငယ်တိုင်းမှာ စိတ်ကူးအိပ်မက်တွေနဲ့ ခွန်အားသတ္တိတွေ အပြည့်အဝရှိနေတာကိုလည်း ခံစားရရှိမယ်လို့ ထင်ပါတယ်။

Most Read

Most Recent