ရက်တစ်ရာသတင်းနှင့် စကားတွေ

ရက်တစ်ရာသတင်းနှင့် စကားတွေ
Published 9 June 2016
ဖိုးလမင်း (ဆင်ဖြူကျွန်း)

ကျောင်းအပ်နှံရေးက တကယ်ပဲ ပျော်ရွှင်စရာ ကောင်းပါတယ်။ အရင်ကတော့ ဒီနေ့မှာ ကျောင်းအုပ်နဲ့ အတန်းပိုင်ဆရာများ ပျော်တဲ့နေ့ပေါ့။ မိဘအများဟာ ဒီနေ့ရောက်တော့မယ်ဆိုရင် စိတ်မချမ်းသာကြရပါဘူး။ အခုတော့ ငွေမလို ကျောင်းသုံးပစ္စည်းများပင် ရသေးဆိုတော့ ပျော်စရာပဲဗျာ။ ရှေးရှေးခေတ်တုန်းကတော့ ပျော်စရာကောင်းတာ မသိကြရဘူးလေ။ ကျောင်းမှာအပ်နှံတာက တစ်ကြိမ်တည်း။ နှစ်တိုင်း ကျောင်းသားသစ်နဲ့ ကျောင်းပြောင်းတာပဲ အပ်နှံကြရတာပါ။ ခုကတော့ တစ်နှစ်တစ်ခါ ကျောင်းထုတ်လို့များ နှစ်တိုင်း အပ်နေရလေသလား မသိ။ ပြီးတော့ ကျောင်းအပ်နှံရေးက ပွဲတော်ကြီးဘဲလား မသိ။ ထားပါတော့ အစိုးရက အပြတ်ရှင်းဖို့ ဆရာဆရာမတွေ လခ နှစ်သိန်းကြီးများတောင် ထပ်ဆောင်းပေးတယ်။ သိကြရတာကတော့ ကောင်းကောင်းသင်ကြဖို့နဲ့ ကျူရှင်ပြဿနာပဲ ထင်ပါရဲ့။ ပရဟိတ ကျောင်းတချို့လည်း ရှိခဲ့ကြတယ် မဟုတ်လား။ သူတို့ဆီသွားအပ်ကြရတာ၊ အတန်းကျောင်းတွေမှာ စာကောင်းကောင်း မသင်ကြလို့ဆိုပဲ။ ပြီးတော့ တတ်ချင်ရင် ကျူရှင်သွားကြဖို့ပါပဲလေ။ ကျူရှင်ကတော့ မိဘတွေ ခေါက်ရိုးကျိုး နေကြပြီလေ။ သူတို့သားသမီး မျက်နှာ မငယ်စေချင်တာ အဆင့်လေး ကောင်းကောင်းရချင်တော့ အတန်းပိုင်ထံ ထားချင်ကြတာကလား။ အင်း ကာတွန်းတစ်ခုမှာတော့ ဆရာမနှစ်ယောက် ပြောနေကြတာ “ငါကတော့ သင်ရမှာပဲ။ ငါဒီနေရာရဖို့ ရင်းထားခဲ့ရတာ”ဆိုပဲ။
ဆင်းရဲတွင်းထဲက လူတွေအတွက် ‘ထိ’ တယ်ဗျို့။ မကြာခင် ဆုငွေသိန်းတစ်သောင်း ဆိုပဲ။ အဲဒါလောက်ဆိုတော့ ဟုတ်လောက်ပါရဲ့။ မင်းတုံးဘုရင်တို့ ခေတ်လောက်ထိ သိ တယ်ဟုတ် မွဲကုန်ကြပုံတွေ ပြောမကုန်နိုင်ဖြစ်ခဲ့ကြရ။ တကယ် ဆင်းရဲသားတွေအတွက်ဆို အစိုးရက ‘၄၀’ ရာခိုင်နှုန်း မယူသင့်ပါဘူး။ အတတ်နိုင်ဆုံး အစိုးရ လျှော့ယူသင့်တယ်ဗျာ။ အင်္ဂလိပ်ခေတ်မှာတစ်စောင် ၂ ကျပ်ဆု က တစ်သိန်းနဲ့တွက်ရင် ရွှေတစ်ကျပ်သား ငွေဒင်္ဂါးရှစ်ပြား။ တစ်သိန်းဆိုတော့ ရွှေ ၁၀၀၀၀ ကျော်လေဗျာ။ ထီလက်မှတ်က ဘယ်အချိန် ဘယ်နေရာမဆို နှစ်ကျပ်ပဲ။ ခု ဘယ်လောက်ဖြစ်မလဲမသိရပေမယ့် ဒီအရင် ကတော့ ၂၀၀ သတ်မှတ်တာ ၃၀၀ ပေးနေရ တာပဲ။ ဒီလိုအစိုးရဆီမှာတောင် ဈေးကြီးနေရင် ကုန်ဈေးနှုန်း သူတို့ဘယ်လိုချမှာလဲ လို့လည်း စိုးရိမ်နေကြသတဲ့ဗျို့။
အကုသိုလ်ဆိုတာ ဖုံးကွယ်လို့ရတဲ့ အမျိုးမဟုတ်ဘူး။ အချိန်တန်တော့ ပေါ်တော့တာလေဗျာ။ အစိုးရသစ်လက်ထက် ပြောလာကြတာ နည်းမှမနည်း။ လာပါလိမ့်မယ်လို့ပဲ ဆိုချင်သဗျာ။ ကျောက်မျက်ငွေကိစ္စ ပေါ်လာတာ စိတ်ဝင်စားကြသဗျာ။ လူတွေ လောဘသားတွေ မဟုတ်လား။ ငွေတွေ များများကြီး မြင်လေ ရပိုင်ခွင့်ရှိတဲ့သူတွေ လောဘသတ်နိုင်ရင်တော့ အကောင်းသား။
အရင်အစိုးရ လက်ထက်မှာ တစ်ဦးတစ်ယောက် မဟုတ် အဖွဲ့နဲ့ အရေးကြီးနဲ့ ငွေရေးကြေးရေး ကိစ္စတွေကို ဆုံးဖြတ်တယ် ဆိုပါတယ်။ဆုံးဖြတ်ချက်ကတော့ အဖွဲ့က ထုတ်တာ အမှန်ပါပဲ။ ဆုံးဖြတ်ပုံကတော့ အကြီးအကဲ ပြောသမျှ ဆုံးဖြတ်ရတာပါ။ အကြီးအကဲကလည်း ဘယ်သူဖြစ်မယ် ထင်ပါသလဲ။ အစိုးရသစ်ဆိုပေမယ့် အုပ်ချုပ်ရေး ယန္တရားက ထားခဲ့ပြီးသား အတိုင်းပါ။ တစ်တိုင်းပြည်လုံး အကြီးအကဲအားလုံး ဌာနတွေရဲ့ ထိပ်ပိုင်းအားလုံးက လက်ရှိဖွဲ့စည်းပုံ ဥပဒေနဲ့အတူ ထားခဲ့တဲ့ ယန္တရားပဲလေ။ မှားတာ မှန်တာထား။ ခုစိတ်ဝင်စားမှု ဖြစ်နေကြတာက ဆုံးဖြတ်ဖို့ရှိလာရင် စုံစမ်းစစ်ဆေးမယ့် အရေးယူ ဆောင်ရွက်ကြမယ့်သူတွေက အရေးယူရမယ့် လူတွေကို လုံးဝမကျော်နိုင်တဲ့သူတွေ ဖြစ်ကြလို့ပါပဲ။ အင်း ... ပြောကြ ဆိုကြ စကားတွေက ဖြစ်ပေါ်လာလို့ ဒီလူတွေ တကယ်စစ်မယ်ဆိုရင် အစစ်ခံရမယ့် လူတွေနဲ့တွေ့ရင် သတိဆွဲခိုင်း ပါးရိုက် လွှတ်လိုက်ကောင်း လွှတ်လိုက်လေမလားလို့ စိုးရိမ်မိပါရပါသေးတယ်။
တိုင်းပြည်ရဲ့ သစ်တောသယံဇာတ အရပ်ထဲမှာတော့ ရာခိုင်နှုန်း ၂၀ တောင် မရှိတော့ပါဘူးလို့ ဆိုကြသဗျာ။ တာဝန်ရှိအဖွဲ့တွေကတော့ ရာခိုင်နှုန်း ၅၀ နီးပါးနဲ့ ၄၂ ရာခိုင်နှုန်း ပြောကြပါတယ်။ အဲဒီအခြေအနေရောက်မှ ပြောကြဆိုကြ နောက်ဆုံး သစ်ထုတ်တာရပ်မယ်။ သစ်လုပ်ငန်းကိုလည်း ဖျက်ကြတော့မယ်လို့ဆိုကြပြီလေ။ အနည်းဆုံးကတော့ ရာခိုင်နှုန်း ၅၀ သစ်တောတွေ ကွယ်ပျောက် နေတာ သေချာပါတယ်။ ဘာဖြစ်လို့ ၁၀ ရာခိုင် နှုန်း၊ ရာခိုင်နှုန်း ၂၀ လောက် ဆုံးရှုံးတုန်းက ကြီးကြီးကျယ်ကျယ် မပြောကြတာဟာလည်း မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။
မေလ ၁၄/၁၅ ရက်မှာ ထူးထူးကဲကဲ အလုပ်ရုံဆွေးနွေးပွဲကြီး သစ်တောအဖွဲ့တွေ လုပ်ခဲ့ကြပါတယ်။ ပထမဆုံး အကြီးအကျယ် ဆုံးဖြစ်တယ်ဆိုတာကြပါရဲ့။ ပထမဆုံးနေ့ နံနက်ပိုင်းမှာ စာတန်း ခုနစ်စောင် ဖတ်ကြားခဲ့တယ်။ စာတန်းတွေကလည်း ကောင်းကြကြောင်း ချီးကျူးကြပါရဲ့။ စာတမ်းတစ်စောင် မိနစ် ၂၅/၃၀ လောက် အချိန်ပေးပြီး ဆွေးနွေးဖို့ ၁၅ မိနစ်လောက်ကိုပဲ လူ ၂၀၀ လောက်တက်တဲ့ ဒီဆွေးနွေးပွဲမှာ အလုအယက် ဆွေးနွေးကြရတယ်လို့လဲ ဆိုပါတယ်။ သဘာဝတိ ရှင်းလင်းရတာနဲ့ ဆွေးနွေးမယ့်လူတိုင်း တိုတိုပြောဖို့ သတိပေးသံများဟာလည်း ညံနေပါရဲ့။ သစ်တောမှ မရှိတာ သစ်ထုတ်တာ ရပ်ရမှာ စဉ်းစားဖို့ကို မလိုပါဘူး။
အင်္ဂလိပ်ထံက လွတ်လပ်ရေးယူခဲ့တုန်းကလည်း သစ်တောဌာနနဲ့ သစ်လုပ်ငန်းဆိုပြီး နှစ်ဖွဲ့ တစ်ခါတည်းဖွဲ့ပြီး ဆောင်ရွက်ခဲ့ပါတယ်။ သစ်တောဌာနက ထိန်းသိမ်း ပြုစု ကာကွယ်ဖို့၊ သစ်တောဥပဒေနဲ့ပါ ဆောင်ရွက်ခဲ့ပါတယ်။ သစ်တောတွေ ပြည်သူပိုင်လုပ်၊ သစ်ခုတ်ရာမှာ အင်္ဂလိပ်က ဆောင်ရွက်ခဲ့တဲ့ နည်းစနစ်၊ နှစ်သုံးဆယ်ခုတ်ပတ်၊ လုံးပတ် သတ်မှတ် ရွေးချယ် ခုတ်လှဲခွင့်ပေးတဲ့ စတဲ့ သစ်တောစနစ်အတိုင်း ဆောင်ရွက်ကြရမှာဖြစ်ပြီး လက်နက်ကိုင်အချို့နဲ့ အိန္ဒိယက ၁၉၀၂ ခု သစ်တောဥပဒေအတိုင်းနဲ့ သစ်တောကို စနစ်တကျ ကြိုးဝိုင်းဖွဲ့ပြီး ဆောင်ရွက်ခဲ့ကြရပါတယ်။
သစ်လုပ်ငန်းကတော့ အဖွဲ့ဖြစ်ပြီး သစ်ထုတ်ဖို့ပါပဲ။ သစ်ထုတ်ရာမှာ ပုဂ္ဂလိကကို လုံး၀ ပါဝင်ခွင့် မပေးပါဘူး။ အင်္ဂလိပ်ကုမ္ပဏီလေးခု၊ ဘုံဘေဘားမားစတီးဘရားသား၊ မက္ကရိကာ၊ တီဒီဖင်လေနဲ့ မြန်မာကုမ္ပဏီဦးဘအိုကို ပြည်သူပိုင်သိမ်း သစ်လုပ်ငန်းနဲ့ သစ်ထုတ်ရမှာပါ။ ပထမပိုင်းမှာ ကျွန်းသစ်ကိုသာ အဓိကထုတ်ခဲ့ပါတယ်။ သစ်ထုတ်ပြီး နိုင်ငံခြားရောင်းနဲ့ ပြည်တွင်းသုံးဖို့ ဖြစ်ပါတယ်။ သစ်ထုတ်တာအပြင် ခွဲစိတ်တာလည်းပါပြီး တစ်ပြည်လုံး ဆောင်ရွက်ခဲ့ရပါတယ်။
အဓိက သစ်ထုတ်ပုံက ကြိုက်ရာသစ်ခုတ်ရတာ မဟုတ်ပါဘူး။ သစ်တောဌာနက ကျွန်းဆိုရင် သင်းသတ်၊ သစ်မာဆိုရင် မှတ်တံဆိပ် သစ်ပင်ရိုက် သတ်မှတ်ပေးတဲ့ သစ်ကိုသာ ထုတ်ရပါတယ်။ လုံး၀ တခြားသစ် မထုတ်ရပါဘူး။ ဒါဟာ အဓိက ထာဝရ သစ်တောကြီး ရှင်သန်ကြီးထွားပြီး ထုတ်သင့်တဲ့ အတိုင်းအတာတွင်းကသာ နည်းစနစ်နဲ့ ထုတ်စေတာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးဟာ စတုရန်းမိုင် (၂၆၁၇၅၉) ရှိပြီး အင်္ဂလိပ်က စတုရန်းမိုင် (၁၄၉၈၉၈) ကို သစ်တောကြိုးဝိုင်း ပြဋ္ဌာန်း သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ “၅၇”ရာခိုင်နှုန်း ဒီနိုင်ငံမှာ သစ်တော ဖုံးလွှမ်းတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့် ကြိုးဝိုင်းမဖြစ်တဲ့ တောနဲ့ဆို ရာခိုင်နှုန်း ၆၀ မှ ၇၀ ရှိမယ်လို့ဆိုရမှာပါ။ အင်္ဂလိပ်ကို ကျေးဇူးတင်ရမှာက မြန်မာပြည်သိမ်းခဲ့တာ သစ်လိုချင်တာ ပါခဲ့ပေမယ့် သစ်တောကို မဖျက်ဆီးခဲ့ဘဲ စနစ်တကျ သစ်တောထိန်းသိမ်း ပြုစုခဲ့ရာ စနစ်ကောင်းလွန်းလို့ ချီးမွမ်းကြရမှာပါ။ စစ်အစိုးရ ရှေ့ပိုင်းတစ်ခုလုံးမှာလည်း ခေါင်းဆောင်ကြီးတွေ အနိုင်နိုင်ငံမှာ ဒီစနစ်အတိုင်း ဆောင်ရွက်နေလို့ တောတွေ မလျော့ပါးဘဲ ရှိပါတယ်လို့ အကြိမ်ကြိမ် ကြေညာခဲ့ကြပါတယ်လေ။
ခုတောတွေပြောင်ပြီဆိုတော့ ဒီစနစ်ကောင်းလို့လား သစ်ထုတ်ရာမှာ ဒီစနစ် မဟုတ်တော့လို့လား မေးကြရတော့မှာပါ။ သစ်တွေကပြောင်ပြီဆိုတော့ သစ်လုပ်ငန်းက အထင်အရှား သစ်ထုတ်တယ် မဟုတ်လား၊ သစ်လုပ်ငန်းက သစ်တွေခုတ်တာကြောင့်လား မေးစရာပါ။ သစ်လုပ်ငန်းကတော့ သစ်တောဌာနက သတ်မှတ်ပေးတဲ့ အပင်များသာ ခုတ်လှဲရပါတယ်။ မသတ်မှတ်တဲ့ အပင်ခုတ်ရင် သစ်တောဥပဒေအရ အရေးယူကြရမှာပါ။ သစ်လုပ်ငန်းဌာနကို လွတ်လပ်ရေးရတဲ့နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်ပိုင် အဖွဲ့အစည်းစစ်စစ် ဖြစ်ပါတယ်။ သစ်လုပ်ငန်း ဖွဲ့စည်းပုံက သစ်လုပ်ငန်းဥက္ကဋ္ဌနောက် ဦးဆောင်ညွှန်ကြားရေးမှူးက သစ်တောဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြပါတယ်။ သစ်တောစည်းကမ်းကို တစ်သဝေမတိမ်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီခေတ် တစ်ဝက်လောက်မှာတော့ ဦးဆောင်ညွှန်ကြားရေးမှူး အဆင့်ကို တော်လှန်ရေး ကောင်စီဥက္ကဋ္ဌကသာ ခန့်ထားရတာဖြစ်လို့ ဥက္ကဋ္ဌကြီးက သူနဲ့ တင်းနစ် ကစားဖက် အငယ်တန်းမန်နေဂျာအဆင့် ဝန်ထမ်းတစ်ဦးကို သစ်လုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် စတင်ခန့်ထားခဲ့ပါတော့တယ်။ ရှင်းပါတယ်။ သစ်တောလုပ်ငန်းကို ဆောင်ရွက်ဖို့ထက် သူလိုတာ ခိုင်းဖို့အတွက်ပဲ ဖြစ်ဖို့ပါပဲဗျာ။ ခေါင်းဆောင်မှု ပျက်သုဉ်းခဲ့ပြီး နိုင်ငံတော်အတွက် ငွေမတရား လိုလာတာကြောင့် တစ်နှစ်မှာ နှစ်စဉ် သတ်မှတ်ထားတဲ့ ကိန်းထက် သစ်ပိုထုတ်ရန် ဖြစ်ပေါ်လာသည်ကို သစ်တော သစ်လုပ်ငန်း ဆောင်ရွက် ကြရပါတော့တယ်။ သစ်လုပ်ငန်းအတွက် နောင်မှာရည်မှန်းချက်ပေးပြီး ထုတ်ခဲ့ကြရာမှာ တစ်နှစ်မှာ ရည်မှန်းချက် နှစ်ဆအထိ တိုးသတ်မှတ်ပေးပြီး ထုတ်စေခဲ့ပါတယ်။ နိုင်ငံခြားငွေ ရှာဖွေ ကြိုးပမ်း သစ်လုပ်ငန်းဆိုပြီး တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေ ဒုတိယအမြဲရှိပြီး တစ်ခါတစ်ရံ ပထမပင် ရောက်ခဲ့ရာမှာ ချီးကျူးပြောဆိုကြပေမယ့် ဝမ်းမသာနိုင်ကြပါဘူး။ နောက်တစ်ဆင့်ကတော့ သစ်လုပ်ငန်းဘတ်ဂျက်များ များစွာ လျော့နည်းလာသဖြင့် သစ်ထုတ်ရန် အခက်အခဲ များစွာဖြစ်ပေါ်ခဲ့ပြီး ရသမျှ နိုင်ငံခြားနဲ့ ပြည်တွင်းဝင်ငွေများကိုလည်း အစိုးရထံ အပ်နှံရတော့ သစ်ထုတ်လုပ်ရေး နည်းစနစ်ကို ပြောင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါကတော့ ပုဂ္ဂလိကများနဲ့ ပူးတွဲ သစ်ထုတ်ခဲ့ကြရ ခြင်းပါပဲ။
သစ်တောသယံဇာတ အလုပ်ရုံဆွေးနွေးပွဲကတော့ အတော်လေး ဆွေးနွေးစရာ များလှပါတယ်။ သစ်ထုတ်ခြင်း ရပ်ဆိုင်းမလား၊ လျှော့ထုတ်မလား၊ အကန့်အသတ်နဲ့ ထုတ်မလား ဆွေးနွေးမှုများ ပြင်းထန်လှပါတယ်။ အပြင်ဘက်မှာတော့ သစ်လုပ်ငန်းတစ်ဖွဲ့လုံးပင် ဖျက်တော့မလိုလို။ သစ်လုပ်ငန်းမှ တိုင်းတာဝန်ခံတစ်ဦး တစ်ချိန်မှာ ဒီလိုဖြစ်လာရင် သစ်လုပ်ငန်းကတော့ ပျက်ပြီ။ သစ်တောကတော့ စိုက်ဖို့လိုနေဦးမှာလို့ ဆိုခဲ့တာလည်း သတိရစရာ။ အမှန်တော့ ဒီလူတွေဟာ တောထဲရင်းနှီးပြီးသားတွေ ဖြစ်လို့ သူတို့ကို ပြန်အသုံးချပြီး သစ်တော ပြန်လည်ပြုစုရရင် သိပ်ကောင်းမယ်လို့လည်း ဆိုကြပါတယ်။
စာတမ်းတစ်ခုမှာ သစ်တောများ ပျက်စီးတာမှာ သစ်လုပ်ငန်းက ၃ ဒသမ ၅ ရာခိုင်နှုန်း ထင်းမီးသွေးက ၈၉ ဒသမ ၅ ရာခိုင်နှုန်းဆိုတော့ သစ်တော ပြန်လည်ပြုစုရေးမှာ သစ်လုပ်ငန်းဟာ ဘာမှ မပြောပလောက်ပါလား။ ကိုယ်စားလှယ်တစ်ဦးက ‘လိုင်းကြေး’ ဆိုတာ ရှိတယ်။ တစ်တိုင်းပြည်လုံး ဖျက်ဆီးနေတာပါပဲ။ သစ်တောအများဆုံးဖြစ်ပါမယ်။ သစ်လုပ်ငန်း အခြေတည်ပြောရမှာ တစ်ခါက အစည်းအဝေးတစ်ခု ကွဲပြဲ ငုံ့ခံလာရရှာတဲ့ လူတစ်ဦး စိတ်မထိန်းနိုင်တော့ နိုင်ရာအိမ်က ခွေးမကြီးပဲ ကိန်ခနဲ ကန်ချ လိုက်တော့တာလိုပဲ ရှိတော့မှာပါ။