စဉ်းစားဉာဏ်

စဉ်းစားဉာဏ်
Published 7 June 2016
မြေနီသစ္စာ

စဉ်းစားဉာဏ်သည် လူ၏ ပထမ အလုပ် ဖြစ်၏။ စဉ်းစားဉာဏ်သည် တွေးခေါ် မြော်မြင်မှုကို ပြု၏။ အပျက် မဖြစ်ရန် ကြိုတင် တား၏။ အပြု ကိစ္စကို ရှေးရှု၏။ စဉ်းစားဉာဏ်ကို နေရာတိုင်း လိုလိုမှာ သုံးရ၏။ စဉ်းစားဉာဏ်ကြောင့် လူတွင် တိုးတက်မှု ဖြစ်ထွန်းရ၏။ဥပမာ-စာရေးဆရာသည် ဆောင်းပါး တစ်ပုဒ် ရေး၏။ သတင်းစာတိုက်သို့ ကိုယ်တိုင်ပို့ဖို့ လို၏။ သတင်းစာတိုက်သို့ မြို့ပတ်ရထားဖြင့် လည်းကောင်း၊ ကားဖြင့် လည်းကောင်း သွား၍ ရ၏။ ရထားက နည်းနည်း ပိုဝေး၏။ ကားလမ်းက အတန်ငယ် နီး၏။ ကားဖြင့် သွားလျှင် မြန်မြန်ရောက်မည့် သဘောပင်။ သို့သော် ကားလမ်းက နံနက်ပိုင်းမှာ အပိတ်အဆို့ များ၏။ ကျပ်၏။ ထို့ပြင် ကားတို့ များစွာ ပိတ်ဆို့နေ၍ သတင်းစာတိုက် ရောက်ရန် နာရီဝက်မျှ ပို၍ ကြန့်ကြာ၏။ မှားသွားသည် ဆိုစေဦး အမှားကို သိလျှင် အမှန်ကို ပြင်ပေးနိုင်၏။ယင်းကြောင့် စာရေးဆရာသည် မြို့ပတ်ရထားနှင့် သွားရန် ဆုံးဖြတ်လိုက်၏။ မြို့ပတ်ရထားနှင့် သွားလျှင် ကားလမ်းမှာလို ကားတွေ အပိတ်အဆို့ မရှိ၍ ပုံမှန် ရောက်၏။ သို့သော် သတင်းစာတိုက် ရှိရာသို့ နည်းနည်းမက လမ်းလျှောက်ရ၏။မိုင်ဝက်သာသာ လမ်းလျှောက်ရသည်ကို စာရေး ဆရာက ဘာကြောင့် ရွေးရသနည်း။ စာထိုင်ရေးခဲ့ရ၍ ညောင်းနေ၏။ တစ်နည်း အညောင်းမိနေ၏။ လမ်းလျှောက်ရန် လိုနေ၏။ အညောင်းပြေရန်၊ အညောင်းဖြေရန် လမ်းလျှောက်ဖို့ လိုနေသည်။ ယင်းကြောင့် ရထားစီးပြီး အနီးဆုံးဘူတာ ရောက်လျှင် သတင်းစာတိုက်ထိ လမ်းလျှောက်သွားမည်ပင်။ကားစီးမလား၊ ရထားစီးမလားကို စိတ်အလုပ် အဖြစ် ဦးစွာ စဉ်းစားရ၏။ စဉ်းစားရာက ရလာသော ဉာဏ်ဖြင့် ရထားစီးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ စဉ်းစားဉာဏ်ကို အသုံးချရာက ရရှိလာသည့် ရလဒ် အဖြေပင်။ စဉ်းစားဉာဏ်ကို အသုံးချနိုင်ရန်အတွက် အမှတ်သညာ လို၏။ အကြား၊ အမြင်၊ သုတတို့က စဉ်းစားဉာဏ်မှာ များစွာ အထောက်အကူ ပြု၏။ အသုံးဝင်၏။ မြို့ပတ်ရထား ခရီးစဉ် မသိဘဲနှင့် ရမ်းသန်း မှန်းဆ၍ သွားရန် မဖြစ်နိုင်။ ထို့အတူ ဘတ်စ်ကား ခရီးစဉ်ကိုလည်း သိထားရ၏။ သို့မှသာ ကားနှင့် ရထားသည် မိမိ သွားလိုသည့် အချိန်မှာ အသုံး တည့် မတည့်ကို ခွဲခြမ်းစိတ်ဖြာနိုင်မည် ဖြစ်၏။မစဉ်းစား မဆင်ခြင်ဘဲ ကမူးရှူးထိုး ဖြစ်ချင်ရာ ဖြစ်ဆိုကာ လုပ်တတ်ခြင်းသည် အဖြစ်ထက် အပျက်ဖြစ်ဖို့ များသည်။ စဉ်းစားဉာဏ်သည် အဆိုးအကောင်း အနည်းအများကို အနီးစပ်ဆုံး၊ နှိုင်းယှဉ်နိုင်၍ မိမိအတွက် အကျိုးရှိ၊ မရှိကို သုံးသပ် ဆင်ခြင်နိုင်လေသည်။ စဉ်းစားဉာဏ်သည် တစ်ဦးချင်း၏ အရေးကိစ္စတွင် သာမက စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ကိစ္စတို့မှာပင် အလွန်အရေးကြီးသော အခန်းကဏ္ဍက ပါဝင် ရပ်တည်နေလေသည်။ဟစ်တလာသည် စတာလင်၏ ဆိုဗီယက် ယူနီယံကို နောက်ဆုံးတွင် အပြတ်ချေမှုန်းရန် ရည်ရွယ်လျက် ဟန်ပြ မကျူးကျော်ရေး စာချုပ် ချုပ်၏။ စတာလင်ကလည်း ဟစ်တလာ အကြံအစည်ကို သိ၏။ မိမိဘက်ကလည်း ကြိုတင် ပြင်ဆင်ထားနိုင်ရန် စတာလင်သည် ဟစ်တလာနှင့် စာချုပ်၏။ ယင်းသည် ဤစစ်ရေး ကိစ္စတွင် ဟစ်တလာကော စတာလင်ပါ စဉ်းစားဉာဏ်သုံး၍ လုပ်ကြခြင်း ဖြစ်၏။ အဆုံးတွင် စဉ်းစားဉာဏ် အမှားကို ပြုမိသော ဟစ်တလာသည် စတာလင်၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။ စစ်ရေးတွင် စဉ်းစားဉာဏ် မှား၍ ဆုံးရှုံးရသော သမိုင်းသက်သေ သာဓကပင်။ဆန်ကုန်သည်သည် စီးပွားရေး အရ မိမိ အမြတ်များစွာ ရမည်ဟု တွေးဆလျက် စဉ်းစားဉာဏ် သုံးပြီး စပါးကြိုတင် ဝယ်ယူကာ ပုံအောထား၏။ နိုင်ငံခြားပို့မည့် ဆန်တို့ မပို့ရ၍ ဈေးကွက်မှာ စပါးဈေး ထိုးကျ၏။ ပုံအောကာ စပါး ကြိုဝယ်မှုသည် အရှုံးနှင့် ရင်ဆိုင်ရ၏။ အမြတ်ကို မျှော်ကိုးတွေးသော စဉ်းစားဉာဏ်သည် အရှုံး ဖြစ်သွားလေသည်။ တစ်ခါ တစ်ခါ စဉ်းစားဉာဏ်က အရှုံးကိုလည်း ပေးတတ်ကြောင်း သတိမူ သင်ခန်းစာ ယူရပေမည်။လူတိုင်းတွင် အနည်းနှင့်အများ ပြဿ နာ ရှိ၏။ ယင်းပြဿနာတို့ကို သူ့အချိန်နှင့် ကိုက်၍ ပြေလည်အောင် ဖြေရှင်းရ၏။ ပြဿ နာကို ခေါင်းအေးအေးထား၍ တွေးခေါ် မြော်မြင်ရန် စဉ်းစားဉာဏ် လို၏။ စဉ်းစားဉာဏ်ကို ပြေလည်အောင် ဖြေရှင်းရန် နည်းလမ်း ရှာရ၏။ စဉ်းစားဉာဏ်ဖြင့် နည်းလမ်းကို တွေးဆရ၏။ တွေးဆ ရလာချက် အပေါ်တွင် ဘယ်လို အသုံးချမည်ကို သုံးသပ်ရ၏။ပြဿနာ ဖြေရှင်းရာတွင် ဖြေရှင်းနိုင်မည့် နည်းကို တစ်လမ်းတည်း မတွေးဆ မသတ်မှတ်သင့်ပါ။ ယင်းတစ်နည်းတည်းဖြင့် မဖြေရှင်းနိုင်ပါက နောက်ထပ် နည်းလမ်း ရှာရတော့မည်။ ယင်းကြောင့် ဖြစ်နိုင်သော ပြဿနာ ဖြေရှင်းနည်းကို နှစ်နည်း သုံးနည်း စဉ်းစားထားရ၏။ ဘယ်နည်းက မိမိပြဿနာ ဖြေရှင်းရာတွင် အကောင်းဆုံး ဖြစ်နိုင်သည်ကိုလည်း စဉ်းစားဉာဏ်ဖြင့် အပြန်အလှန် ဆင်ခြင် တွေးဆရ၏။ ဖြစ်နိုင်ခြေတို့ကို စဉ်းစားဉာဏ်က တစ်စချင်း ထုတ်ပေး၏။ သေချာပေါက် တွက်ထားပြီး လွဲသွားတာမျိုး ဖြစ်တတ်၏။ အကယ်၍ လွဲသွားလျှင် ဘာဆက်လုပ်မည်နည်း။ဟုတ်ပြီ။ မှန်လိမ့်မည်။ ဖြေရှင်းနိုင်လိမ့်မည်ထင်လျက် တက်တက်စင် လွဲသွားနိုင်သည်လည်း ရှိ၏။ ဖြစ်နိုင်ခြေသည် မိမိဘက်က အမြင်မျှသာ ဖြစ်၏။ မိမိ ဖြေရှင်းရမည့် ဘက်က မိမိ၏ ဖြစ်နိုင်ခြေကို တစ်ဖက်က လက်မခံလျှင် ဘာဆက်လုပ်ရမည်နည်း။ ယင်းကြောင့် ဖြစ်နိုင်ခြေတို့ကို တစ်ခုမက နှစ်ခု၊ သုံးခု စဉ်းစားရခြင်း ဖြစ်၏။ပြဿနာဟူသည် စိတ်ဖိစီးခြင်းကို ဖြစ်စေ၏။ စိတ်ဖိစီးနေခိုက်မှာ စဉ်းစားဉာဏ် ထုတ်ပါက ပူလောင်သော ဖြေရှင်းရန် ရှုပ်ထွေးသော အတွေးတို့သာ ထွက်လာပေလိမ့်မည်။ စိတ်ဖိစီးမှုကို သက်သာ အေးချမ်းသွားရန်၊ မိမိစိတ်ကို မိမိ အေးချမ်းအောင် စောင့်ရ၏။ အချိန်ပေးရ၏။ စိတ်အေးချမ်းဖို့ အတွေးလည်း အေးချမ်းဖို့ လို၏။ ငါအေးအေးချမ်းချမ်း စဉ်းစားမယ် ဆိုကာ မိမိကိုယ်မိမိ အကြိမ်ကြိမ် သတိပေး တစ်နည်း စိတ်မှ ရွတ်ဆိုပြီးသော် လေ့ကျင့်ခန်းသဖွယ် ပြုလုပ်လိုက်ပါက မကြာမီမှာပင် စိတ်အေးအေးဖြင့် စဉ်းစားနိုင်သော အခြေအနေကောင်း တစ်ရပ်ကို မုချ ရရှိနိုင်ပါသည်။ ယင်းကြောင့် အသုံးတည့်နိုင်သော စဉ်းစားဉာဏ် ရရှိဖို့မှာ စိတ်အေးအေးထား၍ စဉ်းစားနိုင်သော အခြေအနေကို ဖန်တီးရခြင်း ဖြစ်၏။ အစကောင်းမှ အနှောင်းသေချာသည်ပင်။ ယင်းကြောင့် မိမိ ဘဝတွင် လူတိုင်း လူတိုင်းသည် နေ့စဉ်နှင့်အမျှ စဉ်းစားဉာဏ်ကို အသုံးချနေရ၏။ စားဝတ်နေရေး ပြဿနာ တို့နှင့် ရင်ဆိုင်လာရသောအခါ စဉ်းစားဉာဏ်သည် ပို၍ ရှေ့တန်းက နေရာယူလာ၏။ နေ့ချင်းပြီး ဖြေရှင်းရသော ပြဿနာတို့ကို အချိန်မီ ဖြေရှင်းနိုင်မှသာလျှင် ဘဝနေနည်းမှာ အဆင်ပြေ၏။ သက်သောင့်သက်သာ ရှိ၏။ဘ၀ နေနည်းတွင် ရှေ့ဆက်သွားရမည့် ခရီးသည် ဖြောင့်ဖြူးဖို့ လို၏။ ယင်းသို့ ဖြောင့်ဖြူး အဆင်ပြေနိုင်ရန် အတွက် စဉ်းစားဉာဏ် ရင့်သန်လျက် ဖြေရှင်းနိုင်သည့် စဉ်းစားဉာဏ်က ထွက်ပေါ်လာသည့် နည်းစဉ်ကို ပစ်မှတ်မှန်အောင် ဆောင်ရွက်နိုင်ဖို့ သိပ်လို၏။ယင်းကြောင့် စဉ်းစားဉာဏ်ကို အမြဲတမ်း အသုံးချနိုင်ရန် လေ့ကျင့်ပါ။ ပျိုးထောင်ပါ။ လက်တွေ့မှု ပြုရာက အမှားအမှန်တို့ကို ခွဲခြမ်းစိတ်ဖြာပြီးသော် ရှေ့ကို လှမ်းလင့်နိုင်အောင် ဘယ်တော့မဆို အသင့်ပြင်ထားရပေလိမ့်မည်။ စဉ်းစားဉာဏ်သည် လူ၏ ပထမ အလုပ်။