ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် မြေစာပုံပြိုကျခြင်းနှင့် လူသေဆုံးမှုများအတွက် ကုမ္ပဏီများ၏ တူးဖော်မှု ပိတ်သိမ်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်မှု မရှိပါက ဒေသခံများ ဦးဆောင်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလုပ်ဆောင်ရန် စီစဉ်နေ

ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသည့် မြေစာပုံပြိုကျခြင်းနှင့် လူသေဆုံးမှုများအတွက် ကုမ္ပဏီများ၏ တူးဖော်မှု ပိတ်သိမ်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို အစိုးရအနေဖြင့် လုပ်ဆောင်မှု မရှိပါက ဒေသခံများ ဦးဆောင်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလုပ်ဆောင်ရန် စီစဉ်နေ
Published 26 May 2016
ဖြိုးဝေ

ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုများကြောင့် ဖားကန့်တွင် ဖြစ်ပေါ်နေသည့် မြေစာပုံ ပြိုကျခြင်းများနှင့် လူသေဆုံးမှုများအတွက် လက်ရှိကုမ္ပဏီများ၏ တူးဖော်မှုများကို ပိတ်သိမ်းခြင်းနှင့် စုံစမ်း စစ်ဆေးခြင်းများ  ပြုလုပ်သင့်ပြီး အစိုးရအနေဖြင့် ဒေသခံများအပေါ် လုပ်ဆောင်မှု မရှိပါက ဒေသခံများကိုယ်တိုင် ဦးဆောင်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ  လုပ်ဆောင်ရန် စောင့်ကြည့်နေကြောင်း  ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလမောင်လတောင်က မေ ၂၆ ရက် တွင် ပြောကြားသည်။
“အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ အစိုးရက  ပွင့်လင်းမြင်သာမှုမရှိ ဖြစ်နေပြီးတော့ ဘာမှလည်း မလုပ်ဘူးဆိုရင် ကျွန်တော်တို့ တကယ် လုပ်သွားမှာပါ။ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေကို ပိတ်သိမ်းပေးသင့်ပါတယ်။ ကျွန်တော်တို့ ဒေသခံတွေအတွက် ဘာမှလည်း  အကျိုးမရှိသလို ပတ်ဝန်းကျင်ကိုလည်း တော်တော် ပျက်စီးနေတယ်။ ၂၀၁၆ ဒီလပိုင်းအတွင်းမှာ မြေပြိုတာ နှစ်ခါသုံးခါရှိနေပြီ။ ဒီအစိုးရအနေနဲ့ ကုမ္ပဏီတွေကို ပွင့်လင်းမြင် သာမှု ရှိ မရှိ စိစစ်ပြီးတော့မှ ပြီးတော့ ဌာနေ  တိုင်းရင်းသားတွေအတွက်လည်း အကျိုးရှိမယ့် အခွင့်အရေးတွေရပြီး မျှမျှတတ လုပ်ပေး နိုင်တဲ့တစ်နေ့ကျမှ လုပ်ခွင့် ပြန်ပေးသင့်ပါတယ်။  အခုဖြစ်နေတာက အစိုးရက အကြီးစား၊ အလတ်စား၊ အသေးစားဆိုပြီး ပြန်လုပ်မယ်ဆိုတော့ ဒေသခံတွေအတွက် ဘာမှ အခွင့်အရေးမရ ဖြစ်နေတယ်။ ကျွန်တော့် အမြင်တော့ ကုမ္ပဏီတွေကို ပိတ်သိမ်းသင့်တယ်” ဟု ဦးလမောင်လတောင်က ပြောကြားသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ၂၀၁၂ ခုနှစ်  မေ ၃၁ ရက်မှစ၍ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို ရပ်နားခဲ့ပြီး ၂၀၁၄  ခုနှစ် စက်တင်ဘာ ၁  ရက်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ  ၃၀ ရက်အထိ စာရင်းများအရ လုံးခင်း၊ ဖားကန့် ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊  ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက်  ၃၁၁  ကွက် စုစုပေါင်းဧရိယာ ၂၂၅၅၈ ဒသမ ၃၀  ဧကကို လုပ်ကိုင်ခွင့် ပြုထားသည်ဟု ယခင် သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောကြားထားသည်။ ထို့ပြင် ကျောက်စိမ်းတူးဖော်ရာတွင် ယခင်က အနက်ပေ ၂၀၀ မှ  ပေ ၃၀၀ ခန့်သာ တူးဖော်ထုတ်လုပ်ခဲ့သော် လည်း ယခုတွင် ကျောက်ကြောအခြေအနေအရ အနက်ပေ ၅၀၀ ခန့်မှပေ ၁၀၀၀ အထိ တူးဖော်နေရသည်ဟု ဦးအောင်ညွန့်သိန်းက  ပြောကြားထားသည်။
“အစကတော့ ဟိုဟာလုပ်မယ်၊ ဒီဟာ လုပ်မယ် ပြောထားပြီးတော့ လက်တွေ့ကျတော့ ဘာမှမလုပ်တော့ ဒီအစိုးရကလည်း  ဘယ်လိုလဲပေါ့။ ဒီလိုဆိုရင်တော့  အရင်အစိုးရနဲ့ ဘာမှမထူးဘူးပေါ့။ အခုအကြီးစားတို့  အသေးစားတို့ လေလံစနစ်ပေးမယ်ဆိုတော့  ခရိုနီတွေအတွက်ပဲ အခွင့်အရေးပေးသလို  ဖြစ်နေမှာပေါ့။ ဘာမှမရှိတဲ့ ဌာနေသားတွေအတွက် ဘာမှမျှော်လင့်ချက်မရှိဘူး။ ဒီ အစိုးရ လည်း ဘာမှမထူးဘူးလို့ မြင်ပါတယ်”ဟု ဦးလမောင်လတောင်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်နှင့် ပတ်သက်၍ လုပ်ဆောင်မည့် အခြေအနေများကို မျှော်လင့်နေသော်လည်း မည်သည့် အခြေအနေရှိနေသည်ကို မသိရှိရကြောင်းနှင့် ထိုသို့ မသိရှိရသော်လည်း လက်ရှိအစိုးရအနေဖြင့် နစ်နာမှုများ ကြုံနေရသည့်  ဒေသခံများအတွက် အစီအစဉ်တစ်ခု လုပ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်း ဖားကန့်ဒေသခံ ဒေါ်ကိုင်ရာက ဆိုသည်။
ကချင်ပြည်နယ် ဖားကန့်ဒေသတွင်  လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို  မေလဆန်းအတွင်း သွားရောက်စစ်ဆေးမှု များ ပြုလုပ်ခဲ့သည့်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကျောက်စိမ်း၊ ကျောက်မျက်ရတနာများ အလွန်အကျွံ  တူးဖော်မှုမရှိစေရန် ယခင်ခွင့်ပြုခဲ့သည့် လုပ်ကွက်များကို ကန့်သတ်ထိန်းချုပ်ခြင်းနှင့်   စက်ယန္တရားများကို သတ်မှတ်ထားသည့်  အရေအတွက်များအတိုင်း အသုံးပြုရေး လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း  ပြောကြားထားသည်။
“လူထုက မဲပေးပြီးတက်လာတဲ့ အစိုးရဖြစ်နေတယ်။ ဖားကန့်မှာရှိတဲ့ ဌာနေသားတွေကလည်း နစ်နာခဲ့ရတာ မနည်းတော့ဘူး။  အဲဒါကိုလည်း တစ်ချက်လောက် ငဲ့ပေးပြီး တော့  ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ပေးစေချင်ပါတယ်။  အရင်တုန်းကလို ဘာပွင့်လင်းမြင်သာမှုမှ မရှိဘဲ ဌာနေသားတွေ နစ်နာရတာမျိုး  မဖြစ်အောင် အခွင့်အရေးလေးတွေ ဖော်ဆောင်ပေးစေချင်ပါတယ်။ ရေမဆေးကျောက်ရှာသူတွေဆိုတာက မနေ့တစ်နေ့ကမှ ရောက်လာတဲ့သူတွေပါ။ ကျွန်တော်တို့ ဌာနေသားတွေက ခံနေခဲ့ရတာ ကြာပါပြီ။ ကျွန်တော်တို့  ဥယျာဉ်၊ ခြံမြေတွေ အသိမ်းခံထားရတာ မနည်းဘူး။ ကုမ္ပဏီတွေရဲ့ မြေစာတွေကြောင့် အိုးအိမ်တွေ ပျက်စီးခဲ့ရတာ လူတွေသေခဲ့ရတာလည်း မနည်းဘူး။ ခေတ်အဆက်ဆက် ခံနေရတာ ဌာနေသားတွေပါ” ဟု ဖားကန့်ဒေသခံ တိုင်းရင်းသားတစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ်တွင် ကျောက်စိမ်း တူးဖော်ရာ၌ အိမ်ထက်ကြီးသည့် ဘက်ဟိုးကြီးများဖြင့် တူးဖော်နေကြခြင်းဖြစ်ပြီး  Global Witness က ဖော်ထုတ်ခဲ့သည့် စာရင်းများအရ တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်စိမ်းကို ဒေါ်လာ ၁၂ ဘီလျံဖိုး  တင်သွင်းခဲ့သည်ဟု စာရင်းပြခဲ့သော်လည်း  မြန်မာနိုင်ငံအနေဖြင့်မူ တစ်ဘီလျံဖိုးသာ  စာရင်းပြနိုင်ခဲ့ကာ အဆိုပါ ၁၂ ဘီလျံအပြင်  လုပ်ငန်းတစ်ခုလုံး တန်ဖိုးအရဆိုပါက ဒေါ် လာ ဘီလျံ ၃၀ ဖိုးခန့်အထိရှိနေပြီး ကိန်းဂဏန်း အချက်အလက်များမှာ အဆမတန်  ကွာခြားလွန်းနေသည်ဟု MATA မှ EITI ၏  အရပ်ဘက်ကိုယ်စားလှယ် ဦးရဲသိန်းဦးက ဆို သည်။ စစ်အာဏာရှင်များ၊ ခရိုနီများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ကျောက်စိမ်း ရောင်းဝယ်မှု အခြေအနေများကို ဖော်ထုတ်ခဲ့သည့်  Global Witness မှ သုတေသီ Ju,am Kubbau က လက်ရှိ ဖားကန့်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများတွင် တာဝန်အပြည့်ရှိနေကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကုမ္ပဏီများဘက်မှ ပြန်၍ပြုပြင်မှုများ အကောင်အထည် မဖော်မချင်း ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများကို NLD အစိုးရအနေဖြင့် ရပ်ဆိုင်းထားသင့်သည်ဟု  ပြောကြားခဲ့ကြောင်း ဠဥဗ သတင်းဌာနတွင် ဖော်ပြထားသည်။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသ  ရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များကို  ပိတ်သိမ်းခြင်း သို့မဟုတ် ပြစ်မှုဆိုင်ရာ ကျင့်  ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခြင်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ် အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က စီစဉ်ထားရှိကြောင်း ယခင်အစိုးရလက်ထက် က သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားထားသည်။

Most Read

Most Recent