မပြီးသေးသော ရေအလှူ ခရီး

မပြီးသေးသော ရေအလှူ ခရီး
Published 24 May 2016
သက်ထိန်ဝင်း(ပခုက္ကူ )

ကုန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မိုးနှောင်း ကာလမှာ အညာဒေသတစ်ဝိုက် မိုးခေါင်ခဲ့ပါတယ်။ အဲဒီလို မိုးခေါင်ခဲ့တာကြောင့် ကန်ရေသောက် ကျေးရွာတွေမှာ ရေလုံလောက်အောင် မရခဲ့ပါဘူး။ အကျိုးဆက်အဖြစ် ယခုနှစ်နွေမှာ ကန်ရေတွေ ဆောလျင်စွာ ခန်းခဲ့ပြီး သောက်သုံးရေ ရှားပါးမှုကို ကျေးရွာပေါင်း ၅၀ ကျော် ခံစားခဲ့ရပါတယ်။ ရေရဖို့ အတွက် ဒေသခံတွေ အတော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြန်ပါတယ်။ ကိုယ့်ရွာတွင်းခန်းရင် တခြားရွာက တွင်းတွေဆီ သွားခပ်ရပါတယ်။ အခြားရွာက ကန်တွေ ခန်းသွားချိန်မှာတော့ ရေခပ်စရာ ကန်ရယ်လို့ မကျန်တော့ပါဘူး။သူတို့တစ်တွေအတွက် အားကိုးစရာဆိုလို့ ရေအလှူ ကားတွေပဲ ရှိပါတော့တယ်။ ရေအလှူကားနဲ့ ရေလိုတဲ့ရွာ ယှဉ်လိုက်ရင် ရေလိုတဲ့ ရွာက ပိုများပါတယ်။ သို့ပေမဲ့ ရေအလှူ ကားတွေ တစ်နေ့ကို ခေါက်ရေများစွာ ပြေးဆွဲပြီး ရွာအတော် များများပေး ဝေဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလို ကြိုးစားမှုတွေကြောင့်လည်း ရေလိုအပ်တဲ့ အသံတွေ တိုးညင်းသွားခဲ့ပါတယ်။ ဒီလို ရေအလှူ ကားတွေထဲမှာ ကျွန်တော်တို့ Eleven Media Group မှ တစ်ဆင့် စေတနာရှင်များရေ လှူဒါန်းမှု အစီအစဉ်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။မတ် ၂၇ ရက်မှာ ရေလှူဒါန်းမှု စတင်ခဲ့တဲ့ Eleven Media Group မှတစ်ဆင့် စေတနာရှင်များ ရေလှူဒါန်းမှု အစီအစဉ်က မေ ၂၁ ရက်အထိ ကျေးရွာပေါင်း ၅၀ ကျော်ကို ရေဂါလန် သုံးသိန်းကျော် ပေးဝေနိုင်ခဲ့ပါတယ်။ နံနက် မိုးလင်းရင် ကျွန်တော်တို့ဆီကို လာတဲ့ ဖုန်းခေါ်သံတွေက “ဒီနေ့ ကျွန်တော်တို့ရွာကို ရေကားများ လွှတ်ပေးနိုင်မလား”၊ “ရွာစက်တွင်း ပျက်သွားလို့ ရေကား တစ်ရက်လောက် ကူပေးပါလား” ဆိုတဲ့ အသံတွေပါပဲ။ တစ်ခါတလေ “ရွာမှာ ရေသောက်စရာကို မရှိလို့ တစ်ခေါက်လောက် လာပေးပါ” လို့ ဆိုသူတွေလည်း ရှိပါတယ်။လှူရမယ့် ကျေးရွာတွေ များတဲ့အတွက် ရေလှူမယ့် အစီအစဉ်ကို ကျွန်တော်တို့ အလှည့်ကျ စနစ်နဲ့ ရေးဆွဲကြပါတယ်။ ဒီရက် ညောင်ဦးနယ် ဆိုရင် နောက်လာမယ့် ရက်တွေမှာ မြိုင်နယ်၊ ပခုက္ကူနယ်၊ ရေစကြိုနယ် စသဖြင့် စီစဉ်ကြရပါတယ်။ အခြား ရေလှူအသင်းတွေ သွားမယ့် ကျေးရွာတွေကိုလည်း လှမ်းမေးရပါတယ်။ ကျေးရွာ မထပ်ရအောင်လို့ပါပဲ။ သူတို့လည်း ကိုယ့်မေး။ ကိုယ်လည်း သူတို့မေး။ ပခုက္ကူကနေ ရေတစ်ပါတည်း ထည့်သွားပါတယ်။ ပြီးရင် ပခုက္ကူအထိအောင် ရေပြန်မတင်ဘဲ ကိုယ့်ရေသွားလှူတဲ့ ရွာနဲ့ အလွန်အမင်း မဝေးတဲ့ နေရာတွေ ဆီမှာ ရေပြန်တင်နိုင်အောင်လည်း စုံစမ်းကြသေးပါတယ်။ကျွန်တော်တို့လည်း တစ်နေ့ နှစ်ခေါက်ကနေ သုံးခေါက်အထိ သယ်ယူပေးပါတယ်။ တစ်ခါတလေ တစ်ရွာကို တစ်ခေါက်စီ လှည့်ပေးပါတယ်။ လုံလုံလောက်လောက်ကြီး မရတောင် သောက်သုံးဖို့ ရအောင်လို့ပါ။ ရေလှူ တဲ့ ကာလတစ်လျှောက် ရာသီဥတုဒဏ် အခံရဆုံး အချိန်က သင်္ကြန်ပြီး ကာလတွေပါ။ ဧပြီလလယ် နောက်ပိုင်း အညာမှာ အတော်ပူလာပါတယ်။ ရာသီဥတု ပူပြင်းမှုကြောင့် ရေသုံးစွဲမှု ပိုများလာပါတယ်။ ဒါကြောင့် ရေလိုအပ်ချက်ကလည်း ပိုများလာပါတယ်။ ကားမောင်းသူ၊ ရေလှယ်ပေးဖို့ ပါလာတဲ့ သူတွေလည်း အတော် ပင်ပန်းကြပါတယ်။ သို့ပေမဲ့ ရေက အရေးတကြီး လိုတော့ ရေကားက နားလို့ မဖြစ်ပါဘူး။အခု မေလကုန်မှာ မုန်တိုင်းရွန်နူကြောင့် အညာမှာ မိုးရွာပါတယ်။ သို့ပေမဲ့ ရွာတဲ့ မိုးက ကန်တွေမှာ ရေတင်လောက်အောင် မရပါဘူး။ ကုန်ခဲ့တဲ့ ရက်တွေမှာ အပူအားပြင်းတာကြောင့် ရွာတဲ့မိုးက အပူလျော့ရုံ ကန်ဆေးကြောရုံလောက်ပဲ ရပါတယ်။ နောက်မိုးတွေ ရက်ဆက် သည်းသည်းလေး ရွာပါမှ ကန်တွေမှာ ရေတင်မှာပါ။ နောက်မိုး ဘယ်တော့ ရွာမှာလဲ မသိသေးပါဘူး။ မိုးထပ် မရွာမချင်း ရေအလှူ ခရီးက ရပ်မရသေးပါဘူး။ ကျွန်တော်တို့ Eleven Media Group မှတစ်ဆင့် စေတနာရှင်များ ရေလှူဒါန်းမှု အစီအစဉ်က ရေအလှူ ခရီးကို မိုးထပ်မရွာမချင်း၊ ကန်တွေမှာ ရေမရမချင်း ဆက်လျှောက်ရဦးမှာပဲ။ ရေခရီးက ခရီးရှည် ဆိုပေမယ့် ပြည်သူတွေပေးတဲ့ ခွန်အားတွေနဲ့ ကျွန်တော်တို့ ဆက်လျှောက်ရမှာပါ။ရေရှားပါးမှုနဲ့ ပက်သက်လို့ မိုးကို မျှော်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်လည်း တချို့ ရွာတွေမှာ စက်ရေတွင်းတွေ တူးဖော်ခဲ့ပါတယ်။ စက်ရေတွင်း တူးဖို့အတွက် ရေတွင်း တူးရ မရ။ သောက်လို့ သုံးလို့ရတဲ့ ရေထွက် မထွက် ကွင်းဆင်း လေ့လာကြပါတယ်။ သောက်သုံးရေ ထွက်နိုင်မယ့် ရွာတွေကို ဦးစားပေး တူးဖော်ခဲ့ပါတယ်။ Eleven Media Group မှတစ်ဆင့် စေတနာရှင်များ ရေလှူဒါန်းမှု အစီအစဉ်က မြိုင်နဲ့ ပခုက္ကူ နယ်မှာ ရေတွင်း ခုနစ်တွင်း တူးဖော်ခဲ့ပါတယ်။အခု ခုနစ်တွင်းစလုံး ရေအောင်သွားပါပြီ။ တချို့ ရွာတွေက ပေတိမ်တွင်းတွေ၊ တချို့ ရွာတွေက ပေအနက် ၉၀၀ ကနေ ၁၁၅၀ အထိ ရှိပါတယ်။ ရေမြေလိုက်ပြီး မြေအောက်ရေ တည်ရှိမှုက ခြားနားပါတယ်။ ကျွန်တော်တို့ တူးခဲ့တဲ့ ရေတွင်း ခုနစ်တွင်းမှာ သုံးတွင်းက ပေ ၁၂၀ လောက်နဲ့ ရေချိုထွက်တာပါ။ ပေ ၁၂၀ နဲ့ ရေချိုထွက်လို့ ထပ်တူးရင် ရေပေါပေါများများ တွေ့မှာလား ဆိုတော့ မတွေ့ပါဘူး။ မြေအောက်ရေက ရေငန်ပဲ ရှိတဲ့ အရပ် ဖြစ်ပါတယ်။ တချို့ ရွာတွေမှာ ပေ ၃၀၀ လောက်မှာ ရေတွေ့ပါတယ်။ သို့ပေမဲ့ ပမာဏ နည်းတာကြောင့် လုံလောက်တဲ့ ရေပမာဏ ရောက်တဲ့အထိ ထပ်တူးရပါတယ်။ဒါကြောင့် ရေတွင်းတစ်တွင်း ကုန်ကျစရိတ် ဘယ်လောက်လဲ မေးရင် ပုံသေဖြေဖို့ ခက်ပါတယ်။ တူးရတဲ့ ပေအနက်ကို ကြည့်ပြီးမှ ရေတွင်း ကုန်ကျစရိတ် တွက်လို့ ရတာပါ။ ပေနက်လေ သုံးရတဲ့ ပစ္စည်းတွေက အရည်အသွေးမီမှ ဖြစ်တာကြောင့် ကုန်ကျစရိတ်က များလာလေပါပဲ။ ရေတွင်း တူးပြီးရင် ရေတင် မီးစက်၊ ရေလှောင်ကန်တို့လည်း ဆောက်လုပ်ပေးရ ပါသေးတယ်။ ရေလှူတဲ့ ရွာတွေထဲမှာ အားလုံးနီးပါး ရေတွင်း ရေတင်ချိန် ရောက်ရင် အောင်မြင်မှု ရှိ မရှိ လာကြည့်သူ များပါတယ်။ရေထွက်လာပြီ ဆိုတာနဲ့ ရေပုံးတွေနဲ့ ဝိုင်းခံပြီး ရေချို မချို တစ်ခွက်လောက် မြည်းစမ်း သောက်ကြတာ။ ရေချိုပြီ ဆိုရင် မလာသေးတဲ့ သူတွေဆီကို ရေတွင်းက ရေချိုတဲ့ အကြောင်း ပြန်ပြောကြပါတယ်။ နှုတ်ကနေလည်း “ ငါတို့တော့ ရေချို သောက်ရပြီ” လို့ ဆိုပါသေးတယ်။ ပြီးရင် ရေတွင်းအောင်ပွဲဆိုပြီး ကျင်းပကြ။ လာတူးပေးတဲ့ ကျွန်တော်တို့ကိုလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောကြပါတယ်။ ကျွန်တော်တို့ဘက်က ရေတွင်းကို သေချာ ထိန်းသိမ်းဖို့၊ မိုးတွင်း ကန်ရေ ရချိန်မှာ စက်တွင်းကို မမောင်းဘဲ ပစ်မထားဖို့ မှာရပါတယ်။ရေရှားတဲ့ ရွာတွေ ကွင်းဆင်းချိန်မှာ တချို့ စက်တွင်းတွေက ထိန်းသိမ်းမှု အားနည်းလို့ ပျက်စီးရတာပါ။ မိုးတွင်း ကန်ရေရရင် လပေါင်းများစွာ မမောင်းဘဲ ထားလို့ ပျက်စီးသွားတာပါပဲ။အညာမှာ ရေတွင်းလိုတဲ့ ရွာတွေ အများကြီး ကျန်ပါသေးတယ်။ တချို့ ရွာတွေက ရွာမှာ ရေတွင်း လုံး၀ တူးမရတာ။ တချို့ရွာက ရေတွင်း တူးရပေမယ့် ရေက သုံးမရလောက်အောင် ရေငန်ရေခါး ထွက်တာ။ အဲဒီလို ရွာတွေ ရေရဖို့အတွက် ရေချို တူးဖော်ရတဲ့ အခြား နှစ်မိုင်ကနေ သုံးမိုင်လောက်အထိ ဝေးတဲ့ နေရာမှာ ရေတွင်းတူးပြီး ရေပို့ပေးတဲ့ စနစ်ပါပဲ။ ကုန်ကျစရိတ် အရမ်း များပါတယ်။ ဒီလို နေရာတွေ ကိုတော့ အစိုးရ အစီအစဉ်နဲ့ ရေရရေး ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။အခု ကျွန်တော်တို့ Eleven Media Group မှတစ်ဆင့် စေတနာရှင်များ ရေလှူ ဒါန်းမှု အစီအစဉ်က မကွေးတိုင်းထဲမှာ ရေတွင်း ၁၇ တွင်း တူးဖော် အောင်မြင်ပြီးပါပြီ။ တူးလက်စတွေ ရှိပါသေးတယ်။ ရေကားနဲ့လည်း ရေလှူနေပါတယ်။ အခြားသော ပရဟိတ အဖွဲ့တွေလည်း ရေတွင်းတွေ တူးပေး၊ ရေကားနဲ့ ရေပို့ပေး လုပ်နေကြပါတယ်။ သို့ပေမဲ့ လိုအပ်နေဆဲပါ။ အခု အညာမှာ မိုးဦး ကျပါပြီ။ ကန်တွေမှာ ရေရရှိဖို့ သိပ်မဝေးတော့ပါဘူး။ ရွာတိုင်း စက်ရေတွင်း ရဖို့ အတွက်ကတော့ သမ္မတကြီး ဦးထင်ကျော် လက်ထက်မှာ ဆောင်ရွက်ပေးနိုင်လိမ့်မယ် မျှော်လင့်ရင်း ရေရှားတဲ့ အရပ်က ဒေသခံတွေ အတွက် ရေခရီး နီးပါစေတော့လို့ ဆုတောင်းပေး နေ မိပါတော့တယ်။

Most Read

Most Recent