မြန်မာ့ဆင်

မြန်မာ့ဆင်
Published 24 May 2016
ကိုနေ (မန်း)

မြန်မာသစ်ဆွဲ ဆင်အကြောင်း အင်္ဂလိပ်လို ရေးသား ထုတ်ဝေခဲ့သူ တစ်ဦးကတော့ မြန်မာလူမျိုး ဘုံဘေဘားမား ဗြိတိသျှသစ်တော အရာရှိ ဦးတုတ်ကလေးပါ။ သူ့ကို ရှေးမြန်မာ ဘုရင်တွေ လက်ထက်က အင်း၀ ဆင်ကျုံးမှာ တိုက်ဆင်တွေကို ဖမ်းဆီး လေ့ကျင့်ပေးသူ ဆင်ဦးစီးမျိုးရိုးက ဆင်းသက်လာတဲ့ ဗမာမိသားစုမှ ၁၉၁၄ ခုနှစ်က မန္တလေးမှာ မွေးတယ်။ သူ့အဖေဟာ သီပေါမင်းက ပြင်သစ်ကို နောက်ဆုံး လွှတ်တဲ့ အစိုးရပညာတော်သင် အုပ်စုထဲက တစ်ယောက် အပါအဝင်ပါ။ ထိုစဉ် သူ့အဘိုးက ပြင်သစ်မှာ ဗမာ သံတမန်ပါ။ ၁၉၃၈ မှာ ရန်ကုန် တက္ကသိုလ်က ဘွဲ့ရပြီးနောက် သူဟာ ဗြိတိသျှ သစ်ကုမ္ပဏီသို့ သစ်တော လက်ထောက် အရာရှိအဖြစ် အလုပ်ဝင်ခဲ့တယ်။ စစ်အတွင်း ကာလတစ်လျှောက်ကို အထက်မြန်မာပြည် သစ်ထုတ်ရေး ဒေသတွေမှာ ဖြတ်သန်းခဲ့တယ်။ စစ်ကြီးပြီးတဲ့အခါ သူဟာအစိုးရ သစ်တောဘုတ်ဌာနရဲ့ သစ်တော မန်နေဂျာ ဖြစ်လာတယ်။ နောက်ပိုင်း သစ်တောဌာန ဒုညွှန်ကြားရေးမှူး အဖြစ်နဲ့ ၁၉၆၆ မှာ အငြိမ်းစား ယူခဲ့တယ်။ မြန်မာ့သစ်တောတွေမှာ ကာလရှည်ကြာ တာဝန် ထမ်းဆောင်ခဲ့စဉ် အတွင်းမှာ သူဟာ ထိုခေတ်က အဓိက အားကိုးရတဲ့ မြန်မာ့သစ်ဆွဲ ဆင်တွေနဲ့ လက်ပွန်းတတီး ဖြစ်ခဲ့ပြီး အထူးပြု လေ့လာခဲ့တယ်။ မြန်မာ့ဆင်တွေ အကြောင်း၊ သစ်တောအကြောင်း၊ ဗြိတိသျှ သစ်တောအရာရှိတွေ အကြောင်း၊ သူ့စာအုပ်မှာ ဖော်ပြခဲ့တယ်။ မြန်မာ့ဆင်အကြောင်း နောက်ထပ်ရေးဖွဲ့ပြီး ကမ္ဘာကျော်သူကတော့ အင်္ဂလိပ် စစ်ပြန်နဲ့ ဘုံဘေဘားမား သစ်တောအရာရှိဟောင်း ဂျေအိပ်ချ်ဝီလျှံပါ။ကိုဆင်ကြီးဘီလ်ဂျေ၊ အိပ်ချ်၊ ဝီလျှံရဲ့ ‘အဲလိဖင့်ဘီလ်’ စာအုပ်မှ စာမြည်းအခန်း တစ်စိတ်တစ်ပိုင်းကို ၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်းက ရန်ကုန်တက္ကသိုလ် ဥပစာတန်းမှာ ပြဋ္ဌာန်းတဲ့ Adventures and Escapes စာအုပ်မှတစ်ခန်း ကောက်နုတ် ဖော်ပြခဲ့ဖူးတယ်။ ဒီစာအုပ်ကို အငြိမ်းစား သစ်တော အရာရှိကြီး တစ်ဦးကလည်း ‘ထိပ်တင်သက်’ ကလောင်အမည်နဲ့ ‘ကမ္ဘာ့အမြင် မြန်မာ့ဆင်’ အမည်နဲ့ ဘာသာပြန်ဆိုခဲ့ ဖူးပါတယ်။မြန်မာ့ဆင်အကြောင်း စာအုပ်ရေးဖွဲ့ပြီး ကမ္ဘာကျော်သူ အင်္ဂလိပ် စစ်ပြန်နဲ့ ဘုံဘေဘားမား သစ်တော အရာရှိဟောင်း ဂျေအိပ်ချ်ဝီလျှံကို ‘ကိုဆင်ကြီးဘီလ်’ ‘Elephant Bill’ လို့ ခေါ်ကြတယ်။ ကမ္ဘာကျော် အဲလိဖင့်ဘီလ်နဲ့ မဟာဗန္ဓုလရေးသူ ဂျေအိပ်ချ်ဝီလျှံကို ဗြိတိန်ကွန်ဝေါလ်မှာ ၁၈၉၇ ခုနှစ်က မွေးဖွားပြီး ငယ်စဉ်က ကွင်းစ်ကောလိပ်နဲ့ ကာဘွန်းစကူး အော့ဖ်မိုင်းစ်မှာ ပညာသင် သင်ခဲ့တယ်။ ပထမ ကမ္ဘာစစ် ၁၉၁၄-၁၉၁၈ အတွင်းမှာ စစ်ထဲဝင်ပြီး ဗြိတိသျှ ဒီဗွန်ရှိုင်းယား တပ်ရင်းမှာ တာဝန်ကျခဲ့တယ်။ နောက်တော့ ၁၉၁၉-၁၉၂၀ ကျတော့ အာဖဂန်နစ္စတန် စစ်မြေပြင်ကို ရောက်ပြန်တယ်။ ဗြိတိသျှ စစ်တပ်ရဲ့ ကုလားအုတ် တပ်ရင်းမှာ ဦးစွာတာဝန်ကျပြီး နောက်တော့ ‘လားတပ်ရင်း’ မှာ ပို့ဆောင်ရေး တာဝန်ခံ အရာရှိ ဖြစ်ပြန်တယ်။ တိရစ္ဆာန်တွေနဲ့အတူ တာဝန်ကျရင်း သူ့မွေးရာပါ တိရစ္ဆာန် ချစ်စိတ်တွေ ပြန်လည် နိုးကြွလာတယ်လို့ ဆိုရမှာပါ။ သူ့သဘော သဘာသမှာ တိရစ္ဆာန်ချစ်စိတ် ကြင်နာ သနားစိတ်က နက်နက်ရှိုင်းရှိုင်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်နေပြီး သူ့မှာ အဟိတ် တိရစ္ဆာန်တွေအပေါ် ထူးခြားတဲ့ သြဇာလွှမ်းမိုးမှု ရှိနေတာ သံသယ မရှိစရာပါ။ ထိုတန်ခိုးသြဇာ ဆိုတာဟာ စိတ်ညှို့ အတတ်ပညာများနဲ့ မဆိုင်ဘဲ တိရစ္ဆာန်တွေအပေါ် ထဲထဲဝင်ဝင် သံယောဇဉ်နဲ့ နားလည်မှုရှိခြင်း ကြင်နာသနားခြင်းရဲ့ အကျိုးဆက်ပါပဲ။ဂျေအိပ်ချ်ဝီလျှံခေါ် ‘ကိုဆင်ကြီးဘီလ်’ ဟာ ပထမ ကမ္ဘာစစ်အပြီး ၁၉၂၀ မှာ စစ်တပ်က အနားယူပြီးနောက် ရန်ကုန်ရှိ ဘုံဘေဘားမား ကုမ္ပဏီက ဆင်အုပ်ချုပ်ရေး အရာရှိအဖြစ် ခန့်ထားခဲ့ပြီး မြန်မာ့ကျွန်း သစ်တောများအတွင်း နယ်အမျိုးမျိုးက သစ်ထုတ်စခန်း အသီးသီးမှာ ၂၄ နှစ်ကျော်ကြာ ဆင်တွေနဲ့ လက်ပွန်းတတီး တာဝန်ထမ်းခဲ့တယ်။ အဲဒီလို မြန်မာ့ဆင်တွေနဲ့ ကာလရှည်ကြာ နပန်းလုံးနေတဲ့ သူ့ကို နာမည်ပြောင် ‘ကိုဆင်ကြီးဘီလ်’ ရယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ခေါ်ကြရာက လူသိများလာတယ်။ ဒီနာမည်နဲ့ လိုက်အောင် သူ့ဝန်ထမ်းဘ၀ တစ်လျှောက်လုံး ဆင်အုပ်ချုပ် စီမံခန့်ခွဲရေး၊ ဆင်ကျန်းမာရေး စောင့်ရှောက်ရေး၊ ဆင်ဆိုင်ရာ ကျွမ်းကျင် သင်တန်းတွေပေးရေး စတာတွေနဲ့ စေတနာထားပြီး ဆင်ကောင်းကျိုး ပြုခဲ့တယ်။ ဒီတော့ သူ့မှာ ပြောပြစရာ ဆင်ဇာတ်လမ်းတွေ တစ်ပုံတစ်ပင်ပါ။ တောဆင်ရိုင်းအုပ်တွေကြားက တစ်ကိုယ်တော် စွယ်စုံဆင်ကြီးတွေ အကြောင်း၊ ဆင်တွေရဲ့ သဘာဝ၊ မုန်ယိုတဲ့ အချိန်ကာလနဲ့ အန္တရာယ်၊ ဆင်တွေရဲ့ မေတ္တာနဲ့ဒေါသ၊ ဆင်အမေကြီးက ဆင်သမီးငယ်ကို အသက် အန္တရာယ်နဲ့ရင်းပြီး ကာကွယ် စောင့်ရှောက်ပုံ စတာတွေ ဖော်ပြထားတယ်။ ဆင်တို့ရဲ့ဉာဏ်ရည်ဉာဏ်သွေး၊ တောတွင်းတောင် စောင်းလျှိုစောက်ထက်မှ လူတို့ ခုတ်လှဲ ပိုင်းဖြတ်ထားသည့် ဧရာမ သစ်လုံးများ၊ ကျွန်းပင်ကြီးများကို ငုတ်ရင်းမှ ချောင်းဖျား၊ မြစ်ဖျား ကဲ့ဆိပ်အရောက် ဆွဲယူတွန်းထုတ် အလုပ်မျိုး အဖုံဖုံ စုံလင်လှတယ်။ဒုတိယ ကမ္ဘာစစ် ၁၉၃၉-၁၉၄၅ အတွင်း ဖက်ဆစ်ဂျပန်တို့ မြန်မာ့မြေကိုသိမ်းပိုက်လိုက်တဲ့အခါ ‘ကိုဆင်ကြီးဘီလ်’ ဟာ ဆင်အကြံပေး အရာရှိ ပြန်ဖြစ်ပြန်တယ်။ နောက်တော့ ဗြိတိသျှတို့ မြန်မာပြည် ပြန်လည် သိမ်းပိုက်ရေး စစ်ဆင်ရေးရဲ့ ရှေ့ပြေးတပ်ဖွဲ့ အမှတ် (၁၄) တပ်မတော်မှာ ဒုတိယ ဗိုလ်မှူးကြီး ဖြစ်လာပြန်တယ်။ သူ့အရည်အချင်း အတွေ့အကြုံနဲ့ ရန်သူ့စစ်ကြောင်း အနောက်ဘက်မှာ ကျန်ခဲ့တဲ့ ဆင်တွေ ဦးစီးတွေ ရနိုင်သလောက် စုဆောင်းခဲ့တယ်။ ထိုဆင်တပ်နဲ့ ချင်းတွင်း အနောက်ဘက်ကမ်း ကဘော်ချိုင့်ဝှမ်းအတွင်း လမ်းတွေဖောက် တံတားတွေ ဆောက်ခဲ့တယ်။ ဂျပန်တွေ အိန္ဒိယဘက် ထိုးစစ်ဆင်လာတော့ သူ့ဆင်တွေ ဦးစီးတွေ ရသလောက် စုဆောင်းပြီး မတ်စောက်တဲ့ တောင်တန်းတွေကို ခဲရာခဲဆစ် ဖြတ်ကျော်ကာ အာသံ၊ မဏိပူရသို့ အရောက် ချီတက်ခဲ့တယ်။ သူ့မဟာခရီးရှည် ချီတက်မှုက ဥရောပတိုက် အဲ့လ်ပ်စ်တောင်တန်းကို ဆင်တွေနဲ့ ဖြတ်ကျော်ခဲ့တဲ့ စစ်သူကြီး ဟန်းနီးဘောလ်ရဲ့ စံချိန်ကို ချိုးခဲ့တယ်။ ကမ္ဘာစစ်ကြီး နှစ်ကြိမ်နွှဲခဲ့သူ စစ်သား စာရေးဆရာ ဗိုလ်မှူးကြီး၊ သစ်သမားကြီး ဆင်သမားကြီး ဂျေအိပ်ချ်ဝီလျှံခေါ် ကိုဆင်ကြီးဘီလ်ဟာ ၁၉၅၈ က သူ့ဒေသ ပင်ဇန့်ဆေးရုံမှာ အရေးပေါ် အူအတက် ခွဲစိတ်ကုသခံအပြီး ရုတ်တရက် ကွယ်လွန်ခဲ့တယ်။ သူပြောခဲ့တဲ့ မြန်မာ့ဆင်ဇာတ်လမ်း တစ်ပုဒ်ရှိတယ်။ဆင်မိဘမေတ္တာအဟိတ် တိရစ္ဆန်ဆိုပေမယ့် အသိဉာဏ်ရှိတဲ့ ဆင်မကြီး တစ်ကောင်ရဲ့ လုပ်ဆောင်ချက် တစ်ခုကို ကျွန်တော်ပြန်လည် မြင်ယောင်မိတယ်။ ဒီဖြစ်ရပ်ကတော့ ကျွန်တော် လုပ်နေတဲ့ သစ်ထုတ် လုပ်ငန်းနဲ့ မဆိုင်ပါဘူး။ တောနေသားရိုင်း ဆင်မကြီးကြီး တစ်ကောင်ရဲ့ မိဘမေတ္တာ နက်နက်ရှိုင်းရှိုင်း ဖော်ပြမှု သက်သက်ပါ။တစ်ညနေခင်းမှာပါ။ တောင်အထက်ပိုင်း မြစ်ညာက မြစ်ရေကြီးလာတဲ့ အခါ အထက်မြစ်ညာက ကျွန်းသစ်လုံးတွေ ဝုန်းဒိုင်းကြဲ မျောပါလာမှာကို ကျွန်တော် မျှော်လင့်နား စွင့်မိတယ်။ ကျွန်တော့် သစ်ထုတ်စခန်း အခြေစိုက် ကမ့်ရဲ့အောက်ဘက် မြစ်ကမ်းပါး ပြတ်ကျောက်သား နံရံက ၁၅ ပေလောက် မြင့်တယ်။ ကိုက် ၅၀ လောက်အကွာ မြစ်တစ်ဖက် ကမ်းပါးဟာ နုန်းကျောက်လွှာ အထပ်လိုက် ငေါထွက်နေတဲ့ ချောက်ကမ်းပါးစွန်းပါ။ နေဝင်ရီတရော အချိန်မို့ ထိုချောက်ကမ်းပါးစွန်းသို့ မြစ်ရေချောင်းရေ တောင်ကျရေတွေ တစ်စတစ်စ တိုးတက်လာနေတာကို ကျွန်တော် ငေးကြည့်နေမိရဲ့။ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သံကြားလို့ ကျွန်တော် ငုံ့ကြည့်မိတယ်။ မြစ်တစ်ဖက်ကမ်းမှာ လူသုံးယောက် ဆောက်တည်ရာမရ ပြေးလွှားနေကြတာ။ အရေးပေါ် တစ်ခုခုတော့ ဖြစ်နေပြီ။ အတွေ့အကြုံအရ ကျွန်တော် ဒီလို ခန့်မှန်းမိတော့ မြစ်ကမ်းပါးကနေ ပြေးဆင်းသွားပြီး ကြည့်မိတယ်။ ကြည့်စမ်းပါဦး။ ကျွန်တော့် စခန်းက ‘မရွှေ’ အမည်ရ သစ်ဆွဲ ဆင်မကြီးက သုံးလသမီးအရွယ် သူ့ရင်သွေး ဆင်မကလေးနဲ့ ရေတွေ ဒလဟော တရိပ်ရိပ် တက်လာနေတဲ့ မြစ်ရေအလျင် ရေစီးကြောင်း သန်သန်မှာ ပိတ်မိနေပြီ။ မိခင်ဆင်မကြီး မရွှေ ကိုယ်တိုင် ခြောက်ပေလောက်အထိ တက်လာနေတဲ့ မြစ်ရေအလျင်မှာ သေရေးရှင်ရေးအတွက် အပြင်းအထန် ရုန်းကန်ပြီး အသက်လုပွဲ ဆင်နွှဲနေရပြီ။ သူ့သမီး ဆင်မကလေးကလည်း အထိတ်တလန့် ကျည်ကျည်ကျာကျာ အော်ဟစ်ရင်း ရေးစီးထဲမှာ ပေါလောမျောပါ နေရှာပြီ။ မရွှေက သူ့ကိုယ်လုံးကြီးနဲ့ကာပြီး ရေစီးသန်သန်ကို ကြံ့ကြံ့ခံကာ တွန်းလှန် ကာကွယ်နေရှာတယ်။ အဝေးဘက် ကမ်းတစ်ဖက်ဆီသို့ ကြိုးစားပမ်းစား ကူးခပ်သွားနေ ရှာတာ။ မြင့်တက်လာတဲ့ ရေလုံးကြီးက ဆင်မလေးကို တိုက်ခတ် ဆွဲယူသွားတော့မယ့် အခြေအနေမှာ မိခင်မေတ္တာနဲ့ မရွှေဟာ အကျောက်အကန် အင်အားညှစ်ထုတ် အသုံးပြုနေတယ်။ ဆင်မလေးကို ရေစီးနဲ့ ဆန့်ကျင်ဆွဲငင် ခေါ်ဆောင်ရင်း သူ့ကိုယ်လုံးကြီးနဲ့ အကာအကွယ် ပေးရင်းနဲ့ သမီးဖြစ်သူကို အနားရစေတယ်။ထိုအထဲ ရေလုံးကြီး တစ်ဟုန်ထိုး ကျလာပြီး ဆင်မလေးကို မရွှေရဲ့ကျောပေါ်က ဆွဲယူ တိုက်ချသွားပါလေရော။ မရွှေက ဆင်မကလေး လိမ့်ပါသွားလေရာ ရေစီးသန်သန်နောက်သို့ မြုပ်ချည်ပေါ်ချည် လိုက်ပါသွားရော။ ကျွန်တော့်ဘက် ကမ်းနဲ့တည့်တည့် ကိုက် ၅၀ လောက် အကွာရောက်တော့ ဆင်မကြီးက သူ့ကလေးကို ပြန်ဖမ်းမိသွားပြီ။မရွှေက သမီးဆင်မလေးကို သူ့ဦးကင်းပေါ်က နှာမောင်းနဲ့ ကိုင်မြှောက် ချီမထားပြီး ကျောက်ကမ်းပါး နံရံကို မှီလိုက်ပြီ။ ဆင်မကြီးက အံ့မခန်း ကြိုးပမ်းမှု တစ်ခုပြုလိုက်တယ်။ သမီးကို နှာမောင်းနဲ့ ရစ်ပတ် ကိုင်မြှောက်ရင်း သူမရဲ့ ရှေ့ခြေထောက်တွေ စုံမြှောက်ပတတ် ရပ်လိုက်ပြီး ဆင်ကလေးကို ကျောက်ဖျာစွန်း ကမ်းပါးပေါ်သို့ ထိုးတင်လိုက်ပြီ။ ကျောက်ကမ်းပါးက ရေစီးအထက် ငါးပေလောက်မြင့်တော့ ဆင်ကလေးဟာ လတ်တလော နားခိုရာ ရသွားပြီ။ မရွှေဟာ သူ့ကလေးကို ဘေးကင်းရာသို့ ပို့ပြီးမှ သူမကိုယ်တိုင်ရဲ့ အန္တရာယ်ကို သတိရပြီး ရေစီးလွတ်ရာသို့ ရှောင်သွားတယ်။ ရှေ့ကိုက် ၃၀၀ လောက် အကွာမှာ လျှိုဇောက်တစ်ခု ရှိတာကို သူသိတာပေါ့။အဲဒီလျှိုဇောက် အောက်သို့ တောက်လျှောက် မျောပါသွားခဲ့ရင် သေကုန်မှာကို ဆင်မကြီးက ဘဝပေး အတွေ့အကြုံအရ သိထားပြီးသား။ သူအခု ရောက်နေတဲ့ နေရာနဲ့ လျှိုဇောက်အကြားက ကမ်းပါးပေါ်တက်နိုင်တဲ့ ခပ်ပြေပြေ နေရာရှိတာကို ကျွန်တော်တို့ သိထားသလို မရွှေလည်း သိထားတာပေါ့။ ကျွန်တော့် စိတ်ကတော့ လတ်တလော မရွှေ ကူးသွားတဲ့ တစ်ဖက်ကမ်းနဲ့ ဆန့်ကျင်ဘက် ကမ်းကျောက်စွန်းပေါ်က ဆင်မလေးဆီ အာရုံရောက်နေပြီ။ သူ့ကလေးက ကျဉ်းကျပ်တဲ့ ကျောက်စွန်းပေါ် ခြေထောက်ချင်း ပူးကပ် မတ်တတ်ရပ် တွယ်ကပ်နေရင်း ကြောက်လွန်းလို့ ဒူးတုန်နေပြီ။မိခင်မေတ္တာနဲ့ အသံစူးစူးဝါးဝါးကြီး အော်ဟစ်ရင်း ပြေးလာတဲ့ မရွှေရဲ့ အသံကို ရှစ်ပေအမြင့် ကမ်းပါးအထက်က ကျွန်တော် ကြားနေရတယ်။ မရွှေဟာ ကမ်းပါးပေါ်သို့ တက်ရောက်လာခဲ့ပြီး သူ့ကလေးရှိရာ ကမ်းဘက်နဲ့ တည့်တည့်သို့ တကြော်ကြော် အော်ရင်း ပြေးလာနေတာပါ။ ဒီတော့ ဆင်မလေးက နားရွက်နှစ်ဖက်ထောင်ပြီး မေမေ့ အသံလာရာဆီ အာရုံ နားစွင့်လိုက်တယ်။ မရွှေတောထဲက ထွက်လာပြီ။ လွန်ခဲ့တဲ့ တစ်နာရီကျော်က တစ်ဖက်ကမ်း ကျောက်စွန်းပေါ်မှာ သူတင်ထားခဲ့တဲ့ အတိုင်း ကြောက်ရွံ့ ငြိမ်ကုပ်နေတဲ့ သမီးလေးကို အဝေးက လှမ်းကြည့် ပီတိဖြစ်နေတော့တယ်။ညကမှောင်လာပြီ။ ရေးစီးသန်သန်မှာ မြစ်ညာက ဧရာမ ကျွန်းသစ်လုံးတွေ တဝုန်းဝုန်း ဆင်းလာနေပြီ။ မိုးက မစဲသေးဘူး။ ရေစီးသန်တဲ့မြစ်က ဆင်မကြီးနဲ့ ဆင်သမီးကို ကိန္နရာ ချောင်းခြားစေခဲ့ပြီ။ ကျွန်တော်ဒီအတိုင်း အိပ်မပျော်နိုင်ပါဘူး။ ဆင်မလေးကို ဆွဲတင်ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားကြည့်သေးတယ်။ မအောင်မြင်ဘူး။ ကြောက်လန့်နေတဲ့ ဆင်မလေး အနှောင့်အယှက်ဖြစ်ပြီး ပြုတ်ကျမှာစိုးလို့ လက်လျှော့လိုက်တယ်။အရုဏ်ကျင်း မြစ်ရေသင် ဖြူးခင်းတဲ့ နောက်တစ်နေ့ မနက်စောစော ကျွန်တော့် မရွှေတို့သားအမိ ပြန်ပေါင်းထုပ် နိုင်ကြပါပြီ။ ဒူးလောက် အနက်အထိ မြစ်ရေပြန်ကျသွားပြီမို့ ဆင်သားအမိဟာ ဘေးကင်းရာ တစ်ဖက်ကမ်းမှာ ပြန်ဆုံကြပါပြီ။ မနေ့က အဲဒီလို မရွှေက သူ့သမီးကို စွန့်စား ကယ်တင်တဲ့ ဇာတ်လမ်းကို ဒီဆင်စခန်းက အခြားတစ်ယောက်တလေမှ မျက်မြင် မသိလိုက်ကြဘူး။ ကျွန်တော့်စိတ်ထင် မရွှေဟာ သူ့ကလေးကို မူကလ မြှောက်တင်ထားခဲ့ပုံမျိုး အောက်မှပတတ်ရပ် ပွေ့ချီကာ ပြန်ခဲ့ပုံပါ။ နောင်ငါးနှစ်ကြာတော့ မရွှေသမီး ဆင်မလေးကို ထုံးစံအတိုင်း အမည်ပေး ကင်ပွန်းတပ်တယ်။ သုံးလသမီး ကတည်းက ရန်သူမျိုးငါးပါး ဝင်အန္တရာယ် ‘ရေ’ ကို အန်တုပြီး ရယ်သွမ်းသွေးနိုင်ခဲ့လို့ ‘မရေရယ်’ လို့ အမည်ပေးခဲ့ပါတယ်တဲ့။ကျမ်းကိုး- J.H. William's Elephant Bill           -ထိပ်တင်သက်၏ ကမ္ဘာ့အမြင် မြန်မာ့ဆင်

Most Read

Most Recent