အများပြည်သူ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံတွင် အသက်မဲ့နေသည့် ပနားမား စာရင်းပါ အရှုပ်တော်ပုံ

အများပြည်သူ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံတွင် အသက်မဲ့နေသည့် ပနားမား စာရင်းပါ အရှုပ်တော်ပုံ
Published 15 May 2016
ဖြိုးဝေ

ဒီတစ်ပတ်ရဲ့ စီးပွားရေး သတင်းတွေဟာ ထူးထူးခြားခြားကိုပဲ အများပြည်သူတွေရဲ့ အကျိုးစီးပွားတွေနဲ့ ယှက်နွယ်နေတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ အများပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိတဲ့ ပုဂ္ဂလိက ဆေးရုံ Parkway ငှားရမ်းပေးခြင်း ရပ်ဆိုင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ၊ ကျောက်စိမ်း၊ ကျောက်မျက်တွေကို အလွန်အကျွံ တူးဖော်မှု မရှိဖို့ ယခင်ခွင့်ပြုခဲ့တဲ့ လုပ်ကွက်တွေကို ကန့်သတ် ထိန်းချုပ်ဖို့ လုပ်ဆောင်မယ် ဆိုတာနဲ့ လှည်းကူး၊ ထန်းတပင် စတဲ့ မြို့သစ်စီမံကိန်း ခြောက်ခုကို ဒီနှစ်ကနေစပြီး အကောင်အထည် ဖော်မယ်လို့ ပြောတဲ့ သတင်းတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ဒါပေမဲ့ အများပြည်သူ အကျိုးစီးပွား အတွက်လည်းဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံအတွက် အဓိက အကျိုးရှိစေမယ့် အခွန်ရှောင်သူတွေကို ပြန်လည် ဆန်းစစ်သင့်တဲ့ အခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော စီးပွားရေး ဆက်ဆံမှုများနှင့် ငွေကြေးခဝါချမှု ဆိုင်ရာများကို ဖွင့်ချခဲ့သည့် ပနားမား စာရွက်စာတမ်းများ (Panama Papers) စာရင်းပါ အခွန်ရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကို စစ်ဆေးသင့်ပေမယ့် စစ်ဆေးမယ်လို့ တစ်စက်မှ အသံမထွက်သေးတာကတော့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစရာလို့ ဆိုရမှာ ဖြစ်ပါတယ်။ပုဂ္ဂလိကဆေးရုံ Parkway အတွက် ပြည်သူပိုင်မြေကွက် ငှားရမ်းပေးမှု ရပ်ဆိုင်းဖို့ ကန့်ကွက်သူမရှိ ထောက်ခံမှုရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်အောင်ဆန်းလမ်းနဲ့ ပြည်လမ်းမထောင့်မှာရှိတဲ့ ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေကို ပွင့်လင်းမြင်သာမှု မရှိဘဲ အများပြည်သူ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မရှိတဲ့ ပုဂ္ဂလိကဆေးရုံ တည်ဆောက်ဖို့ ငှားရမ်းခြင်း ရပ်ဆိုင်းပေးရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို မေ ၁၂ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ပါတယ်။ဒီလို မြေနေရာ ငှားရမ်းမှုနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်သူတွေကို စုံစမ်း ဖော်ထုတ်သင့်ကြောင်းနဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံတယ်လို့ ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သလို ရန်ကုန်တိုင်း ဒေသကြီး၊ လမ်းမတော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကလည်း ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေပေါ်မှာ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့ ငှားရမ်းခြင်းကို ပြည်သူ့ မျက်နှာကိုမူပြီး အပြီးအပိုင် ဖျက်သိမ်း ရပ်ဆိုင်းပေးရန် အလေးအနက် ထောက်ခံကြောင်းနဲ့ မတော်မတရား စီမံကိန်း လုပ်ငန်းတွေကို စိစစ်သင့်တယ်လို့ ဆိုပါတယ်။ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်း ဦးသိန်းစိန် အစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့တဲ့ စီမံကိန်းအကြောင်း ပြန်လည် ရှင်းလင်း အပြီးမှာတော့ လွှတ်တော်မှာ ကန့်ကွက်သူ မရှိဘဲ ပုဂ္ဂလိကဆေးရုံ Parkway အတွက် ပြည်သူပိုင် မြေကွက် ငှားရမ်းပေးမှု ရပ်ဆိုင်းဖို့ အတည်ပြုခဲ့ပါတယ်။မြို့သစ် စီမံကိန်း ခြောက်ခု၊ အကောင်အထည်ဖော်ချိန် ၁၅ နှစ်ရန်ကုန်မြို့ကို တိုးချဲ့မယ့် လှည်းကူး၊ သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့စတဲ့ မြို့သစ် စီမံကိန်း ခြောက်ခုကို ၂၀၁၆ ခုနှစ် ကနေ ၂၀၃၀ ခုနှစ်အထိ အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ သိရပါတယ်။ လှည်းကူးမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် အထိ၊ သန်လျင်မြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ၂၀၃၀ ခုနှစ် အထိ၊ ဒလမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ် အထိ၊ တွံတေးမြို့သစ် ဧက ၅၀၀ ကို၂၀၁၆ ခုနှစ်ကနေ၂၀၃၀ ခုနှစ်အထိ၊ ထန်းတပင်မြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ် အထိနဲ့ ဒဂုံအရှေ့မြို့သစ် ဧက ၅၀၀ ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၃၁ ခုနှစ် အထိ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ တကယ်ဆိုရင် ရန်ကုန်မြို့ဟာ ပုံမှန် လူဦးရေ တိုးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပြီး  လက်ရှိ လူဦးရေ ငါးသန်းကျော်အထိ ရှိနေပါတယ်။ လာမယ့် ၂၀၄၀ခုနှစ်မှာ ရန်ကုန်မြို့ဟာ လူဦးရေ ၁၀ သန်းနီးပါးအထိ တိုးလာနိုင်တာကြောင့် မြို့ပြတိုးချဲ့ဖို့လိုမှာ ဖြစ်သလို တိုးချဲ့တဲ့ မြို့နယ်တိုင်းမှာလည်း သာမန်ပြည်သူတွေ ဝယ်ယူ နေထိုင်နိုင်ဖို့နဲ့ မြေဈေးနှုန်း ဆွဲချနိုင်ဖို့ တန်ဖိုးနည်း တိုက်ခန်းတွေ အဓိက တည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။အသက်ဝင်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်ရမယ့် ဖားကန့်ကျောက်စိမ်း၊ ကျောက်မျက် ရတနာတွေကို အလွန်အကျွံ တူးဖော်မှု မရှိစေဖို့ ယခင်ခွင့်ပြုခဲ့တဲ့ လုပ်ကွက်တွေကို ကန့်သတ် ထိန်းချုပ်ခြင်းနဲ့ စက်ယန္တရားများကို သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း အသုံးပြုရေးတွေကို ကြတ်မတ် ဆောင်ရွက်မယ်လို့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။“ကျောက်စိမ်း၊ ကျောက်မျက် ရတနာတွေကို အလွန်အကျွံ တူးဖော်မှု မရှိအောင် ယခင်ခွင့်ပြုခဲ့တဲ့ လုပ်ကွက်တွေကို ကန့်သတ် ထိန်းချုပ်မယ်။ ကျောက်စိမ်း တူးဖော်ရာမှာ စက်ယန္တရားတွေကို သတ်မှတ်ထားတဲ့ အရေအတွက် အတိုင်း အသုံးပြုရေးတွေကို ကြပ်မတ် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေမှာ ကျောက်စိမ်း တူးဖော်မှုကို ကန့်သတ်ခြင်း၊ မြေစာစွန့်ပစ်ခြင်းနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေက စနစ်တကျ ဆောင်ရွက်ရေး အတွက် ဝန်ကြီးဌာန အနေနဲ့ ဥပဒေနဲ့အညီ အစီအမံများ ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီအစီအမံ အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့  ဦးအုန်းဝင်းက ဆိုပါတယ်။ ဖားကန့်ရဲ့ အခြေအနေဟာ အရေးပေါ် အဆင့် ဖြစ်နေပါပြီ။မြန်မာနိုင်ငံမှာ အသက်မဝင်တဲ့ Panama Papersအခွန်တိမ်းရှောင်မှု၊ ပြည်ပ၌ လျှို့ဝှက်စွာ ပြုလုပ်ခဲ့သော စီးပွားရေး ဆက်ဆံမှုတွေနဲ့ ငွေကြေးခဝါချမှု ဆိုင်ရာများကို ဖွင့်ချခဲ့တဲ့ ပနားမား စာရွက်စာတမ်းများ (Panama Papers) ရဲ့ ထပ်မံဖော်ပြမှုမှာ အိုင်ဗင်ဟိုးမြန်မာ အပါအဝင် ဦးခင်မောင်အေး၊ ဦးသင်းမောင်အေး၊ ဦးတင်မောင်ခင်၊ ဦးဟိန်းထက်ကျော် အစရှိတဲ့ လူပုဂ္ဂိုလ် ၁၆ ဦး၊ ကုမ္ပဏီ ကိုးခုနဲ့ လိပ်စာ ၁၄ ခုရဲ့ အမည်စာရင်းတွေ ပါဝင်ခဲ့ပါတယ်။ ထပ်မံပါဝင်ခဲ့တဲ့ ကုမ္ပဏီ အမည်စာရင်း ကိုးခုမှာ အိုင်ဗင်ဟိုးမြန်မာ ကုမ္ပဏီ (Ivanhoe Myanmar Holdings ltd.)၊ The Union of Myanmar Telecommunications & Satellite၊ Conteast Lines Myanmar ltd.၊ Myanmar Telecommunications Services၊ Cal Myanmar ltd.၊ Myanmar Pipeline Development Co. (M.P.D.Co) Inc.၊ Hutchison Ports Myanmar၊ C & P Myanmar Pte ltd. (Myanmar International Terminals Thilawa Private ltd.) နှင့် Goldwater ကုမ္ပဏီတို့ ဖြစ်ပါတယ်။ပနားမား စာရွက်စာတမ်းများက ထပ်မံဖော်ပြခဲ့တဲ့ အချက်အလက်တွေ အရ မြန်မာနိုင်ငံ ခေါင်းစဉ်အောက်မှာ လူပုဂ္ဂိုလ် ၁၆ ဦး ပါဝင်ခဲ့ပြီး ဦးတင်မောင်ခင်၊ ဦးသင်းမောင်အေး၊ ဦးခင်မောင်အေးနဲ့ ဦးဟိန်းထက်ကျော်တို့ပဲ မြန်မာအမည်တွေ ဖြစ်ပြီး ကျန်တဲ့သူတွေဟာ ပြည်ပနိုင်ငံသား အမည်တွေပါ။ ပါဝင်နေတဲ့ ပြည်ပနိုင်ငံသား အမည်တွေက Joren Kristensen၊ Man Ho Liu၊ Kwok Cheong Tong၊ Wu Rong၊ Richard Xing Wang၊ Wong Lui Hiu Heebert၊ Christine Mo Wan Fong၊ Joseph Lai Man Wah၊ Fong Wai Yee၊ Lai Wai Sin၊ Fong Wai Ha နဲ့ Lars Erik Larsen တို့ ဖြစ်ပါတယ်။ICIJ က မေ ၉ ရက်မှာ ထပ်မံ ဖော်ပြခဲ့တဲ့အတွက် ပနားမား အရှုပ်တော်ပုံမှာ တိုက်ရိုက် ပါဝင်နေသူများ အပါအဝင် မြန်မာနိုင်ငံက အမည်စာရင်း ၃၃ ခု ရှိလာနေပါပြီ။ ပင်လယ်ရပ်ခြားမှာ ကုမ္ပဏီဖွင့်ပြီး မိခင်နိုင်ငံဆီမှာ ဟန်ပြကုမ္ပဏီ ပြန်ထောင်ပြီး အခွန်ရှောင်တဲ့သူတွေ စာရင်းမှာဆိုရင် မြန်မာနိုင်ငံသားတွေ သာမကဘဲ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်အချို့ပါ ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာမှာတော့ ပနားမား အရှုပ်တော်ပုံမှာ ပါဝင်သူတွေ၊ ICIJ ရဲ့ ဖွင့်ချမှုမှာ ပါဝင်နေသူတွေကို  စုံစမ်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်နေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အမည်စာရင်းမှာပါတဲ့ လုပ်ငန်းရှင်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ပနားမား အရှုပ်တော်ပုံမှာ ဆက်စပ် ပတ်သက်နေသူတွေကို အစိုးရပိုင်းက စုံစမ်းစစ်ဆေးမှု မရှိသေးပါဘူး။ ဒါကြောင့် စစ်ဆေး စုံစမ်းမှု ပြုလုပ်ပြီး မြန်မာနိုင်ငံက နစ်နာခဲ့တဲ့ အခွန်အခတွေ ပြန်လည် ရရှိအောင် အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်လို့ အကြံပြုရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။