စက်မှုဝန်ကြီးဌာနက ရက် ၁၀၀ အ တွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းကာ ကဏ္ဍခြောက်ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အကောင်အထည်ဖော်ရန် စီစဉ်ထားသော ကဏ္ဍခြောက်ရပ်မှာ ပြည်သူ့အကျိုးပြု စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ဆဲ စက်ရုံစီမံကိန်းများရှိ အလုပ်ရုံများအလိုက် အပြီးသတ် ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
ပြည်သူ့အကျိုးပြု စက်ရုံ အလုပ်ရုံများ ဖွင့်လှစ်ခြင်းကဏ္ဍတွင် GMP (Good Manufacturing Practices) နည်းစဉ်နှင့်အညီ ဆောင်ရွက်ထားသော မြေါဆိပ်ဖြေဆေး ထုတ်လုပ်မှု အလုပ်ရုံဖွင့်ပြီး တစ်နှစ်လျှင် မြွေဟောက်ဖြေဆေး အလုံး ၁၀၀၀၀ နှင့် မြွေပွေး အဆိပ်ဖြေဆေး အလုံး ၇၀၀၀ ခန့်အထိ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဝန်ကြီးဌာနမှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းများ သိုလှောင်နိုင်မည့် Automated Storage and Retrieval System ဖွင့်လှစ်ခြင်း၊ ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည့် ပုဂ္ဂလိကနှင့် အကျိုးတူ ဆောင်ရွက်သော တစ်နေ့ တန် ၅၀၀၀ ကျ တိုးချဲ့ဘိလပ်မြေစက်ရုံ ဖွင့်လှစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ခြင်းကဏ္ဍတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်မည်ဖြစ်ပြီး နည်းပညာပံ့ပိုးဖြန့် ဝေမည့်အစီအစဉ်များ၊ အသိပညာပူးပေါင်း ဖလှယ်မည့် အစီအစဉ်များကို ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။
လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းကဏ္ဍတွင် ရွေ့လျားစက်မှု သင်တန်းများဖြင့် ကျေးလက်ဒေသများရှိ ဒေသခံများ၏ လိုအပ်ချက်နှင့်အညီ အခြေခံ လျှပ်စစ်သင်တန်း၊ လုပ်ငန်းသုံး အင်ဂျင်ငယ် ပြုပြင်ခြင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ National Skill Standard Authority (NSSA) အသိအမှတ်ပြု အစိုးရနှင့် ပုဂ္ဂလိက Testing Center များ ပေါ်ထွန်းလာရန် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားမည် ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ဆောင်ရွက်ခြင်း ကဏ္ဍတွင် အမျိုးသမီးနှင့် လူငယ်များ၏ စွမ်းဆောင်ရည်၊ အသိပညာ၊ အတတ်ပညာများကို မြှင့်တင်ပြီး ပိုမိုကောင်းမွန်သည့် လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိစေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
စွမ်းအင်ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းကဏ္ဍတွင် စွမ်းအင်ခြိုးခြံချွေတာရေး လုပ်ငန်းစဉ်များကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံစွမ်းအင် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေများကို စနစ်တကျ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက် စေခြင်းတို့ကို လုပ်ဆောင်ရန် စီစဉ်ထားသည်။
ဆောင်ရွက်ဆဲ စက်ရုံစီမံကိန်းများရှိ အလုပ်ရုံများအလိုက် အပြီးသတ် ဆောင်ရွက်ခြင်းကဏ္ဍတွင် စီမံကိန်း အသစ်များ၏ အလုပ်ရုံများဖြစ်သော အမှတ် (၁) သံမဏိစက်ရုံစီမံ ကိန်း (မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံစီမံကိန်း (ပင်းပက်) တို့ကို ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့စီမံကိန်းများ အပိုင်းလိုက် အပြီးသတ် ဆောင်ရွက်ခြင်းအားဖြင့် စီမံကိန်းတစ်ခုလုံး အရည်အသွေး ပြည့်ဝစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း ပြည်သူ့အကျိုးပြု စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် လုပ်ဆောင်ပေးခြင်း အပါအဝင် ကဏ္ဍခြောက်ရပ်ဖြင့် ဆောင်ရွက်မည်