မြန်မာနိုင်ငံတွင် CMP လက်ခစား စနစ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ CMP လက်ခံစား စနစ်မှ FOB တင်ပို့နိုင်သည့် စနစ်သို့ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း စက်မှု လုပ်ငန်းရှင်များထံမှ သိရသည်။“CMP လုပ်ငန်းတွေက ၁၉၉၃ မှာ အထည်ချုပ်နဲ့ စခဲ့တာ။ ဒီလုပ်ငန်းတွေ ဘာလို့ မတိုးတက်တာလဲ ဆိုရင် အားပေးမှု မရှိလို့ပဲ မတိုးတက်တာ။ ဖိနပ်ချုပ်တွေကတော့ ၁၉၉၇ လောက်မှာ စတာပေါ့နော်။ အဲဒီ လက်ခစား စနစ်တွေဟာ နှစ် ၂၀ ကျော် ကြာနေပြီ။ ခုချိန်အထိ ပြောင်းလဲမလာသေးဘူး။ FOB ကို မပြောင်းနိုင်သေးဘူး။ ဖိနပ်ချုပ်တွေမှာလည်း ဒီလိုပဲ” ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးအောင်မင်းက ပြောကြားသည်။အရှေ့တောင် အာရှနိုင်ငံများ အပါအဝင် နိုင်ငံ အများစုတွင် CMP လက်ခစားစနစ် လုပ်ကိုင်ကြပြီး နှစ် ၂၀ ဝန်းကျင်ခန့်တွင် FOB စနစ်ဖြင့် ပြောင်းလဲ လုပ်ကိုင်နိုင်ကြကြောင်း၊ CMP စနစ်ဖြင့် လုပ်ကိုင်မှုမှာ အရင်းအနှီး မလိုဘဲ လက်ခစား သက်သက်ဖြင့်သာ လုပ်ကိုင်နေရခြင်း ဖြစ်ကာ FOB စနစ်မှာမူ ကိုယ်တိုင် ထုတ်လုပ်ကာ တင်ပို့ခြင်း ဖြစ်သည်။“CMP ဆိုတာကတော့ အရင်းအနှီး မလိုဘူး။ သူတို့ဆီက Raw တွေ ယူတယ်။ သူ့ Raw တွေနဲ့ ချုပ်လုပ်ပြီး ပြန်ပို့ပေးတယ်၊ ကိုယ်က လက်ခပဲ ရတယ်ပေါ့။ ချုပ်ခလုပ်ခ ရတာပေါ့နော်။ FOB ကျတော့ ပိုကောင်းသွားပြီး ကိုယ့်ဟာနဲ့ကိုယ် Raw ဝယ်တယ်၊ ကိုယ့်ဟာနဲ့ကိုယ် ချုပ်တယ်၊ ကိုယ်ဟာနဲ့ကိုယ် ပြန်တင်ပို့တယ်။ ဆိုတော့ ကိုယ်က လက်ခတင် မကတော့ဘူး၊ FOB က ရောင်းဈေး ဖြစ်သွားတာပေါ့နော်။ ပိတ်စလည်း ဝယ်တယ်၊ ကြယ်သီးလည်း ဝယ်တယ်၊ ကြိုးလည်း ဝယ်တယ်၊ ကိုယ့်ဟာနဲ့ကိုယ် ချုပ်တယ်။ ပြီးတော့မှ အထည်ဈေးနဲ့ တစ်ထည်ကို ဒေါ်လာ ၁၀၀ ဆို ၁၀၀ ရတာပေါ့” ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။အကယ်၍ FOB စနစ်ဖြင့် လုပ်ကိုင်ရန် အတွက်မူ ဥပမာ-ဖိနပ် လုပ်ငန်းဆိုပါက ဖိနပ်ချုပ်ရန်အတွက် သားရေ တင်သွင်းရာတွင် အခွန်ပေးဆောင်ရကြောင်း၊ ယင်းသားရေဖြင့် ဖိနပ်ချုပ်လုပ်ပြီး ပြည်ပသို့ ပြန်တင်ပို့ပါက အခွန်ထပ်မံ ပေးဆောင်ရသဖြင့် ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ကိုင်ရန်အတွက် အခွန်နှစ်ထပ် ပေးဆောင်နေရ သကဲ့သို့ ဖြစ်နေကြောင်း၊ ထို့ပြင် သားရေ တင်သွင်းရာတွင် ပေးဆောင်ရသည့် အခွန်သည် ချုပ်လုပ်ပြီးသား ဖိနပ်တစ်ရံ တင်သွင်းသည့် အခွန်ထက် များနေခြင်းကလည်း လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။အထည်ချုပ် လုပ်ငန်းတွင် World Atlas Data အရ မြန်မာနိုင်ငံမှ ၂၀၁၅-၂၀၁၆ တွင် ကမ္ဘာကို တင်ပို့ခဲ့သည့် ကုန်ချော တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်ဖိုး ရှိကြောင်း၊ အဆိုပါ သန်း ၁၆၀၀ ကျော်ဖိုးမှာ မြန်မာနိုင်ငံ၏ ဝင်ငွေ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဝင်ငွေ အနေဖြင့်မူ အဆိုပါ သန်း ၁၆၀၀ ၏ ၁၀ ရာခိုင်နှုန်း ဝန်းကျင်ကိုသာ ရရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ချုပ်ခ အနေဖြင့်သာ ရရှိခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။“အဲဒီချုပ်ခထဲမှာမှ အမှန်အတိုင်း ပြောရရင် ဒီချုပ်ခက အလုပ်ရှင်ကရတာ မဟုတ်ဘူးနော်။ အလုပ်ရုံက ရသွားတာပေါ့။ အဲဒီချုပ်ခထဲမှာ ဘာကို သုံးရသလဲဆိုတော့ ဒီမှာ ဆိပ်ကမ်း ကပ်တာနဲ့ သင်္ဘောပေါ်က ချတာ။ Custom Clearance လုပ်တာ၊ ကုန်တင်ကား ငှားတာ၊ ဒီကားကို ကိုယ့်စက်ရုံရောက်သည် အထိ ဝေးရင်ဝေးသလို ပေးရတာ။ ပြီးရင် စက်ရုံရောက်တဲ့အထိ ဖြတ်၊ ညှပ်၊ ကပ်ထုတ်တဲ့ဟာ လုပ်ရတာ၊ နောက်ဆုံးသင်္ဘောပေါ် ပြန်တင်တဲ့ အချိန်အထိ စရိတ်ကပါတယ်။ ဆိုတော့ ချုပ်ခလို့ ပြောတဲ့ဟာမှာ အလုပ်သမားတွေရဲ့ လစာတွေလည်း ပါတယ်။ အကောက်ခွန်မှာ စရိတ်တွေလည်း ပါတယ်။ ပြီးရင် ကားငှားတာလည်း အကုန်လုံးပါတယ်။ အဲဒါအပြင် စက်ရုံရဲ့ အသုံးစရိတ် အကုန်လုံးလည်း ပါတယ်။ ရေဖိုး၊ လျှပ်စစ်မီးဖိုးတွေ ပါတယ်။ တချို့စက်ရုံတွေဆိုရင် အလုပ်သမားတွေ ထမင်းစရိတ်၊ ဖယ်ရီစရိတ်တွေ ဒါတွေအားလုံးက ဒီအထဲက သုံးရတာ။ ဒါကြောင့် အထည်ချုပ်မှာ ပြဿနာတွေ အများကြီး ကြားရတယ်ဆိုတာ အဲဒါကြောင့်လေ။ ဝင်တဲ့ဝင်ငွေက အမှန်အတိုင်း ပြောရရင် ပုံသေလို ဖြစ်နေတာ။ မြန်မာပြည် တစ်ခုတည်း ဒီလိုပေးတာ မဟုတ်ဘူးလေ။ လက်ခစား စနစ်နဲ့လုပ်တဲ့ တိုင်းပြည်တွေ အကုန်လုံးက ဒီလိုပဲရတာ။ ဒါပေမဲ့ ကိုယ်က ဒီဟာကို ကုန်ချောထုတ်တဲ့ အပေါ်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ရင်ပေါ့၊ ပိတ်ကိုဝယ်နိုင်ရင် ဥပမာ-ကိုယ်က ၁၀၀ နဲ့ဝယ်ပေါ့။ ဒီမှာ ၁၂၀ နဲ့လုပ်ရင် ပိတ်ဖိုးပေါ်မှာ အမြတ်နည်းနည်း ကျန်မှာပေါ့။ အဲဒီအကျိုးအမြတ်က မြန်မာပြည်ရဲ့ အထည်ချုပ် လုပ်တဲ့သူတွေမှာ မရှိဘူး။ တရုတ်ပြည်မှာတော့ အဲဒီတွေ အများကြီး ရှိတယ်။ ကိုယ်က အဲဒီလို အကျိုးအမြတ် မရှိတဲ့အခါ ကိုယ့်ရဲ့ ရတဲ့ဝင်ငွေဟာ ကျန်တဲ့ ကုန်ကြမ်းတွေ အပေါ်မှာ ဘာမှမရှိဘဲနဲ့ ချုပ်ခသက်သက် အပေါ်မှာပဲ ဖြစ်နေတာ။ ဘယ်နေရာကမှ လိုက်ပြီးယူလို့ မရဘူး။ အဲဒီဒုက္ခရှိတာ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။ထို့ပြင် ပြည်တွင်း လုပ်ငန်းရှင်များ ကိုယ်တိုင်ထုတ်လုပ်ကာ လုပ်ကိုင်နိုင်ရန်အတွက် အရင်းအနှီး လိုအပ်ချက်မှာလည်း ကြီးမားသည့် အခက်အခဲ တစ်ခုဖြစ်နေကြောင်း၊ အရင်းအနှီးအတွက် အစိုးရ အနေဖြင့် သက်သာသော အတိုးနှုန်းဖြင့် ကူညီ ထောက်ပံ့မှုများ ပြုလုပ်သင့်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။မြန်မာနိုင်ငံတွင် CMP လက်ခစား စနစ်ဖြင့် လုပ်ကိုင်နေသည့် စက်ရုံများမှာ အထည်ချုပ် လုပ်ငန်းများတွင် စက်ရုံ ၄၀၀ ခန့်ရှိကာ ဖိနပ်လုပ်ငန်းနှင့် အခြားစက်ရုံ ၁၀၀ ခန့်ရှိကာ စုစုပေါင်း စက်ရုံ ၅၀၀ နီးပါး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ CMP လက်ခစား လုပ်ငန်းများ နှစ် ၂၀ ကျော်ပြီ ဖြစ်သော်လည်း FOB စနစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသေးဟုဆို
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခု အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်