ခေတ္တ ရပ်နားထားသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ပထမပုံမှန် အစည်းအဝေးများကို မေ ၂ ရက်မှ စတင်ကာ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ပထမပုံမှန် အစည်းအဝေးများကို သင်္ကြန်ကာလ ရုံးပိတ်ရက် မတိုင်မီ ဧပြီ ၇ ရက်မှ စတင်ကာ ခေတ္တ ရပ်နားခဲ့ခြင်းဖြစ်သည်။ယခု ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတို့ အပါအဝင် ဥပဒေကြမ်းများစွာ တင်သွင်း ဆွေးနွေး အတည်ပြု ပြဋ္ဌာန်းမည်ဖြစ်သည်။လက်ရှိတွင် အမျိုးသား လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီများနှင့် ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မတီ အချို့တွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် တစ်ပတ်ခန့်စော၍ နေပြည်တော် လွှတ်တော်သို့ ရောက်ရှိနေပြီး ကော်မတီ အစည်းအဝေးများ ကျင်းပကာ ကော်မတီအလိုက် လေ့လာဆန်းစစ်ရန် ခွဲဝေပေးထားသည့် ဥပဒေကြမ်းများကို သုံးသပ်မှုများ ပြုလုပ်ခြင်းနှင့် ပြင်ဆင်ချက်များ ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနများ၏ လုပ်ငန်းများအား ကော်မတီဝင်များ သိရှိစေရန် ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။“ဦးရွှေမန်း ကော်မရှင် လွှတ်တော်တွေကို ဥပဒေ ၁၄၀ ကျော် ချပေးလိုက်တယ်။ ၁၄၀ ကျော်မှာ အန်ကယ်တို့က သင်္ကြန် မတိုင်ခင်မှာဘဲ ဒီ ၁၄၀ ကျော်ကို ခွဲထုတ်လိုက်တော့ ကိုယ်တို့လုပ်လို့ရတဲ့ ဥပဒေက ၈၀ ကျော်ပဲ ရှိတယ်။ ဆိုလိုတာက ဥပဒေ တချို့က တို့အရင်တုန်းက ပြည်ထောင်စု ဝန်ကြီးဌာနက တင်ထားတဲ့ ဥပဒေတွေ ရှိတယ်လေ။ နောက် ရပ်တန့်နေတဲ့ ဥပဒေတွေ ရှိတယ်။ အဲဒီမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြန်ပို့လိုက်ရတဲ့ ဥပဒေတွေ ရှိတယ်။ ပြောချင်တာက ၁၄၀ ကျော် ချတာ ဥပဒေထဲမှာ ၈၂ ခုလောက်ပဲ အသားတင် ကျန်တယ်။ အဲဒီ ၈၂ ခုကို အမျိုးသားနဲ့၊ ပြည်သူတို့ ခွဲယူထားတယ်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောကြားသည်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းဝေးများ ခေတ္တ မရပ်နားမီ ကျင်းပခဲ့သည့် ရက်များတွင် လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းခြင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ် တင်သွင်း အတည်ပြုခြင်းတို့ ဆောင်ရွက်ခဲ့သည်။ထို့ပြင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုသုံးခု ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသာ တိုက်ပွားများ ရပ်ဆိုင်းရေး သက်ဆိုင်ရာ အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း အဆို၊ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆို၊ နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲအပြီး နိုင်ငံမြေ၊ စက်ရုံ၊ စီးပွားရေး လုပ်ငန်းများ၊ စီမံကိန်းများကို အဆောတလျင် ခွင့်ပြုခြင်း မပြုရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတို့အား တင်သွင်း အတည်ပြုခဲ့သည်။အလားတူ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းဝေးတွင် ပြည်ထောင်စု လွှတ်တော်ရေးရာ ပူးပေါင်းကော်မတီများ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်းနှင့် နိုင်ငံတော် သမ္မတက ရွေးချယ်ခန့်အပ်သည့် ပြည်ထောင်စုဝန်ကြီးများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား အတည်ပြုပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် အစည်းအဝေးများကို ဖေဖော်ဝါရီ ၃ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ ရက်တွင် လည်းကောင်း စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ခေတ္တ ရပ်နားထားသည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ ပထမပုံမှန် လွှတ်တော်အစည်းအဝေးများ ယနေ့ ပြန်လည် ကျင်းပမည်















