ဘေးထွက် ဆိုးကျိုးရှိသော်လည်း

ဘေးထွက် ဆိုးကျိုးရှိသော်လည်း
Published 1 May 2016
ဘစံကောက်

လွန်ခဲ့တဲ့နှစ်ပိုင်းက ညဘက်သိပ်နေလို့မကောင်းတာနဲ့ အိပ်ရာထဲမှာပဲနေတုန်း မိတ်ဆွေတစ်ယောက်ကရောက်လာပြီး ဘာဖြစ်နေလဲလို့မေးပါတယ်။ အမှန်ကသိပ်ကြီးမခံသာအောင် နေမကောင်းတာမျိုးကြီး မဟုတ်ပါဘူး။ သာမန်လောက်ပါ။ ဒါပေမဲ့မိတ်ဆွေက နေမကောင်းဖြစ်နေတယ်လို့လည်း ပြောလိုက်ရော သူ့အိတ်ကပ်ထဲမှာ အသင့်ပါလာတဲ့ ဆေးကတ်ကိုထုတ်ပြီး တိုက်ပါလေရော။ ခက်တာကကျွန်တော်က အရမ်းအားနာတတ်တယ်။ ဒါတောင်မသောက်ပါရစေနဲ့လို့ နှစ်ခါသုံးခါ ငြင်းပါသေးတယ်။ ဒါလည်းမရဘူး။ သူ့ဆေးဟာအင်မတန် အစွမ်းထက်တဲ့အကြောင်း သူကိုယ်တိုင် မအီမသာ ဖြစ်နေတဲ့အခါ ဒီဆေးကိုသောက်လိုက်ရင် ချက်ချင်းကောင်းသွားတတ်တယ်ဆိုပြီး တာဝန်တွေခံနေလေတော့ သူ့ကိုအားနာတာနဲ့ သူပေးတဲ့ဆေးကို ကျွန်တော်အဲဒီညက သောက်လိုက်ပါတယ်။
အဲဒီညကတော့ ကောင်းကောင်းအိပ်ပျော်သွားပါတယ်။ ဒါပေမဲ့နောက်နေ့မနက် အိပ်ရာကလည်းထရော နေမကောင်းဖြစ်နေတာက ပျောက်သွားပြီး မခံသာတဲ့ နောက်ဝေဒနာတစ်မျိုးက ရောက်နေပါတော့တယ်။ တစ်ကိုယ်လုံးနုံးချည့်ပြီး ခြေတွေလက်တွေမသယ်ချင်အောင် ခံစားနေရပါတယ်။ အစားလည်း ဘာမှစားလို့မရပါဘူး။ သတိထားမိသလောက် လက်တွေက ဆတ်ဆတ်ဆတ်ဆတ် တုန်နေပါတယ်။ အဲဒီနေ့တစ်နေ့လုံး ဘာအစာမှမဝင်ဘဲ အိပ်ရာထဲမှာလဲနေပါတော့တယ် ။နောက်တစ်ရက် ဒီအတိုင်းပါပဲ။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး ဆေးခန်းကိုသွားပြရပါတယ် ။ဆရာဝန်ကကျွန်တော်ဖြစ်နေပုံကိုကြည့်ပြီး ဘာဆေးတွေသောက်သလဲလို့ မေးပါတယ်။ကျွန်တော်သောက်ခဲ့တဲ့ဆေးကို ဘာဆေးရယ်လို့တောင် ကျွန်တော်မသိပါဘူး။ဆရာဝန်က အသေအချာစမ်းသပ်ကြည့်ပြီးတဲ့နောက် မှတ်ချက်ပေးပါတယ်။ Side Effect ဖြစ်တာလို့ဆိုပါတယ်။တော်ပါသေးရဲ့။အသေအချာပြန်ကုလို့။နောက်တော့ ကောင်းသွားပါတယ်။ ဒါပေမဲ့အဲဒီနေ့ကစပြီး ဆရာဝန်ညွှန်ကြားတာမဟုတ်ရင် ဘယ်ဆေးကိုမှအလွယ်တကူနဲ့ မသောက်ဝံ့တော့ပါဘူး။တစ်ခါတည်းနဲ့ သင်ခန်းစာ ရသွားတော့တာပါပဲ။
အမှန်တော့လူသားတွေ ရောဂါဝေဒနာ ခံစားနေရရင် ကုသဖို့အတွက် ဆေးဝါးတွေကို ထုတ်လုပ်သုံးစွဲကြပါတယ်။ ဒီဆေးတွေဟာ အာနိသင်လည်းရှိပါတယ်။အစွမ်းလည်း ထက်ပါတယ်။ဒါပေမဲ့ အဲဒီဆေးတွေမှာ ဝေဒနာကို ပျောက်ကင်းသက်သာစေနိုင်တဲ့ အစွမ်းသတ္တိလည်းရှိသလိုသူနဲ့ ဆန့်ကျင်ဘက် ဝေဒနာတစ်မျိုးကို ဖြစ်စေနိုင်တဲ့ နောက်အာနိသင်တစ်မျိုးလည်း ပါရှိနေတတ်တာကို တွေ့ရပါတယ်။ ပြောရရင် (Side Effect) ဘေးထွက်ဆိုးကျိုးပါပဲ။ ပြောရရင် ကျွန်တော်ခပ်ငယ်ငယ်က နေမကောင်းလို့ ဆေးခန်းကိုသွားပြရင် ဆရာဝန်ကအက်စ်ပရင်ဆိုတဲ့ ဆေးတစ်မျိုးထည့်ပေးပါတယ်။အဲဒီဆေးကိုသောက်လိုက်ရင် နေမကောင်းတာတော့ ပျောက်သွားပါရဲ့။ဒါပေမဲ့ကျွန်တော့်နှုတ်ခမ်းမှာ အမဲကွက်ကြီးတွေ ပေါ်လာပါတယ်။နောက်တော့ဆရာဝန်က ကျွန်တော်အက်စ်ပရင်နဲ့ မတည့်မှန်းသိလို့ ထည့်မပေးတော့ပါဘူး။ဒါ့အပြင် အနောက်တိုင်း ဆေးဝါးမှာ အင်မတန်အစွမ်းထက်တဲ့ ဆေးတစ်မျိုး ရှိနေပါသေးတယ်။
ပင်နီဆလင်ဆိုတဲ့ ဆေးတစ်မျိုးပါ။ အလွန်ကောင်းတဲ့ဆေးပါ။ ဒါပေမဲ့အဲဒီဆေးနဲ့ မတည့်တဲ့သူတွေကို ပင်နီဆလင်ဆေး ထိုးပေးလိုက်ရင် အသက်တောင်ဆုံးရှုံးရတာတွေ ရှိပါတယ်။ဒါကြောင့်လည်း ဆရာဝန်တွေက လူနာကို ပင်နီဆလင်ထိုးဆေး သုံးတော့မယ်ဆိုရင် ပထမဦးဆုံးစမ်းသပ်ရပါတယ်။ တည့်တယ်ဆိုမှ ထိုးပေးကြပါတယ်။ ဒါပေမဲ့တစ်ခါထိုးလို့ တည့်တယ်ဆိုပြီး ပေါ့လို့မရပါဘူး။ နောက်တစ်ခါတည့်ချင်မှ တည့်တတ်တာမို့ ပင်နယ်စလင် ထိုးမယ်ဆိုတိုင်း စမ်းသပ်တာက အကောင်းဆုံးပါပဲ။ အမှန်တော့ အလွန်ကောင်းတဲ့ ဆေးဝါးတစ်မျိုး ဖြစ်စေကာမူ သူ့မှာဘေးထွက်ဆိုးကျိုး ရှိနေတတ်တာကို သတိပြုသင့်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးဆိုတာ ဆေးဝါးမှာတင် ရှိနေတာတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ရင် ဘယ်လိုစနစ်မျိုးတွေ ကျင့်သုံးပြီး နိုင်ငံတော်ကို တည်ဆောက်ကြမယ်ဆိုတာ နိုင်ငံကိုခေါင်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အမျိုးမျိုးစဉ်းစားခဲ့ကြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြတဲ့သူတွေ ကိုယ်တိုင်မှာကို ဝိဝါဒအမျိုးမျိုးကွဲခဲ့ကြပြီး တချို့သောပုဂ္ဂိုလ်တွေက ကွန်မြူနစ်ဝါဒကို ဒီနိုင်ငံမှာကျင့်သုံးဖို့ လိုလားကြပါတယ်။ ဒါပေမဲ့ကွန်မြူနစ်စနစ်ကို အကောင်းဆုံးပုံစံနဲ့ မြင်တွေ့ဖူးတာဆိုလို့ စာအုပ်တွေပဲရှိပါတယ်။ အပြင်မှာချပြီး လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ အောင်မြင်ဖို့မလွယ်ကူတာ တွေ့ရပါတယ်။ ကွန်မြူနစ်စနစ်က မကောင်းလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ပမာအားဖြင့် 'ကွန်မြူနစ်စနစ်ကို ကျင့်သုံးတဲ့အခါ လူတိုင်းချမ်းသာဖို့ မဖြစ်နိုင်ပေမယ့် လူတိုင်းဆင်းရဲဖို့တော့ ဖြစ်နိုင်ပါတယ်'လို့ အနောက်တိုင်း နိုင်ငံရေးသုတေသီတစ်ဦး ပြောဖူးသလို ကွန်မြူနစ်ဝါဒကိုကျင့်သုံးပြီး လူတိုင်းတန်းတူညီမျှ ဖြစ်ဖို့ဆိုရင် တစ်တိုင်းပြည်လုံး ဆင်းရဲမှသာ အောင်မြင်မယ့် သဘောပါပဲ။
ထိုနည်းတူ ဆိုရှယ်လစ်ဝါဒမှာ အရင်းရှင်စနစ်ကို အမြစ်ပြတ်တူးထုတ်ပြီး ခေါင်းမထောင်နိုင်အောင် အပြတ်ရှင်းရတာမို့ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုလို့မဖြစ်ပါဘူး။ အားလုံးနိုင်ငံပိုင်ပြုလုပ်ပြီး ပြည်သူပိုင် စီးပွားရေးလုပ်ငန်းတွေကို ထူထောင်တဲ့အခါ နောက်ပိုင်းမှာစီမံခန့်ခွဲမှုအမှား ၊ဗဟိုချုပ်ကိုင်မှုတွေ များပြားပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ပြိုလဲကုန်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေလည်း မရှိတော့တာမို့ အလုပ်လက်မဲ့ပြဿနာတွေ ပေါ်လာပြီး ပြည်သူအများ စီးပွားရေးကျပ်တည်းကုန်ပါတယ်။ ခုနောက်ပိုင်း ဆိုရှယ်လစ်နိုင်ငံတွေ ဖြုတ်ခနဲ ဖြုတ်ခနဲ ပျောက်ကွယ်သွားကြတာကို ကြည့်ရင်ရေရှည်မှာ မအောင်မြင်နိုင်ဘူး ဆိုတာကို သိသာစေပါတယ်။
ဒါဖြင့်ဒီမိုကရေစီစနစ် ကျင့်သုံးရင်ကောလို့ မေးစရာရှိပါတယ်။အလွန်ကောင်းတဲ့စနစ်တစ်ခုဖြစ်လို့ သူ့မှာအပြစ်အနာအဆာ လုံးဝမရှိဘူးလို့ ထင်စရာရှိပေမယ့် သူ့မှာလည်းထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါပဲ။ဒီကနေ့ဒီမိုကရေစီစနစ်နဲ့ အောင်မြင်ကြီးပွားနေတဲ့ နိုင်ငံတွေကိုကြည့်ရင် ရုပ်ဝတ္တုပိုင်းမှာ တိုးတက်ကောင်းမွန်လာတာတွေ တွေ့လာရပေမယ့် မကြာခဏဆန္ဒပြမှုတွေ အဓိကရုဏ်းတွေကို နှိမ်နင်းရတဲ့အလုပ်တွေ ပိုလာပါတယ်။တချို့နိုင်ငံတွေမှာ မကြာခဏအစိုးရ အပြောင်းအလဲတွေဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ် ဖြစ်ရတာလည်း ရှိပါတယ်။အထူးသဖြင့် အစိုးရနဲ့ ပြည်သူတွေ ညီညီညွတ်ညွတ်မရှိရင် ပြဿနာအမျိုးမျိုး ပေါ်တတ်တာလည်း တွေ့ရပါတယ်။
ဒါကိုတွေးပြီးကြောက်နေရင်တော့ ဘယ်စနစ်မှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်တွေမှာ အားသာတဲ့အချက်က ပြည်သူတွေကိုယ်တိုင် အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ခွင့်ရနေတာပါပဲ။ ဒါကြောင့်ဒီအခွင့်အရေးကို ပြည်သူတွေအနေနဲ့ အမိအရဆုပ်ကိုင်တတ်ဖို့ လိုသလို အမြင်ကျယ်ပြီး စိတ်ရှည်သည်းခံတတ်ဖို့ လိုပါတယ်။အထူးသဖြင့် တိုင်းပြည်အပေါ်မှာစေတနာထားပြီး ကောင်းမွန်စွာအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်ရဲ့လက်ထဲကို တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ အပြည့်အဝရရှိအောင် အုပ်ချုပ်နိုင်အောင် အကူအညီပေးရပါလိမ့်မယ်။
လက်ရှိတိုင်းပြည်မှာ ကျင့်သုံးနေတဲ့တရားဥပဒေတွေနဲ့ တရားစီရင်ရေးကို လေးစားလိုက်နာဖို့လည်း လိုပါတယ်။တချို့ဥပဒေတွေဟာ လက်ရှိအခြေအနေနဲ့ မကိုက်ညီတာတွေရှိရင်လည်း တဖြည်းဖြည်း ပြုပြင်သွားကြရမှာပါပဲ။ကိုယ့်သဘော၊ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတဲ့အခါတိုင်း အစိုးရကို လူစုလူဝေးနဲ့ ဖိအားပေးတာကြီးဟာ အစိုးရကို အကျပ်အတည်းနဲ့ တွေ့ကြုံစေပြီး လုပ်ရကိုင်ရခက်တဲ့ အခြေအနေမျိုးကြုံစေနိုင်တာမို့ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီ ပြည်သူ့အသံကို အစိုးရကကြားနိုင်အောင် လွှတ်တော်ကို အသုံးချတတ်ဖို့လည်း လိုမှာအမှန်ပါပဲ။
အားလုံးခြုံပြီး ပြောရရင် လုံးဝပြီးပြည့်စုံပြီး ပြုပြင်စရာမရှိအောင် ကောင်းမွန်တဲ့စနစ်ဆိုတာ မရှိပါဘူး။ စနစ်တိုင်းစနစ်တိုင်းမှာ အားသာတဲ့အချက်၊ ကောင်းမွန်တဲ့အချက်တွေရှိသလို အားနည်းတဲ့ ၊ချို့ယွင်းတဲ့ အချက်တွေလည်း ရှိနေတာချည်းပါပဲ။ တကယ်တော့စနစ်က အဓိကဆိုတာထက် စနစ်ကိုကိုင်တွယ်ပြီး ကျင့်သုံးလုပ်ကိုင် ဆောင်ရွက်နေကြတဲ့ လူတွေကသာအဓိကပါ။ ဒီအထဲမှာ ပြည်သူတွေကပိုပြီး အခရာကျပါတယ်။ ပြည်သူတွေ မပါဝင်ရင်၊ ပြည်သူတွေသာ မပူးပေါင်းမဆောင်ရွက်ရင် ဘယ်လောက်ကောင်းတဲ့စနစ်ပဲ ဖြစ်ပါစေ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုရင်လည်း ပြည်သူတွေက ဒီမိုကရေစီစနစ်ရဲ့ကျင့်ထုံးတွေ၊ဒီမိုကရေစီစံနှုန်းနဲ့အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်တဲ့ အကျင့်တွေ ထွန်းကားလာဖို့လိုပါတယ်။
လူသားတွေကို အကျိုးပြုနေတဲ့ ဆေးဝါးတွေမှာလည်း ဘေးထွက်ဆိုးကျိုးရှိပါတယ်။သတိနဲ့ယှဉ်ပြီး သုံးစွဲတတ်ရင် ရောဂါပျောက်ကင်းတဲ့ အကျိုးကိုရနိုင်ပါတယ်။ ဒီလိုပဲဒီမိုကရေစီစနစ်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ အမြော်အမြင်ရှိရှိ သတိတရား လက်ကိုင်ထားပြီး ကျင့်သုံးလုပ်ကိုင်သွားမယ်ဆိုရင် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အကျိုးတရားကို ရစေနိုင်မှာ သေချာပါတယ်။