အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပိုမိုအကောင်အထည် ဖော်နိုင်မလား ဆိုသည်ကို မျှော်လင့်နေချိန် တပ်စခန်း ဖယ်ပေးရန် ရာဇသံပေးခြင်းမှာ ငြိမ်းချမ်းရေးအတွက် မကောင်းဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးစိုင်းဆုက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
SSPP/SSA အဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှုတွင် မပါဝင်ခဲ့သော်လည်း အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်က တောင်ကြီးမြို့၌ လက်မှတ်ရေးထိုး ထားခဲ့သည့် အဖွဲ့ဖြစ်သည်။
အစိုးရနှင့် SSPP/SSA အဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က သဘောတူညီမှု ရရှိခဲ့သော်လည်း သဘောတူညီမှုများ အကောင်အထည်ဖော်မှု အားနည်းခဲ့ကြောင်း၊ လက်မှတ်ရေးထိုးအပြီး နောက်ပိုင်းတွင်လည်း နှစ်ဖက်အကြား တိုက်ပွဲများစွာဖြစ်ပွားခဲ့ရာ ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားမှု သုံးကြိမ်တိုင်တိုင် ရှိခဲ့ကြောင်း ဗိုလ်မှူးစိုင်းဆုက ဆိုသည်။
ဗိုလ်မှူးစိုင်းဆုက "ဒီကြားထဲမှာလည်း မလိုလားအပ်တဲ့ လွိုင်လန်တပ်စခန်း လွိုင်ကျေးပေါ့ တန့်ယန်းမြို့နယ်မှာ တောင်ပေါ်မှာ မိုင်းကောင်နဲ့ တန့်ယန်းကြားမှာရှိနေတဲ့ ကျွန်တော်တို့ တပ်စခန်းကို ဆုတ်ခိုင်းနေတယ်။ ဆုတ်ခိုင်းတဲ့ နေရာမှာ ဗဟိုက လူကြီးတွေ ပြောပြချက်အရ အခြေအနေက သူတို့က ဖြစ်ချင်တာကိုပဲ ပြောနေကြတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာကိုကျတော့ အပြန်အလှန်ညှိနှိုင်းမှု အားနည်းနေတယ်။ သူတို့က သံတမန်နည်း မဟုတ်တော့ဘဲ သူတို့က ရာဇသံ အမိန့်ပေးတဲ့ သဘောမျိုး မဆုတ်မနေရဆိုတဲ့ သဘောမျိုး ဖြစ်တဲ့အခါကျတော့ ဒါကအမိန့်ပေးတဲ့ ပုံစံဆိုတော့ အဆင်မပြေဘူး ဖြစ်နေတယ်" ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက "ကျွန်တော်တို့က ငြိမ်းချမ်းရေး ချုပ်ဆိုပြီးတာတောင်မှ ကျွန်တော်တို့ကို ငြိမ်းချမ်းရေး အဖွဲ့အစည်းလို့ မမှတ်တော့ဘဲ ကျွန်တော်တို့ကို ရန်သူလို သူတို့က အဲဒီလိုမျိုး လုပ်လုပ်နေတယ်ဗျ။ အဲဒါတွေကျတော့ တပ်မတော်ဘက်က နည်းနည်းစဉ်းစား သင့်တယ်လို့ ပြောချင်တယ်ဗျ။ ငြိမ်းချမ်းရေးက ဒီလိုပုံစံဆိုရင် ကျွန်တော်တို့က လွန်ခဲ့တဲ့ စာချုပ်က အတည်မပြုတော့ဘူး ဆိုရင်လည်း သူတို့က ကြေညာလိုက်ရင်လည်း တစ်မျိုး အဲဒီလို ကြေညာပြီး စစ်ဖြစ်ရင် တစ်မျိုးပေါ့။ အခုက ကန့်သတ်စစ်ဆင်ရေးခွင် သတ်မှတ်ပြီးတော့ ဖယ်ခိုင်းလိုက်။ မဖယ်ရင် တိုက်လိုက်။ ကျွန်တော်တို့ကို ခြင်းထဲမှာ မောင်းထည့်တဲ့ ပုံစံမျိုး လုပ်လုပ်နေတယ်။ အစိုးရသစ် တက်လာတာနဲ့ ကျွန်တော်တို့ မျှော်လင့်စောင့်စားနေတဲ့ ငြိမ်းချမ်းရေး လာမယ့်အစိုးရကို ငြိမ်းချမ်းရေးပိုပြီးတော့ အကောင်အထည် ဖော်သွားနိုင်မလားဆိုတာ ကျွန်တော်တို့က မျှော်မှန်းစောင့်ဆိုင်းရင်းနဲ့ အခုက ဟိုရာဇသံ ဒီရာဇသံပေးတဲ့ အခါကျတော့ သိပ်မကောင်းဘူးပေါ့။ ငြိမ်းချမ်းရေး အခြေအနေက သိပ်မကောင်းဘူးလို့ ပြောနိုင်တယ်" ဟု ပြောကြားသည်။
ထိုသို့ SSPP/SSA တပ်စခန်းအား တပ်မတော်ဘက်မှ ဖယ်ရှားခိုင်းသည်ဟု SSPP/SSA တာဝန်ရှိသူများက ထုတ်ဖော်ပြောဆို ထားမှုနှင့် ပတ်သက်၍ တပ်မတော် အဆင့်မြင့် အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရရှိပေ။
တပ်မတော်နှင့် SSPP/SSA တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာက ရှမ်းပြည်နယ် အတွင်း၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ရောက်ခဲ့ကြရပြီး နေရပ်စွန့်ခွာကာ နေထိုင်ခဲ့ကြရသည့် အခြေအနေမျိုးထိ ဖြစ်ပေါ်ခဲ့ရာ အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် SSPP/SSA အဖွဲ့တို့ တွေ့ဆုံညှိနှိုင်း၍ နှစ်ဖက်တပ်များ ပြန်လည်ဆုတ်ခွာရေး ဒုက္ခသည်များ နေရပ်ပြန်ရေးတို့ ဆောင်ရွက်ရန် သဘောတူညီမှု ရခဲ့ကြသည်။
"စာချုပ်အပေါ် ဟိုလိုဒီလို အမြတ်မထုတ်ပါနဲ့လို့ အဲဒီလိုမျိုးတော့ ခဏခဏ ပြောနေကြတယ်။ အမှန်တကယ်မှာ ကျွန်တော်တို့ အမြတ်ထုတ် ထားတာလည်း မရှိပါဘူး။ ကျွန်တော်တို့က ဝမ်ဟိုင်းဌာနချုပ်ကို အခြေချပြီး ရောက်ရှိနေတဲ့ နေရာတွေကို ယာယီနေထိုင်ခွင့်ပြုသည် ဆိုတဲ့ဟာရှိတယ်။ အဲဒီအချက်အလက် နောက်ပိုင်းမှာ ကျွန်တော်တို့က ဘာမှသဘောတူညီထားတာ မရှိတော့ပါဘူး။ မရှိတော့ ဟိုဟာမောင်းထုတ်လိုက် ဒီဟာဖယ်ပေးလိုက် အဲဒီလိုမျိုး ရာဇသံလို သဘော သူတို့က ဖြစ်ချင်တဲ့ဟာ ကျွန်တော်တို့ လိုက်လျောမှု အားနည်းသွားရင်လည်း သူတို့က ဖြစ်ချင်တဲ့ဟာပဲ ပြောကြတာလေ။ အဲဒီလိုမျိုးဆို ကျွန်တော်တို့ဘက်က အဆင်မပြေတော့ ကျွန်တော်တို့က မလုပ်နိုင်ဘူးလေ။ မလုပ်နိုင်တော့ သူတို့က စစ်အင်အား အလုံးအရင်းနဲ့ ကျွန်တော်တို့ကို လာတိုက်ခဲ့ကြတာပါပဲ" ဟု ဗိုလ်မှူးစိုင်းဆုက ဆိုသည်။
အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပိုမိုအကောင်အထည် ဖော်နိုင်မလား ဆိုသည်ကို မျှော်လင့်နေချိန် တပ်စခန်းဖယ်ပေးရန် ရာဇသံပေးခြင်းမှာ ငြိမ်းချမ်းရေးအတွက် မကောင်းဟု ရှမ်းလက်နက်ကိုင် SSPP အဖွဲ့ တာဝန်ရှိသူပြောကြား















