၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၁၄၀ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၁၇ မှ ၂၀၃၀ အထိ ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာခြောက်ဘီလျံမှ ရှစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်ခန့်မှန်း

၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၁၄၀ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂၀၁၇ မှ ၂၀၃၀ အထိ ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာခြောက်ဘီလျံမှ ရှစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန်ခန့်မှန်း
Published 22 April 2016
စည်သူအောင်

လာမည့် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၁၄၀ ဝင် ရောက်ရန် မျှော်မှန်းထားပြီး ၂၀၁၇ မှ ၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှတစ်နှစ်လျှင်  ဒေါ်လာ ခြောက်ဘီလျံမှ ရှစ်ဘီလျံအထိ ရင်းနှီးမြှုပ်နှံ မှုဝင်ရောက်ရန် ခန့်မှန်းထားကြောင်း ၂၀၁၅  ခုနှစ်တွင် ရေးဆွဲထားသည့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် မျှော် မှန်းထားသည်။
အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာဖြင့် ဝင်ရောက်လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ပျမ်းမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံ ဝင်ရောက်နှုန်းကို ဒေါ်လာ ခြောက်ဘီလျံ၊ ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်အထိ ပျမ်းမျှနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်းကို ဒေါ်လာရှစ်ဘီလျံ အထိရှိရန် ခန့်မှန်းထားခြင်းဖြစ်သည်။
နှစ်အပိုင်းအခြားအလိုက် မူဝါဒချမှတ် မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာစေခြင်း၊ မြန်မာနိုင်ငံ ၏ စီးပွားရေးအတွက် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များ ရရှိစေခြင်း၊ ပြည်တွင်းဈေးကွက်နှင့် ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း ကိစ္စရပ်များ ဆောင်ရွက်မည်ဖြစ်သည်။ ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အတွင်း စက်မှုလုပ်ငန်းမျိုးစုံ အခြေခံခြင်း၊ မြန်မာ နိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် နှိုင်းယှဉ်အကျိုးကျေးဇူး အသုံးချခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင် အပြည့်အ၀ ယုံကြည်မှုရရှိစေရန် ဆောင်ရွက် ခြင်းတို့ကို ဦးတည်မည်ဖြစ်သည်။ ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်တွင်မူ စဉ်ဆက်မပြတ် တိုးတက်မှုကို အဓိကထားပြီး လုပ်ငန်းများအတွက် အမျိုးမျိုးသော အထောက်အပံ့ပေးခြင်း၊ အခြေခံ အဆောက်အအုံများ စုစည်းဖြစ်ထွန်းစေခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှု စဉ်ဆက်မပြတ် ရှိလာပြီး စက်မှုလုပ်ငန်းများ တိုးတက်စေခြင်း စသည့်မဟာဗျူဟာများ ချမှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကျယ်ပြန့်သော သဘာဝဓာတ်ငွေ့၊ ရေနံသိုက်များ အပါအဝင် သဘာ၀ သယံဇာတများစွာ ပေါကြွယ်ဝသော်လည်း ပြောင်းလဲထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအရ လိုအပ်လျက်ရှိသော စက်မှုကုန်ထုတ်နှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုမှတစ်ဆင့် ဒေသတွင်း လူမှုအကျိုးစီးပွား၊ ဖြစ်ထွန်းစေသော လုပ်ငန်းများကို အားထုတ်ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
ယခင်က စီးပွားရေး ပိတ်ဆို့မှုများကြောင့် နှောင့်နှေးခဲ့ရသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ယခုအခါ ပြန်လည်ရရှိလာပြီဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင်  ငွေရေးကြေးရေးကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ လျော့နည်းလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူများဖြစ်သည့် တာဝန်ယူမှုရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ကျယ်ပြန့်စွာ ပေါ်ထွက်လာရန် မျှော်လင့်ချက် ထားရှိနိုင်ကြောင်း အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလျံဝင်ရောက်ရန် ခွင့်ပြုထားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၉ ဒသမ ၄၈ ဘီလျံ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။