ဒီနှစ်သစ်ကူး အခါသမယမှာ ကျွန်မတို့ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာ ချမ်းသာကြပါစေ။ ဘေးဘယာ ဝေးကွာကြ ပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့လိုက်ပါတယ်။
ကျွန်မတို့ ဒီလိုမင်္ဂလာရှိတဲ့ အချိန်အခါမှာ ပြည်သူလူထုကို နှုတ်ခွန်းဆက်ခွင့် ရတဲ့အတွက်လည်း အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မတို့အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ကနေပြီးတော့ နှစ်သစ်ကူး အချိန်ကာလမှာ တာဝန်ယူရတာလည်း အတိတ်နိမိတ် ကောင်းတယ်လို့ ကျွန်မယူဆပါတယ်။
အသစ်ကိုပြောင်းတဲ့အချိန်မှာ ကောင်းမွန်တဲ့ သစ်ဆန်းမှုတွေကို ကျွန်မတို့ တည်ဆောက်တဲ့အချိန်ကာလမို့လို့ အတိတ်နိမိတ်ကောင်းတယ်လို့ ဆိုလိုတာပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဆိုတဲ့ အသုံးအနှုန်းကိုလည်း ကျွန်မ အဓိပ္ပာယ်နည်းနည်းလေးရှင်းပြချင်ပါတယ်။ ဒီဟာဟာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီကနေပြီးတော့ စိုးမိုးတယ်၊ အာဏာယူတယ်၊ အုပ်ချုပ် ပိုင်ခွင့်ကိုရ ယူတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး။
ကျွန်မပြောချင် တဲ့ အဓိပ္ပာယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီက ပြည်သူလူထုကိုတင်ပြခဲ့တဲ့ မူဝါဒတွေအပေါ်မှာ အခြေခံပြီးတော့ ဆောက်တည်မယ့် အုပ်ချုပ်မှု စနစ်မျိုးဖြစ်တယ်လို့ ကျွန်မ ပြောချင်တာပါ။ တာဝန်ယူမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောချင်တာပါ။ ဒီတော့ တာဝန်ယူမယ်ဆိုတဲ့အခါမှာ ကျွန်မတို့အဖွဲ့ချုပ်ကသတ်မှတ်ထားတဲ့မူတွေ အရ၊ အခြေခံမူတွေအရ တာဝန်ယူမှာပါ။
ဒီအခြေခံမူများဟာ အားလုံးသိတဲ့အတိုင်းပဲ အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်း လဲရေး၊ ဒီမိုကရေစီစနစ်ရှင်သန်ပြီးတော့ အမြစ်တွယ်အောင်လို့ လုပ်ရေး တို့ဖြစ်ပါတယ်။
အရေးကြီးဆုံးကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ တိုးတက်ဖို့၊ ချမ်းသာဖို့ဆိုလို့ရှိလို့ရှိရင် ညီညွတ်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ ဒါကြောင့်မို့လို့ ဒီအစိုးရဟာ အမျိုးသား ရင်ကြား စေ့ရေးကိုဦးတည်တဲ့ အစိုးရလို့ပြောတဲ့အခါမှာ ကျွန်မတို့ ပါတီကို ထောက်ခံမဲ ပေးခဲ့တဲ့ ပြည်သူလူထုအတွက်တင်မဟုတ်ဘူး။ ကျွန်မတို့ကို မဲမပေး၊ မထောက်ခံတဲ့ ပြည်သူတွေအတွက်လည်း ဒီအစိုးရဟာ တာဝန်ယူမှာပါလို့ ကျွန်မက ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ကျောသား ရင်သား ခွဲခြားမှာမဟုတ်ပါဘူး။
ဒီမိုကရေစီအရ ပြည်သူလူထုက ရွေးချယ်လို့တက်လာတဲ့အစိုးရဆိုတာဟာ လူတိုင်းအတွက် နိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် တာဝန်ယူရမှာပါ။ အားလုံးကိုမျှမျှတတ မေတ္တာ၊ စေတနာနဲ့ ဆက်ဆံရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အမျိုးသားရင်ကြားစေ့ရေးကို အင်မတန်မှ အလေးထားပါတယ်။ ဒီလို အလေးထားပြီးလုပ်ဆောင်တဲ့နေရာမှာ ပြည်သူပြည်သားများ အားလုံးကလည်း ပါဝင်ပြီးတော့ ကျွန်မတို့ကိုပံ့ပိုးမယ်လို့ ကျွန်မတို့မျှော် လင့်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင် တယ်ဆို တာဟာ နိုင်ငံ သူ နိုင်ငံ သားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။ တရားဥပဒေ ဆိုတာဟာ တရားမျှတ ရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင် တဲ့ဥပဒေ တွေရှိရမှာဖြစ်ပါတယ်။
ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိ ရမယ်။ နိုင်ငံတကာကလက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။ တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။ လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာထင်ရှားရမယ်။ တရားမျှတ ရုံနဲ့မလုံလောက်ဘူး။ တရားမျှတခြင်းရှိပါတယ်ဆိုတာ ထင်သာမြင် သာ ဖြစ်ရပါလိမ့်မယ်။ အဲဒါကတော့ အခြေခံတစ်ခုပါပဲ။
နောက်တစ်ခုက တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ မူတစ်ခုကတော့ မည်သူမဆို အပြစ်ရှိတယ်ဆိုတာကို ခိုင်လုံတဲ့သက်သေ သာဓက မရှိလို့ရှိရင် အပြစ်မဲ့လို့ သတ်မှတ်ရပါလိမ့်မယ်။ ဒါဟာ တရားဥပဒေရဲ့ အခြေခံလိုအပ်တဲ့မူ တစ်ခုရှိပါတယ်။ အပြစ်ရှိတဲ့ လူများပင်လျှင် တရားဥပဒေအရ စီရင်တဲ့အခါမှာ တရားဥပဒေ ထိရောက်မှုကို အကြင်နာ၊ ကရုဏာနဲ့ပျော့ပျောင်းအောင် လုပ်ရမယ်ဆိုတဲ့အဆိုလည်းရှိပါတယ်။ ဒီလိုအကြင်နာ၊ ကရုဏာနဲ့ တရားဥပဒေရဲ့ထိရောက်မှုကို ပျော့ပျောင်းအောင်လုပ်တဲ့ ခြေလှမ်းတစ်ခုအနေနဲ့လည်း ကျွန်မတို့ သမ္မတကြီးကနေပြီးတော့ ဒီနှစ်သစ်ကူးအခါသမယမှာ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတွေကို လက်မှတ်ထိုးပြီးတော့ သဘောတူခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့တရားဥပဒေစိုးမိုးရေး ဆိုတာဟာ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးဖို့ ဖြစ်ပါတယ်။
ပြည်သူတွေကိုချုပ်ချယ်ဖို့မဟုတ်ပါဘူး။ ဖိနှိပ်ဖို့မဟုတ်ပါဘူး။ တချို့ တွေက ဥပဒေဆိုရင် ကြောက်ကြပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ဖိနှိပ်ဖို့လို့ထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူးဆိုတာ ကျွန်မအနေနဲ့ရှင်းလင်း ပြီးတော့ ပြောချင်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ကျွန်မတို့ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း အင်မတန်မှ အရေးကြီးပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ကျွန်မတို့ငြိမ်းချမ်းရေးကို ဆောက်တည်လို့မရပါဘူး။ ငြိမ်းချမ်းရေးအကြောင်းပြောနေတဲ့ တစ်ချိန်တည်းမှာ ကျွန်မပြောချင်တာဟာ ကျွန်မတို့ဟာ အရင်အစိုးရရဲ့လုပ်ရပ်တွေအားလုံးကို ပစ်ပယ်တဲ့စိတ်ဓာတ် မရှိပါဘူး။
အကောင်းတွေလုပ်ခဲ့တာကို ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ ဒီဟာတွေပေါ် မှာ ဆက်ပြီးတော့ ဆောက်တည်သွားပါမယ်။ ဒါကြောင့်မို့လို့ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးစတင်ပြီးတော့ လုပ်ခဲ့တဲ့အတွက် ကျွန်မတို့ဒါကို အများကြီးတန်ဖိုးထားပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံးပါဝင်သင့်တဲ့ အဖွဲ့အစည်း များပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်။
ငြိမ်းချမ်းရေးညီလာခံများကနေတစ်ဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ခုနကပြောတဲ့ ကျွန်မတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ဟာ အင်မတန် မှ လေးလေးနက်နက်ကို ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း လိုအပ်ပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို ပေါက်ဖွားစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်ဖို့လိုပါတယ်။ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လုပ်တဲ့နေရာမှာ ကျွန်မတို့ဟာ ပြည်သူ လူထုကိုမထိခိုက်တဲ့နည်းတွေပဲ ကျွန်မတို့သုံးမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ အေး ချမ်းမှုကို ထိခိုက်တဲ့နည်းတွေနဲ့ ကျွန်မတို့ လုပ်ဆောင်သွားမှာမဟုတ်ပါဘူး။
ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြဲပဲကိုင်စွဲခဲ့တဲ့မူပါ။ ပြည်သူ မနာစေရပါဘူး။ လုပ်စရာရှိရင် ကျွန်မတို့ ရှေ့ကနေခံစရာရှိရင်ခံပါမယ်။ အနောက်ကနေ ကာစရာရှိရင် ကာပါမယ်။ ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေသာ သုံးစွဲပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံကိုမှန်ကန်တဲ့လမ်းပေါ်ကိုပို့ဖို့ ဆိုတာဟာ ကျွန်မတို့အခု အစိုးရသစ်ရဲ့ အင်မတန်မှခိုင်မာတဲ့ အခြေခံမူ တစ်ခုဖြစ်ပါတယ်လို့ ပြောပါရစေ။
ကျွန်မတို့အခု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ စဉ်းစားတဲ့အခါမှာ အရေးကြီးဆုံးအချက်တစ်ခုကဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူနံပါတ်(၄)မှာပါတဲ့အချက်ပါ။ အဲဒါ ကတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဟာ နိုင်ငံသားများဆီက ဆင်းသက်တယ်။ နိုင်ငံတစ်ဝန်းလုံးမှာတည်ရှိတယ်။ ဒါဟာ ဒီမိုကရေစီရဲ့အခြေခံမူပါပဲ။
ဒါကိုကျွန်မတို့လုံးဝလက်ခံတယ်။ ဒါကိုလည်း လုံးဝကျင့်သုံးသွားပါ မယ်။ နိုင်ငံသူနိုင်ငံသားတွေဟာ အဓိကပါပဲ။ နိုင်ငံသူနိုင်ငံသားများဟာ ပထမ၊ နိုင်ငံသူနိုင်ငံသားများဟာ ဒုတိယ၊ နိုင်ငံသူနိုင်ငံသားများဟာ အဆုံးအထိပဲ။ နိုင်ငံသူနိုင်ငံသားများအတွက် နိုင်ငံကဖြစ်ရမယ်။ နိုင်ငံဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများ မရှိလို့ရှိရင် အဓိပ္ပာယ်မရှိပါဘူး။ နိုင်ငံသူနိုင်ငံ သားများအတွက် အစိုးရဟာဖြစ်ရပါလိမ့်မယ်။ ဒီမူကို ကျွန်မတို့ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မတို့ရဲ့ပြည်သူလူထုကို ကတိပေးချင်ပါတယ်။
ကျွန်မတို့နိုင်ငံဟာ သဘာဝသယံဇာတပစ္စည်းပေါများတဲ့ နိုင်ငံဖြစ်တယ် ဆိုပြီးတော့ တစ်ကမ္ဘာလုံးကနေပြီးတော့ ပြောကြပါတယ်။ ဒါပေမယ့် ပွင့်ပွင့် လင်းလင်းပြောရရင် ကျွန်မဒါကို သိပ်အလေးမထားပါဘူး။ တကယ့်အရေးကြီး တာ ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားများရဲ့ စွမ်းအားပါပဲ။ သယံဇာတပစ္စည်းတွေ မဟုတ်ပါဘူး။ သဘာဝသယံဇာတပစ္စည်းတွေဆိုတာ တစ်နေ့တစ်ချိန်တစ်ခါမှာ ကုန်ခန်းသွားနိုင်ပါတယ်။
နောက်ပြီးတော့ ဒီကမ္ဘာကြီးမှာ လှည့်ကြည့်လိုက်လို့ရှိရင် အင်မတန် သေး ငယ်ပြီးတော့ သဘာဝသယံဇာတ ပစ္စည်းမရှိတဲ့ နိုင်ငံများ ပင်လျှင် အင်မတန်မှ သြဇာလွှမ်းမိုးနေတယ်။ စီးပွားရေးအရတိုးတက်မှုရှိနေတယ်ဆိုတာလည်း သတိပြုမိကြမှာပါ။ ဒါကြောင့် ကျွန်မဟာ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေကို အားကိုးပါတယ်။ ကျွန်မတို့အစိုးရသစ်ရဲ့ ရည်ရွယ်ချက်တစ်ခု ဟာ ပြည် သူပြည်သူများရဲ့စွမ်းအင်တွေ၊ အရည်အချင်းတွေကို မြှင့်တင်ပေး ဖို့ပါပဲ။
ပြည်သူပြည်သားများဟာ နိုင်ငံပေါ်မှာသစ္စာရှိပြီးတော့ နိုင်ငံရဲ့တာဝန်ကိုကျေကျေပွန်ပွန်ထမ်းဆောင်နိုင်တဲ့ နိုင်ငံသူနိုင်ငံသားများဖြစ်လာဖို့ ကျွန်မတို့ ကြိုးစား ပါမယ်။ ကျွန်မတို့နိုင်ငံဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာပါ။ ဒီနိုင်ငံ ထဲမှာ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာ ဘာတွေ ပြုပြင်ပြောင်းလဲဖို့လိုလဲဆိုတာ ကျွန်မတစ်ခုချင်း မပြောသွားချင်ပါဘူး။ များလွန်း လို့ ပြောလို့ဆုံးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပိုပြီးအရေးကြီး တဲ့ကိစ္စတွေက ဘာတွေလဲဆိုတာလည်း ကျွန်မတို့ပြည်သူပြည်သားတွေ သိတယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျွန်မတို့ပြည်သူပြည်သားတွေရဲ့ဆင်ခြင်တုံတရားကိုယုံကြည်လို့ ကျွန်မဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာပါ။ ကျွန်မတို့ပြည်သူပြည်သားတွေကို မယုံကြည်လို့ရှိရင် ဒီမိုကရေစီကိုလည်း ယုံကြည်စရာအကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ အုပ်ချုပ်ရေး စနစ်ပါပဲ။ ပြည်သူတွေကို တန်ဖိုးမထားရင်၊ ပြည်သူတွေကိုမ ယုံကြည်လို့ရှိရင် ဒီမိုကရေစီကို ထူထောင်ဖို့ဆိုတာဟာ အိပ်မက်မက်စရာတောင်မှမဟုတ်ပါဘူး။
ကျွန်မတို့ ပြည်သူတွေကိုယုံကြည်သလောက် ပြည်သူတွေကလည်း ပြန်ပြီးတော့ တုံ့ပြန်ပြီးတော့ ကျွန်မတို့ကို ယုံယုံကြည်ကြည်နဲ့ ဝန်းရံပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့လည်း မေတ္တာရပ်ခံချင်ပါတယ်။ အစိုးရအဖွဲ့ တစ်ခုဆိုတာ နိုင်ငံကိုအောင်မြင်အောင်လို့၊ နိုင်ငံကို ဖွံ့ဖြိုးအောင်လို့၊ တိုးတက်အောင် လို့မလုပ်နိုင်ပါဘူး။ ပြည်သူတွေပါလာမှ ဒီလုပ်ငန်းတွေ ဟာအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူပြည် သားများဟာ တာဝန်သိစိတ်နဲ့ အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အခုချိန်မှာ ကမ္ဘာကြီးက အလျင်အမြန်တိုးတက်နေပါတယ်။ ကျွန်မတို့က ဒီတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ မီအောင်လိုက်ဖို့ဆိုတာဟာ တခြားလူတွေထက် ပိုပြီးတော့ ကြိုးစားရမယ့်အခြေအနေရှိပါတယ်။
အခုလည်း ကျွန်မ တို့ အဲဒီတုန်းက အခြေအနေနဲ့တော့သိပ်ပြီးတော့ မကွာဘူးလို့ပဲ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက် နေတဲ့အချိန်မှာ ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင် တခြား နိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာဖြစ်ပါတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့လုပ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းတွေပဲ ကျွန်မတို့သုံးချင်ပါတယ်။
အခုလည်း ကျွန်မ တို့ အဲဒီတုန်းက အခြေအနေနဲ့တော့သိပ်ပြီးတော့ မကွာဘူးလို့ပဲ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ဟာ တခြားနိုင်ငံတွေ လမ်းလျှောက် နေတဲ့အချိန်မှာ ပြေးပြီးတော့၊ အပင်ပန်းခံပြီးတော့ လုပ်မှသာလျှင် တခြား နိုင်ငံတွေနဲ့ကို ကျွန်မတို့ မီမှာဖြစ်ပါတယ်။ အဲဒီတော့ တခြားနိုင်ငံတွေကို မီအောင်လို့လုပ်တဲ့နေရာမှာ မှန်ကန်တဲ့နည်းတွေပဲ ကျွန်မတို့သုံးချင်ပါတယ်။
ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်ဆိုတာ ကျွန်မက ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာမှုကိုတင် ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံသူ နိုင်ငံသားများရဲ့အရည်အချင်းကို ကမ္ဘာ ကနေပြီးတော့ လေးစားရအောင်လို့၊ ကမ္ဘာကနေပြီးတော့ တန်ဖိုး ထားအောင်လို့ လုပ်ချင်တဲ့ စိတ်ဓာတ်အရပြောတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ တင့်တယ်တယ်ဆိုရင် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ဘယ်နိုင်ငံသွားသွား မြန်မာနိုင်ငံကလာတဲ့ နိုင်ငံသူနိုင်ငံသားတွေဟေ့ ဆိုပြီးတော့ ခေါင်းမော့ပြီးတော့ ဂုဏ်ယူနိုင်တဲ့ အဆင့်ကို ဖြစ်စေချင်ပါတယ်။ အဲဒါအတွက်ဆိုရင် အားလုံးက ကြိုးစားရမှာပါ။
ကျွန်မတို့ ပြည်သူ ပြည်သားတွေရဲ့ ထောက်ခံမှုကို တောင်းခံတဲ့အခါမှာ ကတိကဝတ်တွေကို လွယ်လွယ်နဲ့ မပေးခဲ့ပါဘူး။ လွယ်လွယ်နဲ့ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်၊ ချမ်းသာမယ်လို့ ကျွန်မတို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
ဒီလိုမပြောခဲ့တဲ့အကြောင်းဟာ ကျွန်မတို့ကိုယ်ကျွန်မတို့ မယုံကြည်လို့လည်း မဟုတ်ဘူး။ ပြည်သူပြည်သားတွေကို မယုံကြည်လို့လည်းမဟုတ်ဘူး။ တာဝန်ရဲ့လေးနက်မှုကို ကျွန်မတို့သဘောပေါက်လို့ဖြစ်ပါတယ်။ တာဝန်ဆိုတာဟာ အင်မတန်မှ လေးနက်ပါတယ်၊ အင်မတန်မှကြီးမား ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဆိုတာ အထူးလေးနက်တယ်၊ အထူးကြီးမားပါတယ်။
ဒါကြောင့်မို့လို့ ဒီတာဝန်တွေထမ်းဆောင်တဲ့နေရာမှာဆိုလို့ရှိရင် လုပ်စရာတွေကများလွန်းလို့ လွယ်လွယ်နဲ့ ဒါလုပ်ပေးမယ်၊ ဒါလေးတော့ ဖြစ်စေမယ်ဆိုပြီးတော့ ပေါ့ပေါ့နဲ့ကျွန်မတို့မပြောချင်ပါဘူး။အလေးအနက်ထားပြီးတာ့ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့ ကျွန်မတို့ အောင်မြင်စေရမယ်လို့တော့ ကျွန်မပြောရဲပါတယ်။ ပြည်သူ ပါလို့ရှိရင် ပြည်သူတကယ်ပဲထောက်ခံတယ်၊ ပြည်သူက ယုံကြည်မှုတ ကယ်ရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ မအောင်မြင်နိုင်တဲ့ကိစ္စ ဘာမှမရှိပါဘူး လို့ပြောပါရစေ။ ကမ္ဘာကြီးနဲ့ယှဉ်ပြီးတော့ ကျွန်မတို့က ကြိုးစားရမယ့်နိုင်ငံ တစ်ခုဖြစ်တော့ ကျွန်မတို့ရဲ့ နိုင်ငံခြားရေးဝါဒနဲ့ ပတ်သက်လို့လည်း ပြည်သူတွေက သိချင်မှာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရစဉ်ကာလကတည်းက တစ်ကမ္ဘာလုံးနဲ့ သင့်မြတ်အောင်လို့နေခဲ့ပါတယ်။
အဲဒီဟာက ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ ပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလမှာ လွတ်လပ်ရေးရ စဉ်အခါကတည်းက ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ နိုင်ငံလေးလည်းဖြစ်ခဲ့တယ်။ စစ်အတွင်း မှာ အင်မတန်မှ ထိခိုက်နစ်နာခံခဲ့ရတဲ့ နိုင်ငံလေးလည်းဖြစ်ခဲ့တယ်။ သို့သော် ငြားလည်း ကျွန်မတို့ကို ကမ္ဘာကဝိုင်းပြီးတော့ လေးစားခဲ့တယ်။ ဘာဖြစ်လို့လဲ။ ကျွန်မတို့ဒုက္ခတွေအများကြီးကြားထဲက ကျွန်မတို့ပြည် သူလူထုရဲ့ အရည် အချင်းဟာ ထွန်းတောက်ခဲ့တယ်။
ဒီလိုထွန်းတောက်နိုင်တဲ့ အခြေအနေကိုပြန်ရောက်အောင်လို့ ကျွန်မတို့ အားလုံးဝိုင်းကြိုးစားဖို့ လိုပါတယ်။ ကျွန်မတို့ ဘယ်လိုမူဝါဒတွေ အခြေခံ ဘယ်လို သဘောတရားတွေနဲ့ ဆက်ပြီးတော့ ရှေ့ခရီးကိုသွားမလဲဆိုတာ စဉ်းစားရပါလိမ့်မယ်။ ကျွန်မတို့လျှောက်ရမယ့်ခရီးဟာ ခရီးလမ်းလည်း ရှည်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ ကမ္ဘာတည်သရွေ့ပါပဲ။ ခရီးကလည်း လွယ်မှာမဟုတ်ပါဘူး။ ကျွန်မတို့ များစွာသောစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပါ။
အဲဒီတော့ ဒီစိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ။ ကျွန်မတို့ရဲ့ အစိုးရသစ်ဟာ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ အင်မတန်မှ အတွေ့အကြုံ နည်းတယ်ဆိုပြီးတော့ တချို့ကနေပြီးတော့စိုးရိမ်နေကြပါတယ်။ အတွေ့အကြုံနည်း တာ မှန်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ဟာ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အတူ လက်တွဲပြီးတော့လုပ်ဖို့ဟာဝန်မလေးပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ သူတွေမို့လို့ ပစ်ပယ်တယ်ဆိုတာလည်း ကျွန်မတို့မရှိပါဘူး။ ကျွန်မတို့ ဟာ နိုင်ငံကိုအကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေ မည်သူ့ကိုမဆို လက်တွဲပြီးတော့ ကျွန်မတို့နဲ့ပါဝင်ပြီးတော့ လုပ်စေချင်ပါတယ်။ ၁၉၄၇ ခုနှစ် ရွေးကောက် ပွဲများပေါ့နော်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဦးတည်တဲ့ရွေးကောက်ပွဲများ ကျင်းပပြီးတဲ့အခါတော့ ဖေဖေပြောခဲ့တဲ့ အင်မတန်မှ တိုတောင်းပြီးတော့ ရှင်းလင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။
ဒီနိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်။ အဲဒီတော့ နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်ပါ့မယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံသူ နိုင်ငံသားတွေ အပေါ် မေတ္တာ ထားပါမယ်။ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါမယ်။ ဒီဟာက အင်မတန် မှ တိုတိုတောင်းတောင်းနဲ့ ဘယ်အစိုးရမဆို၊ ပြည်သူလူထုကို လေးစားတဲ့ ဘယ်အစိုးရမဆိုပေးသင့်၊ တည်သင့်တဲ့ ကတိဖြစ်ပါတယ်။ ကျွန်မတို့လည်း ဒီအတိုင်းပဲ ဆက်ပြီးတော့လုပ်သွားချင်ပါတယ်။ ပြည်သူပြည်သားတွေ အပေါ်မှာ မေတ္တာထားပါ့မယ်၊ နိုင်ငံအပေါ်မှာ သစ္စာစောင့်ပါ့မယ်။ အဲဒီဟာ နှစ်ခုပဲ လုပ်နိုင်ပြီဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံ ဟာ အောင်မြင်ဖို့သေချာပါတယ်။
ဒီတော့ ကျွန်မအနေနဲ့ နိဂုံးချုပ်စကားလေးပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ အခုဒီအချိန်အခါကနေစပြီးတော့ ကျွန်မတို့ရဲ့နိုင်ငံရဲ့ အနာဂတ် တစ်လျှောက် အောင်မြင်ဖို့အတွက် ကျွန်မတို့ပြည်သူပြည်သားအား လုံးဟာ မေတ္တာခြုံလို့ လုံနိုင်ပါစေ၊ သစ္စာဆောင်လို့ အောင်နိုင်ပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ယနေ့ ဧပြီ ၁၈ ရက် (မြန်မာနှစ်ဆန်း ၂ ရက်နေ့) နံနက်ပိုင်းတွင် ပြောကြား ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် နှစ်သစ်ကူးမိန့်ခွန်း















