မင်းသုဝဏ်၏ ရခိုင်သူမြတ်နှင့် လောကသာရပျို့

မင်းသုဝဏ်၏ ရခိုင်သူမြတ်နှင့် လောကသာရပျို့
Published 9 April 2016
မြေနီသစ္စာ

ကျင့်ရာနီတိလောကသာရပျို့သည် နီတိဖြစ်သည်။ နီတိဟူသည် လူသားတို့ ကောင်းကျိုးအတွက် ကျင့်ရာဆောင်ရာကို ပြဆိုခြင်းဖြစ်သည်။ စင်စစ် လောကသာရပျို့သည် လောက ကောင်းကျိုးဆောင်ရန် ရည်သန်ပြုထား ခြင်းပင်။ဖွင့်ဆိုတည်းဖြတ်ဆရာမင်းသုဝဏ်သည် လွန်ခဲ့သော နှစ် ၆၀ လောက်ကပင် လောကသာရပျို့ကို တည်းဖြတ် ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။ဆရာမင်းသုဝဏ်က လောကသာရပျို့တွင် ထူးခြားချက် (၃) ရပ်ရှိသည်ဟု ရှင်းပြထားသည်။ အဟောင်းဆုံးပျို့အဖြစ် လောကသာရပျို့ကို အသိအမှတ် ပြုထားကြသည်။ မြန်မာစာပေ ပျို့ကဗျာတို့ထဲတွင် လူသိအများဆုံးဖြစ်၍ ကာရန်သတ်ပုံ မှန်ကန်သော ပျို့လည်းဖြစ်သည်ဟု ပြဆိုထားသည်။ရခိုင်သူမြတ်လောကသာရပျို့ကို စီကုံးပြုစုသူသည် ရခိုင်သူမြတ် ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ရာကျော် ခုနစ်ရာခန့် မြန်မာသက္ကရာဇ် ၆၉၅ နှင့် ၇၁၅ ခုနှစ်အကြားတွင် ပြုစုခဲ့ခြင်း ဖြစ်သည်။သတ်မှတ်ဖော်ပြအကျိုးတရားကို ပြလိုသော ဆင်ခြင် လိုက်နာဖွယ်သော သြဝါဒဖြင့် လူအများတို့ ကျင့်ကြံအားထုတ်ကြ စိမ့်သောငှာ ပညာရှင် ရခိုင်သူမြတ်သည် ပြုစုခဲ့ခြင်းပင်။ ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လုပ်ထိုက်သည်ကို လုပ်ရမည်။ ရထိုက်သည်ကို ရရမည်ဟု သတ်မှတ်ဖော်ပြထားသည်။လေ့လာသင်ယူလူဖြစ်လာလျှင် ပညာသင်ကြားခြင်းဖြင့် လူတို့သိအပ် မှတ်အပ်သည်တို့ကို လေ့လာ သင်ယူရသည်။ ပညာသင်ကြားရာတွင် ဆရာနှင့် တပည့်ဟူ၍ ပေးသူနှင့် ယူသူတို့ ရှိလာသည်။ ဆရာသည် တပည့်အား ပညာသင်ပေး ထိုက်သလို တပည့်သည်လည်း ဆရာဆီက ပညာသင်ယူထိုက်သည်။ အလားတူပင် ဆရာသည် တပည့်ဆီက ရိုသေလေးစားမှုကို  ရထိုက်သလို၊ တပည့်သည် ဆရာဆီက ချစ်ခင်သနားမှုကို ရထိုက်သည်။ ယင်းသည် လောကသာရပျို့၏ ဖော်ဆောင်ချက် ဖြစ်သည်။တာဝန်ဝတ္တရားလောကသာရပျို့တွင် တာဝန်ဝတ္တရားနှင့် အခွင့်အရေး တို့ကိုလည်း ကတ္တားချပြထားသည်။ လုပ်ထိုက်သည်ကို တာဝန်ဝတ္တရားဟု ခေါ်၍ ရထိုက်သည်ကို အခွင့်အရေးဟု ခေါ်သည်။ လူတို့သည် တာဝန်ဝတ္တရားကို မဆောင်ရွက်ဘဲ  အခွင့်အရေးကိုသာ ရယူလိုသည်ဆိုလျှင် တရားမျှတမှု မရှိနိုင် လောက၏ အနှစ်သာရ ပျက်ပြားသည်။ အလားတူ အခွင့်အရေး မပေးဘဲ တာဝန်ဝတ္တရားကို ဆောင်ရွက်ရ၏ ဆိုလျှင်လည်း လောက၏ အနှစ်သာရ ပျက်ပြားသည်။ ယင်းကြောင့် တာဝန်ဝတ္တရားနှင့် အခွင့်အရေးတို့ အပြန်အလှန် အကျိုးသက်ရောက်မှု၊ တာဝန်ယူမှုတို့က လောကသာရ ပျို့တွင် ဖွင့်ဆိုရှင်းပြထား၏။“တိုင်းပြည်တစ်ခု၌ လူတို့သည် အခွင့်အရေးကိုသာ ခံစားလျက် တာဝန်ဝတ္တရားကို မဆောင်ရွက်ကြပါမူ ထိုတိုင်းပြည်သည် ထိန်းမရနိုင်ဘဲ မကြာမီ ပျက်စီးရချေမည်။ ထိုဘေးဆိုးကြီးကို သိမြင်သော ရခိုင်သူမြတ်သည် အမျိုးလေးပါးတို့အား တာဝန်ဝတ္တရားကို သင်ပြသိထားပွားများ လိုသောကြောင့် ဤလောကသာရပျို့ကို စီကုံးလေသည်” ဟု ဆရာမင်းသုဝဏ်က အမှာပါးထားလေသည်။ဗလငါးတန်လူဖြစ်ကလျှင် ဗလငါးတန်သည် လူ့လောကအတွက် ရှိသင့်ရှိထိုက်သည်ပင်။ ယင်း ဗလငါးတန်ဟူသည် ကာယဗလ-ကိုယ်ကျန်းမာ သန်စွမ်းခြင်း၊ ဉာဏဗလ - ပညာတတ် မြောက်ခြင်း၊ ဘောဂဗလ - ပစ္စည်းနှင့် ပြည့်စုံခြင်း၊ မိတ္တဗလ - မိတ်ဆွေကောင်းရှိခြင်း။ စရိတ္တဗလ - အမူအကျင့် မွန်မြတ်ခြင်းတို့ ဖြစ်ကြလေသည်။ ယင်းဗလငါးတန်နှင့် ပြည့်စုံလိုသူသည် လောကသာရပျို့ကို လိုက်နာရမည်ဟု ဆရာမင်းသုဝဏ်က ထပ်ဆင့်ညွှန်းဆို ထားလေသည်။အနာကင်းအောင်“အသက်ရှိသောသူသည် အသက်ရှည်စေချင်၏။ အနာရောဂါ ဖိစီးနှိပ်စက်တတ်သော လူ့လောကတွင် လူသည် အနာရောဂါ ကင်းမဲ့စေချင်၏။ မိဘနှင့် ဆရာသမားတို့သည် အသက်ရှည်စေရန် အနာရောဂါ ကင်းရန်တို့အတွက် လိုက်နာ စောင့်ထိန်းအပ်သော စကားတို့ဖြင့်လည်းကောင်း သွန်သင်ဆုံးမ၏။ စာပေ အရေးအသားတို့ဖြင့် လည်းကောင်း ပဲ့ပြင်ဆုံးမ၏။ လမ်းညွှန်နည်းပြ၏။ ယင်းတို့ကို တတ်သိနားလည်အောင် ကြိုးစားသင်ယူ ရပေမည်” ဟု ရခိုင်သူမြတ်က လောကသာရပျို့တွင် မိန့်မှာမြွက်ဟထား၏။အလုပ်လမ်းညွှန်လူတို့သည် မတောင့်မတ မကြောင့်မကြရဘဲ နေလိုကြလျှင် အလုပ်လုပ်ကြရပေမည်ဟု လောကသာရပျို့မှာ လမ်းညွှန်ထားသည်။ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင် အသက်မွေးကြဖို့ကို စူးစူးစိုက်စိုက် တိုက်တွန်းထားသည်။ အလုပ်လည်းလုပ် ပစ္စည်းကိုလည်း ရှာဖွေစုဆောင်းပါဟု လမ်းပြထားသည်။  လယ်လုပ်ခြင်း၊ ရိုးဖြောင့်စွာ ကုန်သွယ်ခြင်းတို့ကို လောကသာရပျို့က လမ်းညွှန် အားပေးထားသည်။ထိုမျှမက လူတို့၏ အသုံးအဆောင်ဖြစ်သော (ကျွဲ နွား ဆိတ်၊ ဝက်၊ ဝမ်းဘဲငှက်နှင့် ကြက်ကမကြွင်း သိမ်းမွေးပြင်းလျက်) ဟု မွေးမြူရောင်းဝယ်ရေးဖြင့် ဥစ္စာဓန ရှာဖွေကြရန်ကိုလည်း အလုပ်လမ်းညွှန်ထား၏။ဘဝအလင်းပညာကို ငယ်ရွယ်စဉ်တွင် သင်ရမည်ဟု ရခိုင်သူမြတ်က လောကသာရပျို့ဖြင့် ဘဝအလင်းကို ထွန်းညှိဖြာစေထား၏။ ပညာသင်ကြားရာတွင် ဆရာစစ် ဆရာကောင်းထံတွင် သင်ရမည်။ အထူးသဖြင့် ကြိုးစားအားထုတ်၍ သင်ရမည်။ မိမိသင်ယူမှုတွင် လိုအပ်နေ၍ စိတ်အလိုမကျဖြစ်ကာ ဆရာက ဆူပူကြိမ်းမောင်းမှု ပြုလာသည့်တိုင် သည်းခံ၍ ပညာရအောင် သင်ကြားရန် ညွှန်ကြားထား၏။လောကအနှစ်ယင်းကြောင့် လောကသာရပျို့သည် လောက၏ အနှစ်သာရများ ဖြစ်ကြသော လူ့ဘောင်တွင် ကောင်းမွန်စွာ နေထိုင်ရေးကို လမ်းပြ၏။ လမ်းညွှန်ကြား၏။ တပည့်စာသင်သားတို့ လိုက်နာချင်အောင် ဆွဲဆောင် သိမ်းသွင်း၏။ ပညာတံခါးကို ဖွင့်ထား၏။ လောကတွင် ဖြောင့်ဖြူးလမ်းမှန်စွာ လျှောက်လှမ်းနိုင်ဖို့ နည်းနာနိဿယတို့ကို ဖြန့်ဖြူးဝေငှ၏။ နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု အစုစုသော ကိစ္စမြားမြောင် လူတို့ဘောင်တွင် ဖော်ဆောင် ကျင့်ကြံမှုတို့ကို ပေးဝေထား၏။စီခင်းလမ်းပြလောကသာရပျို့သည် အမည်နှင့် လိုက်ဖက်လျော်ညီအောင် လောက၏ အနှစ်သာရတို့ကို ဤပျို့ကဗျာတွင် စီခင်းလမ်းပြထား၏။ အမှာပါးထား၏။ စာရှုသူတို့ ဆွတ်ယူ စားသုံးနိုင်ကြစေရန် အသင့်မျှပေး ဝေငှထား၏။ လေ့လာပွားများ အားထုတ်နိုင်ကြစေရန် အသင့် စီမံထားခဲ့သည့် ဆရာမြတ်၏ ဖွင့်ဆို ရှင်းပြထားအပ်သော ကြီးမြတ်သော စေတနာ ပဒေသာပင်မျှပင်။