အပူဒဏ်နှင့် နိုင်ငံရေးတို့ကြောင့် လယ်ကွင်းများနှင့်အတူ ခြောက်သွေ့လာနေသော ထိုင်းလယ်သမားတို့၏ ဘဝ

အပူဒဏ်နှင့် နိုင်ငံရေးတို့ကြောင့် လယ်ကွင်းများနှင့်အတူ ခြောက်သွေ့လာနေသော ထိုင်းလယ်သမားတို့၏ ဘဝ
Published 4 April 2016
နရီမင်း

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်စပါး အဓိကထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည်ခဲ့သည်။ သို့သော် ကာလကြာရှည်စွာ ရေပြတ်လပ်မှုကြောင့် ၎င်းတို့ လယ်ကွင်းများကိုလွှမ်းမိုးထားပြီး မျိုးရိုးစဉ်ဆက် အသက်မွေးမှုလုပ်ငန်းဖြစ်ခဲ့သည့် ဆန်စပါးစိုက်ပျိုးမှုမှ ဖယ်ခွာရတော့မည် ဖြစ်သည်။လက်ဒဝမ်ကမ်ဆောင် အမည်ရှိ လယ်သူမကြီးသည် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ သူ၏ လယ်ကွက်တွင် လွန်ခဲ့သည့် နှစ် ၄၀ လုံးလုံး ဆန်စပါး စိုက်ပျိုးလာသူ ဖြစ်သည်။ သို့သော် မိုးခေါင်ရေရှားမှုများ ပို၍ပို၍ ဆိုးရွားလာသောကြောင့် သူ၏ လယ်ကွင်းများ ခြောက်သွေ့လာသည်ကို စိတ်ပျက်လျက်ရှိသည်။“ကျွန်မ လယ်ကွင်းတချို့ကို ဆန်စပါးနေရာမှာ သံပရာပင်တွေ အစားထိုးစိုက်ဖို့ စီစဉ်မယ်”ဟု ကမ်ဆောင်းက အစိုးရက ကြီးမှူးသည့် ဆွေးနွေးပွဲတစ်ရပ်ကို တက်ရောက်ပြီးနောက် ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် လယ်သမားများအား သီးနှံမျိုးကွဲပေါင်းစုံ စိုက်ပျိုးရန် တောင်းဆိုခဲ့သည်။ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ သို့သော် လေးနှစ်ဆက်တိုက် ပျမ်းမျှမိုးရေချိန်အောက်သို့ ရောက်ရှိခဲ့ပြီးနောက် သိုလှောင်ထားသည့်ရေများကို အသုံးပြုခဲ့ရသည်။ ဆန်စပါး ထုတ်လုပ်မှုအတွက် ရုန်းကန်ခဲ့ရပြီး လယ်သမားများစွာတို့ အကြွေးတင်ကုန်ကြသည်။ဆယ်စုနှစ် အတန်ကြာအတွင်း အဆိုးရွားဆုံးဖြစ်သည့် လက်ရှိ မိုးခေါင်ရေရှားမှုက ထိုင်းနိုင်ငံ၏ ပြည်နယ်ပေါင်း ၇၆ ခုအနက် သုံးပုံတစ်ပုံ နီးပါးကို ရိုက်ခတ်ခဲ့သည်။ အထူးသဖြင့် ဆန်စပါးအကြီးအကျယ် စိုက်ပျိုးသော ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများသည် မိုးခေါင်ရေရှားမှုဒဏ်ကို အလူးအလဲ ခံကြရသည်။ ရေလှောင်ကန်များသည်လည်း သမိုင်းတစ်လျှောက် အနိမ့်ဆုံး အမှတ်သို့ ကျဆင်းသွားကြသည်။ယခုအခါ ထိုင်းနိုင်ငံ၏ စစ်အစိုးရသည် သန်းနှင့်ချီသော ဆန်စပါးစိုက်ပျိုးသည့် လယ်သမားများအား ရေလိုအပ်ချက် လျော့နည်းသည့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးရေးအတွက် တွန်းအားပေးရန် သင်တန်းများ ဖွင့်လှစ်လုပ်ဆောင်လျက် ရှိသည်။အားလုံးနီးပါးသော အခြားသီးနှံများနှင့် မတူဘဲ ဆန်စပါးသည် ရေအပြည့်ရှိနေသော လယ်ကွင်းများ၌သာ အကောင်းဆုံး ကြီးထွားနိုင်သည်။ထိုင်းစစ်တပ်က ကြီးမှူးသော ဆွေးနွေးပွဲတစ်ရပ်ကို ဘန်ကောက်မြို့အနီးရှိ နွန်သာပူရီပြည်နယ်ရှိ လယ်ကွင်းတစ်ကွင်းအတွင်း ပြုလုပ်ခဲ့ရာသို့ ကမ်ဆောင် တက်ရောက်ခဲ့ပြီး သူ့အား သစ်သီးဝလံပင်များ စိုက်ပျိုးရန်အတွက် မျိုးစေ့များကို ရောင်းချပေးခဲ့သည်။ထိုင်းနိုင်ငံ၏ အခြားဒေသများတွင် ကြံပင် သို့မဟုတ် မြေပဲပင်များ စိုက်ပျိုးရန် ညွှန်ကြားခဲ့သည်။အဆိုပါ အစားထိုးစိုက်ပျိုးမည့် အပင်များအားလုံးသည် ရေသုံးစွဲရမှု သိသိသာသာ လျော့နည်းစေရုံသာမက ဆယ်စုနှစ်အတန်ကြာအတွင်း ထိုင်းမြေဆီလွှာများကို ပျက်စီးယိုယွင်းစေသည့် အပင်တစ်မျိုးတည်းကိုသာ စိုက်ပျိုးမှုကိုလည်း ဖြတ်တောက်နိုင်မည် ဖြစ်သည်။“ကျွန်မတို့မှာ ရွေးစရာမရှိပါဘူး။ လိုက်လျောညီထွေပြုဖို့ပဲ လိုအပ်ပါတယ်”ဟု ကမ်ဆောင်က သူသည် နှစ်စဉ်ဆန်စပါးကို သုံးသီးစား စိုက်ပျိုးသော်လည်း နောက်နှစ်တွင် တစ်သီးစာအတွက်သာ ရေရှိလိမ့်မည်ဟု ရှင်းပြရင်း ပြောကြားခဲ့သည်။မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ထိုင်းရွာပေါင်း ၂၀၀၀ ခန့်သည် အစိုးရက ဖြန့်ဝေပေးသည့် ရေအပေါ်၌သာ အမှီပြုနေရသည်။ ထိုင်းနိုင်ငံတွင် မိုးရွာအောင်ပြုလုပ်ပေးသည့် လေယာဉ်များသည် ခြောက်သွေ့နေသော လယ်ကွင်းများပေါ် ပျံဝဲကာ တိမ်များ ဖြစ်ထွန်းစေသည့် အိုင်အိုဒင်းအရည်များကို လေထဲသို့ ပက်ဖျန်းကြရသည်။အထူးသဖြင့် လွန်ခဲ့သည့်နှစ်က အလွန်အားပျော့သော မိုးရာသီ (ဇွန်လမှ အောက်တိုဘာလအထိ) ပြီးနောက် လက်ရှိထိုင်းနိုင်ငံကို အုပ်စိုးနေသော စစ်အစိုးရက လယ်သမားများအား ဆောင်းစပါးစိုက်ပျိုးမှုကို စွန့်လွှတ်ရန် တိုက်တွန်းခဲ့သည်။ ဆောင်းစပါးသည် ပုံမှန်အတိုင်း၌ပင် မိုးရွာသွန်းမှုလုံးဝမရှိချိန်၌ ရေသွင်းစိုက်ပျိုးရခြင်း ဖြစ်သည်။“သိုလှောင်ထားတဲ့ ရေပမာဏက နည်းပါးနေပြီး အယ်လ်နီညိုကြောင့် ဒီနှစ်မိုးရာသီကလည်း နောက်ကျလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ထိုင်းနိုင်ငံ၏ ရေစီမံရေးဌာနအကြီးအကဲ ဆူဖော့တိုဗီချက်ချေကူးက ပြောကြားခဲ့သည်။အယ်လ်နီညိုဟူသည့် ရာသီဥတုဖြစ်စဉ်သည် ဒေသတွင်းတစ်လျှောက် လယ်သမားများ၏ အသက်ဖြစ်သော နှစ်စဉ် မုတ်သုံရာသီကို အားပျော့စေသည်။Chamber of Commerce တက္ကသိုလ်မှ လေ့လာချက်တစ်ရပ်အရ မိုးခေါင်ရေရှားမှုသည် ထိုင်းနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၀ ဒသမ ၅ နှင့် ၀ ဒသမ ၈ ရာခိုင်နှုန်းအကြား ကျဆင်းစေလိမ့်မည် ဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံ၏ နှစ်စဉ်ဆန် စပါးထုတ်လုပ်မှုသည်လည်း ရာခိုင်နှုန်း ၃၀ နီးပါးခန့် ကျဆင်းကာ တန်ချိန် ၂၅ သန်းသို့ ရောက်ရှိသွားနိုင်သည်ဟု ဆိုသည်။ထိုင်းနိုင်ငံသည် ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့နှင့် တိုး၍တိုး၍ ယှဉ်ပြိုင်လာရပြီး ၎င်းတို့သည် ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံများ ဖြစ်လာကာ မကြာသေးမီနှစ်များအတွင်း ထိုင်းနိုင်ငံကို ကျော်တက်သွားခဲ့သည်။ ထိုင်းစစ်အစိုးရက ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုကို လက်ရှိအတိုင်း ဆက်ထိန်းထားရန် မဖြစ်နိုင်တော့ဟု ပြောကြားခဲ့သည်။“တခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးဖို့ ဆန်စပါးစိုက်ပျိုးသူတွေကို လှုံ့ဆော်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို ကျွန်တော်တို့ ရှာဖွေရမှာပါ”ဟု စစ်အစိုးရအဖွဲ့အကြီးအကဲ ပရာယွတ်ချန်အိုချာက မကြာသေးမီက မိန့်ခွန်းတစ်ရပ်၌ ပြောကြားခဲ့သည်။၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာသော ပရာယွတ်၏ စစ်အစိုးရအဖွဲ့သည် ဆုတ်ယုတ်နေသော ထိုင်းစီးပွားရေးကို ပြန်လည်ရှင်သန်နိုင်စေရန် ရုန်းကန်နေရသည်။ ပို့ကုန်များ ကျဆင်းခြင်း၊ အိမ်ထောင်စုများ အကြွေးတင်မှုမြင့်မားလာခြင်း နှင့် စားသုံးသူတို့၏ ယုံကြည်မှု ကျဆင်းလာခြင်းတို့ကြောင့် ထိုင်းစီးပွားရေးသည် အကြီးအကျယ်ဆုတ်ယုတ်၍ လာသည်။တကယ့်လက်တွေ့၌ ထိုင်းနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးသူများကို အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးအောင် ပြုလုပ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။“ဒါက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ဖြစ်ပြီး ဒါကပဲ ဆယ်စုနှစ်ပေါင်းများစွာ သူတို့ အသက်မွေးခဲ့တဲ့ နည်းလမ်းဖြစ်တာမို့ သိပ်ခက်ပါတယ်”ဟု နွန်သာပူရီပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဆန်နွတ်သီရိသီအန်းထရောင်း က ပြောကြားခဲ့သည်။မကြာသေးမီနှစ်များအတွင်း ဆန်စပါးစိုက်ပျိုးခြင်းလုပ်ငန်းသည် နိုင်ငံရေးခိုင်မာမှုနှင့်လည်း ဆက်နွှယ်လာခဲ့သည်။ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားအများအပြားသည် အငြင်းပွားဖွယ်ရာများရှိသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ မိသားစုကို ထောက်ခံသူများဖြစ်ကြသည်။ သက်ဆင်သည် ထိုင်းနိုင်ငံ၌ နှစ်ပေါင်းများစွာကြာအောင် လျစ်လျူပြုထားခြင်းခံရသည့် ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ကျေးလက်ဒေသများရှိ ရွာများတွင် ငွေကြေးချောင်လည် လာအောင် ပြုလုပ်ပေးခဲ့သောကြောင့် ဖြစ်သည်။Telecoms ကုမ္ပဏီသူဌေးကြီး သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရသည်။ သို့သော် သက်ဆင် နှင့် ဆက်နွှယ်သမျှသော ပါတီတိုင်းသည် ထိုင်းနိုင်ငံ၌ ပြုလုပ်သမျှသော ရွေးကောက်ပွဲတိုင်း၌ အနိုင်ရရှိခဲ့သည်။သက်ဆင်၏ ညီမဖြစ်သူ ယင်လက်သည် ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီး ဆန်စပါးစိုက်ပျိုးမှုကဏ္ဍ၌ လယ်သမားများအတွက် နိုင်ငံတော်ဘဏ္ဍာများစွာ သုံးစွဲခဲ့သောကြောင့် ရှပ်နီဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့ဟု ခေါ်သော အခြေခံလူတန်းစားများ၏ ယုံကြည်ကိုးစားမှုကို ရရှိခဲ့သည်။ယင်လက်သည်လည်း ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြန်ပြီး ဆန်စပါးအမတော်ကြေး အစီအစဉ်နှင့် ဆက်နွှယ်၍ တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုခံထားရရာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။ယင်းအမတော်ကြေး အစီအစဉ်တွင် အစိုးရသည် လယ်သမားများထံမှ စပါးများကို ဈေးကွက်ပေါက်ဈေးထက် နှစ်ဆနီးပါးပိုပေးကာ ဝယ်ယူသည့်အစီအစဉ်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာများကို သက်ဆင်၏ အမာခံနေရာများအတွက် သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံရသည်။