ခုံးကျော်တံတားတွေ ရပ်သင့်ပြီ

ခုံးကျော်တံတားတွေ ရပ်သင့်ပြီ
Published 4 April 2016
ကျော်ထင်၊ နေမျိုးထွန်း၊ သင်းဖြိုးအိကျော်

လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းရန်ဟုဆိုကာ ခုံးကျော်တံတားများ စတင်ဆောက်လုပ်ရန် အစီအစဉ်များ ချမှတ်ခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်စသည့် နေရာများတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ ခုံးကျော်တံများ ဆောက်လုပ်ခဲ့သည်။ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်ဟူသည့် ခေါင်းစဉ်ဖြင့် အချိန်တို အတွင်း၌ပင် ခုံးကျော်တံတားများကို အလွယ်အတူ ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုအတွက် ကာလကြာရှည်စွာ လေ့လာဆန်းစစ်မှု လုပ်ငန်းများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ရှင်းရှင်းပြောရမည်ဆိုပါက ရေတိုဖြေရှင်းနည်းဖြစ်သည့် ခုံးကျော်တံတားများဖြင့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ကုစားခဲ့ခြင်းလည်း ဖြစ်သည်။ယာဉ်ကြောပိတ်ဆို့အတွက် အဖြေမဟုတ်တဲ့ ခုံးကျော်တံတားများရန်ကုန်မြို့တွင် တည်ဆောက်ပြီးစီးခဲ့သည့် ခုံးကျော်တံတားများမှာ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ ကုက္ကိုင်း၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားများဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် မပြီးပြတ်သေးသည့် ခုံးကျော်တံတား စီမံကိန်းအနေဖြင့် တာမွေအဝိုင်းလမ်းငါးခွဆုံ ခုံးကျော်တံတား ဖြစ်သည်။အဆိုပါ ခုံးကျော်တံတားများသည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်း မရှိဘဲ အထူးသဖြင့် လှည်းတန်းနှင့် မြေနီကုန်းတို့တွင် ခုံးကျော်တံတားများ ရှိသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားနေဆဲပင် ဖြစ်သည်။ရေတိုဖြေရှင်းနည်းဖြစ်သည့် မီးပွိုင့်တစ်ခုစာကျော်ရုံ ဆောက်လုပ်ခဲ့သည့် ခုံးကျော်တံတားများ၊ ဒီမီးပွိုင့်ကျော်ရုံ အဆင်ပြေသွားပြီးနောက် မီးပွိုင့်တွင် ကားများသွားပိတ်ဆို့နေသည်။ခုံးကျော်တံတား ဆောက်လုပ်လိုက်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ပြေလည်သွားခြင်း မရှိဘဲ ပိုမိုဆိုးရွားလာသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။သို့ဖြစ်ရာ ခုံးကျော်တံတားများသည် ယာဉ်ကြောပိတ်ဆို့မှုအတွက် မဖြေမဟုတ်ခဲ့ကြောင်း သိသာ ထင်ရှားနေခဲ့ပြီဖြစ်သည်။ခုံးကျော်တံတားလား၊ VIP လမ်းကြောင်းလားရန်ကုန်မြို့တွင် တည်ဆောက်ခဲ့သည့် ခုံးကျော်တံတားများသည် လူကြီးလမ်းကြောင်းများ၊ VIP လမ်းကြောင်းများအတွက် ဆောက်လုပ်ခဲ့သည့် ခုံးကျော်တံတားများလားဟုပင် မြို့နေလူထုအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအစိုးရ လက်ထက် ပထမဆုံး ဆောက်လုပ်ခဲ့သည့် လှည်းတန်းခုံးကျော်တံတားသည် ယာဉ်ကြောကျပ်တည်းသည့် ရန်ကုန်-အင်းစိန်လမ်းပေါ်ကို အဓိကထား ဆောက်လုပ်သင့်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု နည်းပါးသည့် ပြည်လမ်းတစ်ခုတည်းကိုသာ အားထားပြီး ဆောက်လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပြည်လမ်းသည် အဓိကဧည့်သည် ယာဉ်တန်းများ၊ လမ်းကြောင်းများ သွားလာမှု များပြားသည့် လမ်းဟု လူအများစု သိထားကြသည်။ ထို့သို့ ပြည်လမ်းကိုသာ ဦးစားပေး ဆောက်လုပ်ခဲ့အတွက် ရန်ကုန်-အင်းစိန်လမ်းပေါ်တွင် ယာဉ်ကြောများ ကျပ်တည်းနေဆဲပင် ဖြစ်သည်။ထို့ပြင် ပြည်လမ်းအတိုင်း လှည်းတန်းခုံးကျော်တံတားပေါ်မှ အရှိန်ဖြင့် ဆင်းလာသည့် ကားများ နာနတ်တောလမ်းဆုံ မီးပွိုင့်တွင် သွားရောက် ပိတ်ဆို့နေခြင်းကြောင့် နာနတ်တော မီးပွိုင့်ကိုပင် ဖျက်သိမ်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။အလားတူ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားသည်လည်း ပြည်လမ်းကိုသာ ဦးစားပေး ဆောက်လုပ်ထားခြင်းဖြစ်သည်။ ထို့ပြင် ယာဉ်မောင်းများ၊ လေ့လာသူများ၏ ပြောကြားချက်အရ ရှစ်မိုင်လမ်းဆုံသည် ယာဉ်ကြောဆိုးရွားစွာ ကျပ်တည်းသည့် နေရာမဟုတ်ကြောင်း သိရသည်။ခုံးကျော်တံတား ခုနစ်စင်းနဲ့ ဘီလျံ ၁၀၀ ကျော်ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီးသော ခုံးကျော်တံတားများနှင့် တည်ဆောက်ဆဲ ခုံးကျော်တံတားများအတွက် အသုံးပြုမှုငွေမှာ ကျပ်ဘီလျံ ၁၃၀ နီးပါး ရှိနေပြီး လှည်းတန်းခုံးကျော်တံတားကို ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံ၊ ဘုရင့်နောင် ခုံးကျော်တံတားကို ငွေ ကျပ် ၂၆ ဒသမ ၆၂၆ ဘီလျံ၊ ရွှေဂုံတိုင်ခုံး ကျော်တံတားကို ငွေကျပ် ၁၇ ဒသမ ၄၄၁ ဘီလျံ၊ မြေနီကုန်း ခုံးကျော်တံတားကို ငွေကျပ် ၁၅ ဒသမ ၉၇၁ ဘီလျံ၊ ကုက္ကိုင်းခုံးကျော် တံတားကို ကျပ် ၁၅ ဒသမ ၄ ဘီလျံနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကို ကျပ် ၁၆ ဒသမ ၄၅ ဘီလျံတို့ဖြင့် တည်ဆောက်ခဲ့ပြီး လက်ရှိ တည်ဆောက်နေသည့် တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားကို ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ စသည်ဖြင့် အကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် မြေနီကုန်းတို့တွင် ခုံးကျော်တံတားများကို ကျပ် ဘီလျံ ၇၀ နီး အသုံးပြုကာ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ  ပြေလည်သွားခြင်း မရှိဘဲ လှည်တန်းနှင့် မြေနီကုန်းမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း Motors.com ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက တရားဝင် ထုတ်ပြန်ခဲ့သည်။သို့ဖြစ်ရာ ထူးခြားမှုမရှိသည့် ယာဉ်ကြောပိတ်ဆို့မှုအတွက် အဖြေမဟုတ်သည့် ခုံးကျော်တံတားများအတွက် ငွေကျပ်ဘီလျံများစွာ အသုံးပြုခဲ့ခြင်းကလည်း မဖြစ်သင့်ပေ။  ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်လိုငွေ ဘီလျံ ၁၂၀ ကျော်ပြခဲ့ပြီး ယခင်နှစ်ကထက် နှစ်ဆကျော် လိုငွေပြခဲ့ကြောင်း သိရသည်။ အဆိုပါ လိုငွေပြခဲ့သည့် ဘတ်ဂျက်စာရင်းတွင် ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့သည့် တာမွေအဝိုင်း လမ်းငါးခွဆုံး ခုံးကျော်တံတား၊ ရှစ်မိုင် ခုံးကျော်တံတား၊ ကုက္ကိုင်းခုံးကျော်တံတား သုံးစင်းစုစုပေါင်း ကုန်ကျစရိတ် ၅၄ ဘီလျံကျော် ပါဝင်နေခြင်းကြောင့်လည်း ဖြစ်သည်။“ပြောရရင် အခုဆောက်နေတဲ့ ခုံးကျော်တံတားတွေက အဆင့်မမီဘူးပေါ့။ အမှန်ဆိုရင် ဒီလိုမျိုး ခုံးကျော်တံတားတွေဆိုတာ အဝေးပြေးလမ်းတွေ၊ မြို့ပြင်ရှင်းလင်းတဲ့ နေရာမျိုးတွေမှာပဲ ဆောက်သင့်တဲ့ ပုံစံမျိုးတွေပါ။ အောင်မင်္ဂလာ အဝေးပြေးနားမှာတွေ၊ ခရေပင် လမ်းဆုံနားမှာတွေပဲ ဒီလိုမျိုး ခုံးကျော်တံတားတွေကို ဆောက်သင့်တယ်။ မြို့ထဲနေရာတွေမှာ ဆောက်မယ်ဆိုရင် ဘေးတွေမှာ နေရာကျယ် ရှိသင့်ပါတယ်။ အခု ဆောက်ထားတဲ့ ခုံးကျော်တံတားတွေက လမ်းဆုံကိုကျော်ပြီး ဆင်းသွားလည်း နောက်ထပ် မီးပွိုင့်တွေကရှေ့မှာ စောင့်နေပြီလေ။ နောက်ဆုံးတော့ ယာဉ်ကြောပိတ်ဆို့တာကို မဖြေရှင်းပေးနိုင်ဘဲ တံတားအတွက် ငွေအများကြီး ကုန်သွားတာပဲ အဖတ်တင်တာပေါ့။ ရုပ်ဆိုးပြီး ကြည့်လို့လည်း မလှပါဘူး။ ဘေးလမ်းတွေလည်း ကျဉ်းသွားပြီးတော့ အဆင်မပြေပါဘူး” ဟု အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်ခိုင်က ပြောကြားသည်။ဘယ်သူတွေ အကျိုးရှိသွားတဲ့ ခုံးကျော်တံတား စီမံကိန်းတွေလဲခုံးကျော်တံတားစီမံကိန်းများ ဆောက်လုပ်ခဲ့ရာတွင် ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်ခြင်း မရှိသည့်အတွက် ဒီစီမံကိန်းက ဘယ်သူတွေအတွက် အကျိုးရှိသွားခဲ့သလဲ ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ အလားတူ ဘာကြောင့် ဒီခုံးကျော်တံတားတွေ ဆောက်လုပ်ခဲ့သလဲ ဆိုတာကိုလည်း မေးခွန်းထုတ်ရမည်လည်း ဖြစ်သည်။အဆိုပါ ခုံးကျော်တံတားများကို ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများသည် လက်ရှိ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီကြီးများပင်ဖြစ်ပြီး လှည်းတန်းနှင့် တာမွေအဝိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတားများကို ရွှေတောင်ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီ၊ ရွှေဂုံတိုင်၊ မြေနီကုန်းနှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားများအား Capital Development ကုမ္ပဏီနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအား Crown Advance ကုမ္ပဏီ တို့က ဆောက်လုပ်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။ ယင်းအထဲမှ ခုံးကျော်တံတားနှစ်စင်း သုံးစင်းအထိ ဆောက်လုပ်ခွင့် ရရှိခဲ့သည့် ကုမ္ပဏီများ အကျိုးအမြတ် ရရှိသွားသည့် ပုံစံဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကတော့ ဒုံရင်းမှ ဒုံရင်းပင် ဖြစ်နေသည်ဟုလည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။ထို့ပြင် ခုံးကျော်တံတား တည်ဆောက်ရာတွင် သေသပ်စွာ ဆောက်လုပ်ခဲ့ခြင်း မရှိသည့် ဖြစ်ရပ်များလည်း Facebook လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ထွက်ပေါ်ခဲ့ပြီး မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတား၏ ဘေးအကာဘောင်တွင် ကွန်ကရစ် အက်ကွဲကြောင်း ဖြစ်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းကိစ္စမှာ ဆောက်လုပ်စဉ်က ဓာတ်ပုံဖြစ်ကြောင်း ပြန်ရှင်းထားသည်။ထို့ပြင် အစိုးရသက်တမ်း လေးနှစ်ကျော်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတား ခုနစ်စင်းအထိ အလျင်အမြန် တည်ဆောက်ခဲ့သည့် အပေါ်ရိုးသားမှုရှိသည်ဟု အာမခံသလားဟုလည်း မေးခွန်ထုတ်မှုများ ထွက်ပေါ်ခဲ့သည်။မပြီးဆုံးသေးတဲ့ ခုံးကျော်တံတားဇာတ်လမ်းယခုအစိုးရ သက်တမ်းသည် မတ် ၃၁ ရက်တွင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ ဧပြီ ၁ ရက်မှ စတင်၍ အစိုးရသစ်က စတင်တာဝန်ထမ်း ဆောင်ရမည် ဖြစ်သည်။ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့တွင် ခုံးကျော်တံတား ခုနစ်စင်းဆောက်လုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့သည်မှာ အားလုံး မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ သို့သော် ယင်းခုံးကျော်တံတား ဇာတ်လမ်းက ပြီးဆုံးမသွား။ အစိုးရသစ် တာဝန်ယူမည့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းဆုံ (ချော်တွင်းကုန်းမီးပွိုင့်) နှင့် မြောက်ဥက္ကလာပ လမ်းဆုံတို့တွင် ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန်ပင် လက်ရှိရန်ကုန်တိုင်း ဒေသကြီး အစိုးရက စီမံကိန်းရေးဆွဲခဲ့ကာ ဘဏ္ဍာငွေကျပ် ၃၂ ဒသမ ၂ ဘီလျံကို တင်ပြတောင်းခံထားသည်။ အစိုးရဟောင်းက အစိုးရသစ်ကို ကြိုတင်ဘတ်ဂျက် ရေးဆွဲတောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။ယင်းသို့ ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိ ပြုလုပ်နေသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန် အစည်းအဝေးတွင် NLD ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်နေကြသည်။ ထိုသို့ မပြေလည်သည့် ဖြေရှင်းနည်းဖြင့် ဆက်လက်ဖြေရှင်းခြင်း မပြုဘဲ ခုံးကျော်တံတား နှစ်စင်းအတွက် ဘဏ္ဍာငွေတောင်းခံထားပြီး ဖြစ်သောကြောင့် ဘဏ္ဍာငွေအား ပြန်ဖျက်၍ မရသော်လည်း အခြားလုပ်ငန်းခေါင်းစဉ်ဖြင့် ဘဏ္ဍာငွေပြောင်းလဲ အသုံးပြုရန်လည်း လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြထားသည်။ခုံးကျော်တံတားအတွက် အသုံးစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ၂ ရာခိုင်နှုန်းလာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘဏ္ဍာငွေ တောင်းခံခဲ့ရာတွင် ခုံးကျော်တံတားနှစ်စင်းအတွက် ဘဏ္ဍာငွေမှာ ငွေလုံးငွေရင်း အသုံးစရိတ်၏ ၇၅ ရာခိုင်နှုန်း ရှိနေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း အတွက်မူ ၂ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရကြောင်း မတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် NLD ၏ အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ၂၀၁၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေလုံးငွေရင်း အသုံးစရိတ် အနေဖြင့် ကျပ် ၄၄ ဒသမ ၇၈၂ ဒသမ ဘီလျံသုံးစွဲရန် လျာထားခဲ့ရာတွင် ခုံးကျော်တံတားနှစ်စင်း ဆောက်လုပ်ရန် ငွေကျပ် ၃၂ ဒသမ ၂ ဘီလျံ လျာထားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရန်အတွက်မူ ငွေကျပ် ၁ ဘီလျံသာ ပါဝင်ခဲ့သည်။နှစ်ထပ်လမ်းတွေလာရင် ခုံးကျော်တံတားတွေ ပြန်ဖျက်ရမယ်နိုင်ငံတကာတွင် ယာဉ်ကြောပိတ်ဆို့မှု အတွက် ခုံးကျော်တံတားများဖြင့် ရေတိုဖြေရှင်းနည်းလမ်းများ မရှိဟု နိုင်ငံတကာသို့ သွားရောက် လေ့လာခဲ့ကြသူများက ဆိုသည်။ အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင် နှစ်ထပ်လမ်း၊ သုံးထပ်လမ်းများ ဆောက်လုပ်၍သာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနေကြသည်။ ယခုကဲသို့ မီးပွိုင့်တစ်ခုစာကျော်ရုံ ခုံးကျော်တံတားများ မဟုတ်ဘဲ မြို့တစ်မြို့လုံးကို ပတ်၍ အမြန်သွားရောက်နိုင်မည့် နှစ်ထပ်လမ်းများသာ တည်ဆောက် အသုံးပြုနေသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းရေးဆွဲခဲ့သည့် ‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀’ အရ ရန်ကုန်မြို့တွင် နှစ်ထပ်လမ်းများ တည်ဆောက်ရန် အစီအစဉ်များ ရှိသောကြောင့် လက်ရှိတည်ဆောက်ပြီးခဲ့သည့် ခုံးကျော်တံတားများမှာ ပြန်လည်ဖျက်သိမ်းရမည့် အနေအထားများ ရှိနေကြောင်း မတ် ၂၄ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး အစည်းအဝေးအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားထားသည်။အခြားနိုင်ငံများတွင်လည်း နှစ်ထပ်လမ်းများ တည်ဆောက်သည့်အခါ မလွတ်ကင်းသဖြင့် တံတားများ ပြန်ဖျက်ပေးရမှုများ ရှိနေပြီး ယခု ရန်ကုန်မြို့တွင် တည်ဆောက်ခဲ့ပြီး ခုံးကျော်တံတားများသည်လည်း နှစ်ထပ်လမ်းများ တည်ဆောက်သည့်အခါ အဟန့်အတားများ ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ထားကြသည်။“မဟာရန်ကုန်မြို့ပြ စီမံကိန်း ၂၀၂၀-၂၀၄၀ မှာ ရန်ကုန်မြို့ကြီးမှာ နှစ်ထပ်လမ်းတွေ အများကြီး ပေါ်လာမှာ။ ဒါကလည်း Master Plan ထဲမှာ ရေးဆွဲထားပြီးသား။ ဒါကြောင့်မို့လို့ အခုလုပ်ထားတဲ့ ခုံးကျော်တံတားတွေဟာ Master Plan အတိုင်း နှစ်ထပ်လမ်းတွေ လုပ်မယ်ဆိုရင် ဖျက်ကိုဖျက်ရမှာပါ” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားထားသည်။“မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းဆိုပြီးတော့ ဂျိုက်ကာနဲ့ စီစဉ်ထားတာတွေ လေ့လာတွေ့ရှိ ရပါတယ်။ အဲဒီလို အခါကျရင် ၂၀၂၀ -၂၀၄၀ မှာ နှစ်ထပ်လမ်းတွေ ဖြစ်လာရင် ဒီဆောက်ထားတဲ့ တံတားတွေက ပြန်ဖျက်ပေးရမယ်။ ကျွန်တော်တို့ ဘဏ္ဍာငွေ မဆုံးရှုံးအောင် ဒါမျိုးတွေကို လေ့လာစိစစ်သင့်တယ်။ လောလောဆယ်မှာ အရေးပေါ် မလိုအပ်ဘူး။ ဒါကိုကျွန်တော်တို့ မလုပ်လို့ရှိရင် အခြားနေရာမှာ ခေါင်းစဉ်ပြောင်းလဲ သုံးနိုင်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။“ခုံးကျော်တံတားတွေကို တစ်ခုပြီးတစ်ခု တည်ဆောက်နေပေမယ့် ယာဉ်ကြောပိတ်ဆို့တဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာမျိုး မတွေ့ရဘူး။ ခုံးကျော်တံတား တည်ဆောက်နေတဲ့ အချိန်မှာ လမ်းတွေ ပိုပိတ်သွားတာပဲ အဖတ်တင်တယ်။ ခုံးကျော်တံတား တည်ဆောက်ဖို့အတွက် တိုင်းပြည်ဘဏ္ဍာတွေကို အမြောက်အမြား သုံးစွဲလိုက်ရတယ်။ အမှန်ဆိုရင် အဲဒီငွေတွေကို တခြားနေရာတွေမှာ ပိုအကျိုးရှိဖို့အတွက် အများကြီး အသုံးပြုလို့ရတယ်။ ရန်ကုန်မြို့မှာ နှစ်ထပ်လမ်းတွေကို မျှော်လင့်နေမိတာ အတော်ကြာပါပြီ။ မြို့ထဲကနေ မြို့ပြင်ကို တစ်ခါတည်းထွက်လို့ရတဲ့ နှစ်ထပ်လမ်းတွေ ရှိသင့်တာ ကြာပါပြီ။ အမှန်က အရှည်သဖြင့် တွက်ချက်ချိန်ဆပြီးတော့မှ ဆောင်ရွက်သင့်ပါတယ်” ဟု ရန်ကုန်မြို့မှ ကိုယ်ပိုင်ယာဉ်မောင်းနှင်သူ ကိုထက်လွင်ဦးကလည်း ဖွင့်ဟပြောကြားသည်။“ခုံးကျော်တံတားတွေက အခုအစိုးရဟောင်း အနေနဲ့ ဆောက်ထားတာတွေပါ။ ဒါတွေကို ဆောက်ရင်လည်း ပြန်ဖျက်ရမှာပဲဆိုပြီး အချို့ပညာရှင်တွေက သုံးသပ် ပြောကြားတာတွေကိုလည်း ကြားဖူးပါတယ်။ ယာဉ်ကြောကျပ်တဲ့ ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာကိုလည်း အများအမြင်ပါပဲ။ အစကတည်းက အဆင်မပြေတာကို မသိချင် ယောင်ဆောင်ပြီး ဆောက်ခဲ့သလားလို့တော့ မသိပါဘူး။ ဆောက်ထားတာတွေကို ပြန်ဖျက်မယ်ဆိုရင်လည်း အရင်ဆောက်ခဲ့တဲ့သူတွေမှာ တာဝန်ရှိပါတယ်။ ဆောက်ကတည်းက ယာဉ်ကြောကျပ်တည်းတဲ့ ပြဿနာကို ဖြေရှင်းနိုင်ခြင်း ရှိ၊ မရှိ သေချာမစဉ်းစားဘဲ ဆောက်လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ရေရှည်အတွက်ကြည့်ပြီး ပြန်ဖျက်သင့်တာတွေလည်း ဖျက်ရမှာပါ” ဟု  ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ ကိုရဲလင်းက ပြောကြားသည်။ဒါကြောင့် ခုံးကျော်တံတားတွေ ထပ်မဆောက်ဖို့ ကန့်ကွက်ထိုသို့ ပြန်ဖျက်ရမည့် အနေအထားများကြောင့် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းဆုံ (ချော်တွင်းကုန်းမီးပွိုင့်) နှင့် မြောက်ဥက္ကလာပ လမ်းဆုံတို့တွင် ခုံးကျော်တံတား နှစ်စင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ထပ်မဆောက်ရန် ကန့်ကွက်ထားကြခြင်းလည်း ဖြစ်သည်။“အခုလုပ်ဆောင်ပြီးသားတွေကတော့ လုပ်ပြီးပြီ။ ဒါအစိုးရဟောင်း လက်ထက်က လုပ်ခဲ့တာပေါ့။ နောင်အစိုးရသစ် လက်ထက်မှာတော့ ထပ်မဆောက်ဖို့ကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ခုံးကျော်တံတားတွေက ရေတိုအတွက်ကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သဟဇာတမဖြစ်ဘဲ Master Plan ကြီး လုပ်လိုက်လို့ ဒါကို ပြန်ဖျက်ရမယ်ဆိုရင် ပြည်သူတွေ ထမ်းဆောင်ထားတဲ့ အခွန်တွေ နှစ်ဆကုန်မှာဖြစ်တယ်။ ဒါကြောင့် နောက်ထပ်ဆောက်မယ့် ခုံးကျော်တံတားတွေကို ပိတ်ပင်တာ ဖြစ်ပါတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့ နယ်မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။သို့သော် လက်ရှိခုံးကျော်တံတားများသည်လည်း ပြည်သူအတွက် အကျိုးမဖြစ်သောကြောင့် ယင်းခုံးကျော်တံတား နှစ်စင်းအား ပြန်လည်လေ့လာ စိစစ်သုံးသပ်သင့်ကြောင်း မတ် ၂၂ ရက်တွင် ပြုလုပ်သည့် ဒုတိအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကလည်း အကြံပြုထားသည်။