တိုးမြစ်ကမ်းရှိ မအူပင်မြို့ ၁၀ ရပ်ကွက်တွင် အလျားပေ ၂၀၀ နှင့် အနံပေ ၅၀ ခန့်ရှိ မြစ်ကမ်းပါးပြိုကျပြီး ဓနိအချပ်ရေ ငါးသောင်းကျော်နှင့် ကျောက်တိုင်များ ရေထဲမျောပါ ပျက်စီး

တိုးမြစ်ကမ်းရှိ မအူပင်မြို့ ၁၀ ရပ်ကွက်တွင် အလျားပေ ၂၀၀ နှင့် အနံပေ ၅၀ ခန့်ရှိ မြစ်ကမ်းပါးပြိုကျပြီး ဓနိအချပ်ရေ ငါးသောင်းကျော်နှင့် ကျောက်တိုင်များ ရေထဲမျောပါ ပျက်စီး
Published 2 March 2016
သက်မင်း

မအူပင်မြို့ အမှတ် (၁၀) ရပ်ကွက်တွင် အလျားပေ ၂၀၀ နီးပါးနှင့် အနံပေ ၅၀ နီးပါးအထိ တိုးမြစ်ကမ်းပါးပြိုကျပြီး ဓနိအချပ်ရေ ငါးသောင်းကျော်နှင့် ကျောက်တိုင်များ၊ ဝါးများနှင့် ကျောက်စည်ပိုင်းများ ရေထဲမျောပါ ပျက်စီးသွားသည်ဟု မအူပင်မြို့ခံများထံမှ သိရသည်။မတ် ၁ ရက် ညနေပိုင်းကတည်းက သစ်ဆန်းမုန့်ဟင်းခါးစက် အနောက်ဘက် ဦးတိုက်စိုး ဝါး၊ ဓနိပွဲရုံမှ စတင်ပြိုကျ ပျက်စီးနေခြင်းဖြစ်ပြီး မတ် ၂ ရက် နံနက်ပိုင်းရောက်လာသောအခါ ဓနိချပ်ရေ ငါးသောင်းကျော် ရေထဲမျောပါသည်အထိ ကမ်းပါးပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။“မတ် ၁ ရက် ညနေပိုင်းကတည်းက ပြိုနေတာ။ ကျွန်တော်တို့ သွားကြည့်တော့ ၁၀ ပေလောက်တော့ ပြိုနေပြီထင်တယ်။ ညဘက် ခုနစ်နာရီလောက်မှာ အခြေအနေ ပိုဆိုးသွားတယ်။ အိမ်တွေတော့ ရေထဲပါမသွားဘူး။ ခြံစည်းရိုးတွေရယ်၊ ဓနိတွေရယ် ကျန်တဲ့ပစ္စည်းတွေရယ်ပဲ ပါသွားတယ်။ နောက်ပြီး လူငယ်လေးတစ်ယောက်က ပစ္စည်းတွေ ရှင်းနေရင်းနဲ့ ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး” ဟု ကမ်းပါးပြိုကျရာနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် မအူပင်မြို့ခံ ကိုနေရောင်နီက ပြောကြားသည်။တိုးမြစ်သည် မိုးရာသီ မြစ်ရေတက်သည့်ချိန်တွင် ၁၅ ပေကျော်အထိ မြင့်တက်ပြီး လက်ရှိရေကျချိန်၌ ၁ ပေ နီးပါးခန့်သာရှိတော့ခြင်း၊ ရေကျသည့်အချိန်တွင် မြေပျော့ဟု ယူဆရသော ကမ်းနားပေါ်တွင် အလေးချိန်များသော ကျောက်စည်များ၊ ဓနိချပ်များ ထားခြင်းစသည့် အချက်များကြောင့် ကမ်းပါးပြိုကျရခြင်း ဖြစ်နိုင်ကြောင်း ဆည်မြောင်းဦးစီးဌာန (မအူပင်)မှ ဦးစီးအရာရှိ ဦးမြင့်အောင်က The Daily Eleven သို့ သုံးသပ်ပြောကြားသည်။“စာရင်းအတိအကျတော့ မသိရသေးဘူး။ ဒါပေမဲ့ အလျားက ပေ ၁၀၀ ကျော် ၂၀၀ နီးပါး အနံက ပေ ၄၀ လောက် ပြိုမယ်လို့ ခန့်မှန်းရတယ်။ အဲဒီနေရာက ၁၉၈၈ ခုနှစ်လောက်တုန်းကနေစပြီး သောင်ထွန်းသွားတဲ့ နေရာ။ အဲဒါကို လူတွေက တဖြည်းဖြည်း လာနေကြတဲ့နေရာလို့ သိရတယ်။ အဲဒီတော့ မြေပျော့လို့ ခန့်မှန်းရတယ်။ မြေပျော့ပေါ်မှာ ကျောက်စည်လို လေးတဲ့အရာတွေ ရှိတာရယ်ကြောင့် ပြိုတာလို့ ကနဦး ခန့်မှန်းရတယ်။ နောက်ပြီး အခုပြိုနေတဲ့ နေရာမှာဘေးက မုန့်ဟင်းခါးစက်ကနေလည်း ရေပိုက်က စွန့်လွှတ်တဲ့ရေတွေဟာ ပက်ကြားအက်ထဲကို ပြန်ဝင်နိုင်တယ်။ အဲဒီတော့ ထပ်ပြိုကျဖို့ အလားအလာရှိတယ်။ ဒါပေမဲ့ ပြိုပြီးသားမြေသားတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ပြိုရင်လည်း လှေကားထစ်ပုံစံလောက်ပဲ ဖြစ်တော့မယ်” ဟု ဆည်မြောင်းဦးစီးဌာန (မအူပင်)မှ ဦးစီးအရာရှိ ဦးမြင့်အောင်က The Daily Eleven သို့ ပြောကြားသည်။ 

Most Read

Most Recent