လက်ပံပွင့်ချိန် လွမ်းချင်

လက်ပံပွင့်ချိန် လွမ်းချင်
Published 29 February 2016
ကိုနော် (ပုဂံ)

"တမာကို ချစ်
အညာကို ချစ်တော့
စာချစ်ကျနော်---
လွမ်းမိတယ်"

ကျွန်တော်တို့အဖွဲ့ ထိုနေ့က ပုဂံညောင်ဦးမှသည် ဆရာမြသန်းတင့်၏ မွေးဖွားရာ ဇာတိဖြစ်သော မြိုင်မြို့လေးရှိရာဆီသို့ ဒေါက်တာမြတ်ေ၀ (မြတ်ဝေ) ၏ ကားလေးဖြင့် ထွက်လာခဲ့ကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၈ ရက်သည် ဆရာမြသန်းတင့် သူချစ်သောအညာနှင့် ကမ္ဘာမြေကို ကျောခိုင်းထွက်ခွာသွားခဲ့သည့်နေ့ ဖြစ်သည်။ ကျွန်တော်တို့သည် မြိုင်မြို့တွင် ကျင်းပမည့် ဆရာမြသန်းတင့်ချစ်သူများ တတိယအကြိမ် တွေ့ဆုံပွဲနှင့် ကဗျာရွတ်ပွဲအတွက် ရည်ရွယ်ထွက်ခဲ့ကြခြင်း ဖြစ်သည်။
ပခုက္ကူတံတားနား မရောက်မီ ထန်းပင်များအကြားတွင် အတန်ကြာ ငြိတွယ်နေသော နေမင်းဖန်ဝါ၏ အလှကို မျက်ကွယ်မပြုနိုင်ဖြစ်နေသဖြင့် ဓာတ်ပုံဆင်းရိုက်ကြသေးသည်။ ဧရာဝတီမြစ်ကို ပခုက္ကူတံတားပေါ်မှ ဖြတ်ကာ ညီ (ပခုက္ကူ) ၏ ရပ်ဝန်းသစ် စားသောက်ဆိုင်ဝင်သည်။ လက်ဖက်ရည်သောက်ပြီး ပခုက္ကူမြို့ထဲတွင် လိုအပ်တာတချို့ဝယ်ကာ မြိုင်ဘက်ထွက်ခဲ့သည်။
ပခုက္ကူနှင့်မြိုင်သည် ၂၇ မိုင်သာ ကွာဝေးကြောင်း သိရသည်။ ပခုက္ကူမြို့ အထွက်တွင် ကားဆီဝင်ဖြည့်သည်။ ပခုက္ကူမြို့ထဲတွင်မူ လောင်စာဆီ ရောင်းဝယ်လုပ်ကိုင်မှုများနှင့် စပ်လျဉ်းပြီး စည်းကမ်းကြီးကြောင်း ညီက ပြောပြသည်။ ဓာတ်ဆီဆိုင်လေးများ၏ နောက်ကွယ်တွင်ရှိသော ရပ်ကွက်လေးတစ်ခု၏ ရင်ဆိုင်ရုန်းကန်နေကြရသော ဘဝအမောတွေ အကြောင်းကြားခဲ့ရသည်။
ဧရာဝတီမြစ် တစ်ဖက်ကမ်းသို့ ကူးလာသော ကျွန်တော်တို့သည် မြစ်နှင့်ဝေးကွာလာလေ နေအပူရှိန်ဒဏ်၊ ပူပြင်း ခြောက်သွေ့မှုဒဏ်တို့ကို ပို၍ ခံစားလာရလေဟု ထင်မိသည်။ကျွန်တော်တို့သွားသည့် မြိုင်သည် ပခုက္ကူနယ်အတွင်း သောက်သုံးရေ ရှားပါးသည့်ဒဏ်ကို အခံစားရဆုံး ဒေသလည်းဖြစ်သည်။ ကျန်သော ရေစကြို၊ ပေါက်၊ ဆိတ်ဖြူတို့သည် မြိုင်လောက်ဆိုးမည်မထင်။
မြိုင်သို့ထွက်လာခါမှ နေသည် ပို၍ပူသည်ဟုခံစားရ၏။ လမ်းဘေး ဝဲယာသစ်ပင်များသည် ဝါ၍၊ ခြောက်၍ ကြွေရက်သည် စောနေသကဲ့သို့ ခံစားရသည်။
"ရှေ့မှာလက်ပံပင်၊ အဲဒီနားမှာ ခဏနားမယ်"ကိုရှား၊ စိမ့်ညှက်၊ ညီ (ပခုက္ကူ) အားလုံးသဘောတူ နားကြသည်။ ကျွန်တော်ကမူ တစ်ပင်လုံး ရဲရဲနီအောင်ပွင့်နေသော လက်ပံပင်ကြီးရှိရာသို့ အဦးဆုံးရောက်အောင် ပြေးခဲ့သည်။ ကားလမ်းမှသည် လက်ပံပင်ဆီသို့ရောက်ရန် စူးထိုးထားသော ယာခင်းကို ဖြတ်သွားရသည်။
ရဲပတောင်းထအောင် ပွင့်ဖူးဝေဆာနေသော လက်ပံပင်၊ နောက်ဘက်မှ အစိမ်းရောင်ထန်းပင် ထန်းလက်များ၊ အစိမ်းနှင့်အနီ တွန်းကန် အားပြိုင်နေမှုကို တည်ငြိမ်ရင့်ကျက်ခြင်း၊ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုသည့် ကောင်းကင်ပြာသည် ဆွဲယူ စေ့စပ်ညှိနှိုင်းပေးလိုက်သည့်နှယ်။
လက်ပံပင်သည် ကောင်းကင်ထက်ဝယ် ပင်လုံးကျွတ်နီနေရုံမက မြေပြင်တွင်လည်း ရဲရဲတောက်နေသည်။
ပန်းချီသဘောတရားအရ အရောင်တို့၏ သဘောသဘာဝအရ အနီသည် ပူသော သဘောကိုဆောင်သည်။ မြိုင်၏နေသည် ကျွန်တော်တို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေက နေထက် ပို၍ပူလှသည်။သို့သော် ထူးခြားသည်မှာ ရဲရဲနီနေသော လက်ပံပင်ကြီးအောက်တွင် ကော်ဇောနီနီကြီး ခင်းထားသည့်ပမာ ပွင့် ကြွေပန်းတို့ ကျဲပြန့်နေသော ထိုတစ်ဝိုက်သည်  အပူဒဏ်ကိုမခံစားရ။
လက်ပံပင်သည် တစ်ပင်တည်းမဟုတ်။ ကိုက်လေးငါးရာခန့်အကွာတွင် တစ်ပင်ရှိသည်။ နောက်ထပ် ထိုအကွာအဝေးလောက်မှာပင် တစ်ပင်ရှိသေးသည်။ အရွယ်အားဖြင့် သိပ်မကွာလှ။
လက်ပံပင်ကိုကြည့်ရင်း လက်ပံပွင့်တွေ ကောက်ခဲ့သော၊ လက်ပံသီးများကို ဂျင်ကလည်လုပ်တမ်း ကစားခဲ့သည်ကို အမှတ်ရသည်။ လက်ပံပွင့်ချိန်သည် ခွေးရူးတတ်သည့် အချိန်ဖြစ်သည်မို့ မိဘများက ငယ်ရွယ်သည့်ကလေးများကို အပြင်သို့ ပေးမလွှတ်သည့်အချိန်။
ကျောင်းသားဘဝတွင် ထိုကာလသည် စာမေးပွဲဖြေဆိုမည့်အချိန် သို့တည်းမဟုတ် ဖြေပြီးစအချိန်၊ နွေဦး၊ လေရူးပေါက်စအချိန်၊ အလွမ်းဓာတ်ခံ ရှိသူများအဖို့ ပိုမိုထိခိုက်ခံ စားရသည့်အချိန်။ ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံရပြီးနောက် လက်ပံပင်ကြီးအောက် နေ့စဉ်သွားထိုင်နေသော လူငယ်လေးတစ်ဦးသည် တစ်နေ့တွင် လက်ပံပင်အောက်မှသည် ရထားသံလမ်းဘက်ဆီ ထွက်ခွာသွားပြီး ပြန်မလာတော့သည့်အဖြစ်ကို သတိရသည်။
ရဲရဲနီနေသော လက်ပံပင်ကြီးအောက်မှ ယုံကြည်ရဲရင့်စွာ ဖြတ်လျှောက်သွားသော ကျောင်းသားများ၏ ခြေသံများကို ကြားယောင်နေမိသည်။
တမာနုချိန်စစ်တမ်းကို ရေးသားခဲ့သည့် ဆရာမြ၊ အညာကို ချစ်သည့်ဆရာမြ၊ ကိုကိုးကျွန်းပြန် ဆရာမြ၊ နိုင်ငံရေးသမားကြီးဆရာမြ၊ ဂျပန်တော်လှန်ရေး ရဲဘော် ဆရာမြ၊ သတင်းစာဆရာ အယ်ဒီတာ ဆရာမြ၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူဆရာမြ ကွယ်လွန်သွားခဲ့သည်မှာလည်း လက်ပံပွင့်ချိန်။

မနက်စောစောကများဆိုလျှင်  လက်ပံပင်ကြီးသည် နေခြည်နုနုအောက်တွင် ပို၍ပင်လှနေလိမ့်မည်။ ကျေးငှက်သာရကာတို့၏ ပျော်ရွှင် မြူးထူးသော အသံများသည် ပို၍ ဆူညံပွက်လောရိုက်နေလိမ့်မည်။
တိုက်တိုက်ဆိုင်ဆိုင် ဆရာမြသန်းတင့်ပွဲသွားမည့် အဖွဲ့တစ်ဖွဲ့ လက်ပံပင်အောက် ထပ်ရောက်လာသည်။ ခံစားမှုများ ထပ်တူကြသွားကြသည်။ လက်ပံပွင့်တွေကိုကြည့်ပြီး အတူလွမ်းကြသည်။ အတူ မျောလွင့်ကြသည်။
"လက်ပံပွင့်ကောက် ရောက်လာမယ်--"
"လာဟေ့ဒွါး--သွားကောက် ချီစို့---ပွင့်ခြောက်ကယ်အနားလံ"
"ပေါက်လဲပွင့်တဲ့ တပို့တွဲလမှာ ချစ်ဦးနဲ့ ပျော်သည်"

လက်ပံပွင့်ကြွေများ ကောက်ရင်း တစ်ယောက်တစ်ပေါက် ပါးစပ်ထဲ တွေ့ရာသီဆိုနေကြသည်။
သနပ်ခါးခြံလေးများကို မကြာခဏ တွေ့ရသည်။ လက်ပံပင်အောက်မှ ထွက်လာကတည်းက လက်ပံပွင့် အပေါ်ထားသည့် စက္ခုအာရုံခံစားမှုများသည် ရသာအာရုံခံစားမှုများဘက်သို့ ပြောင်းလဲသွားကြပုံပေါ် သည်။ လက်ပံပွင့်နှင့်ပုန်းရည်ကြီး၊ လက်ပံပွင့်နှင့် ငါးတန်၊ လက်ပံပွင့် နှင့် ဘာဘာညာညာ။ ငယ်စဉ်က မိခင်ချက်ပြုတ်ကျွေးခဲ့သော လက်ပံပွင့် အချဉ်ရည်ဟင်းကို ပြန်လည်တမ်းတမိသည်။
မြိုင်သို့ရောက်သည့်အခါ  နံနက် ၁၀ နာရီခွဲပြီ။ ဆရာစိုးနိုင် (မန္တလေး တက္ကသိုလ်)၊ ဆရာညိုထွန်းလူ၊ ဆရာစိုးဘာဒိုင်တို့ ဆရာမြသန်းတင့်ပွဲသို့ လာရောက်ကြသည်ကို တွေ့ရသည်။ ကဗျာဆရာ အများစုပါသည်။  ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က ဆရာမြသန်းတင့်သည် တောင်ကြီးကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း၊ ဆရာတို့တစ်တွေသည် ဆရာကြီးမြသန်းတင့်၏ အရိပ်အာဝါသဝယ် ကြီးပြင်းခဲ့ရသူများဖြစ်ကြောင်း၊ ဆရာမြသန်းတင့် စန္ဒာမဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ခဲ့စဉ်က အကြောင်းနှင့်ဆရာကြီး၏ "တမာနု ချိန်စစ်တမ်း" အက်ဆေးအကြောင်း ပြောပြသည်။"တမာနုချိန်စစ်တမ်း"ကို ဆရာမကြီး လူထုဒေါ်အမာရေးသည့် "ဈေး" ဆောင်းပါးကဲ့သို့ပင် နှစ်ခြိုက်စွဲလမ်းခဲ့ရကြောင်း ဆရာ စိုးနိုင် (မန္တလေးတက္ကသိုလ်) က ဆိုသည်။ ဆရာပြောသော စာနှစ်ပုဒ်စလုံးကို ကျွန်တော်တို့လည်း နှစ်ခြိုက်စွဲလမ်းခဲ့သည်ပင်။ စာကောင်း တစ်ပုဒ်သည် နှစ်ကာလမည်မျှပင် ကြာမြင့်ပါစေ တန်ဖိုးလျော့သွားသည့် သဘောမျိုးမရှိဟု တွေးမိသည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)သည် ဆရာမြသန်းတင့် ရေးသားခဲ့သည် စာအုပ်များအကြောင်း ဆက်ပြောသွားသည်။ဆရာမြသန်းတင့်ကဲ့သို့ ကြိုးစားအားထုတ်ဖို့၊  စိတ်ဓာတ်မွေးမြူဖို့ တိုက်တွန်းသွားသည်။ ထို့ပြင် ယခုအချိန်ကာလသည် ဆရာမြသန်းတင့် အိမ်ပြန်လာတတ်သော အချိန်ကာလ ဖြစ်သဖြင့် ဆရာမြသန်းတင့်၏ အိမ်လွမ်းစိတ်လေးကိုလည်း ဖော်ကျူးသွားခဲ့သည်။
 ဆရာညိုထွန်းလူသည်လည်း "တမာနုချိန်စစ်တမ်း"ကို ညွှန်းဆိုသည့်အပြင် လမ်းတွင် လက်ပံပွင့် များနီရဲအောင်ပွင့်နေပြီး၊ နွေဆန်လှသည့် ဥသြသံကြားရသည့်အခါ ဆရာမြသန်းတင့်များဆိုလျှင် အိမ်ကို ဘယ်လောက်များ လွမ်းလိမ့်မလဲဆိုပြီး လွမ်းစကားဖြင့် အမှာစကားကို နိဒါန်းပျိုးသည်။
■ ဆရာ့တန်ဖိုး
ဆရာ့ဂုဏ်အင်္ဂါ
ဆရာ့စေတနာ
ဆရာ၏ခေတ်ရှေ့ပြေးမှုနှင့် လူငယ်များအပေါ် ထားခဲ့သည့် စေတနာ။

ဆရာစိုးဘာဒိုင်က ဆရာနှင့် နိုင်ငံရေး။ ဆရာ့ဇာတိမြိုင်မြို့လေး၏ ကုန်းမို့မို့ စေတီလေး အရိပ်ဝယ် တစ်ယောက်ပြီးတစ်ယောက် ဆရာ့အကြောင်းကို ဖွဲ့ဆိုသွားကြသည့်တိုင် ဆရာ့ဂုဏ်ကျေးဇူးနှင့် ဆရာ့စာတို့သည် မကုန်နိုင်မခန်းနိုင်။
■ ဆရာနှင့်အညာ
ဆရာနှင့်တမာ
ဆရာနှင့်စာ
လွမ်းစရာတွေကအဖုံဖုံ

ကျွန်တော်တို့အလွမ်းများနှင့် ပြန်ခဲ့ကြသည်။ ပုဂံရောက်ရင်ဖြင့် ဆရာပုဂံလာလည်ခဲ့စဉ်က ရေးသားခဲ့သည့် ဆောင်းပါးများ ပြန်ဖတ်ရမည်။ ဆရာ သွားလာလည်ပတ်ခဲ့သည့် နေရာများသို့ ခြေရာခံသွား ကြည့်မည်။ ဆရာတွေ့ဆုံခဲ့သည့်သူ များနှင့် သွားတွေ့ဦးမည်။ကျွန်တော်တို့၏ ပုဂံအပြန်လမ်းသည် ကမ္မဘက်မှဖြစ်ရာ လမ်းတစ်လျှောက် ရဲရဲနီနေသော လက်ပံပင်ကြီးများကို တွေ့ခဲ့ရပြန်သည်။