ငိုညည်းနေတဲ့ ဥရုချောင်း

ငိုညည်းနေတဲ့ ဥရုချောင်း
Published 29 February 2016
အောင်ဟိန်းမင်း

ရတနာနယ်မြေမှာ ချောင်းဖြစ်ခဲ့တဲ့ သူ့ကံကြမ္မာကပဲ ဆိုးရွားခဲ့တာလား မပြောတတ်။ ညနေစောင်းအချိန် နေလုံးနီနီကြီးက မြေစာပုံကြီး တစ်ခုပေါ် မေးတင်ထားတုန်း ဥရုချောင်းတစ်လျှောက် ကျွန်တော်စီးမျောခဲ့တယ်။ ဒီလိုနဲ့ နုပျိုစိမ်းလန်းမှုရဲ့ အတိအကျ သွေဖည်ထားခြင်း ခံရတဲ့ ဥရုချောင်းကို ပစ်ပယ်ခံအထီး ကျန်ချောင်းတစ်ခုအဖြစ် သိရှိခွင့်ရခဲ့ပါတယ်။ ရေလယ်မှာ မကြာခဏ သောင်တင်ရင်းနဲ့ပဲ ပထဝီက ပြောပြတဲ့ သမိုင်းကို သိခဲ့ရတယ်။ယခုအချိန်မှာ တိမ်ကောပျက်စီးနေပြီဖြစ်တဲ့ ဥရုချောင်းကို ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ ဒေသခံတွေ လိုလားနေကြပါတယ်။ ကျောက်တူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းတွေကြောင့် အဓိက ချောင်းတိမ်ကောမှု ဖြစ်ပေါ်ခဲ့တဲ့ ဥရုချောင်းဟာ လူမြင်ရုံ ဟန်ပြရှင်းလင်းပေးရုံနဲ့ မရတော့ပါဘူး။ ဖေဖော်ဝါရီ လအတွင်း ဖားကန့်ဒေသမှာ ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေဟာလည်း ဥရုချောင်း လက်တက်တွေမှာ မြေစာစွန့်ပစ်မှုကို အဓိက ကန့်ကွက်မှုတွေ ပါဝင်ပါတယ်။ ဥရုချောင်းဟာ ဒေသခံတွေ အပါအဝင် မြန်မာနိုင်ငံသား အားလုံး ကာကွယ် စောင့်ရှောက်သင့်တဲ့ သမိုင်းတန်ဖိုးရှိတဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်။ကျောက်စိမ်းနဲ့ ဖားကန့်၊ ဖားကန့်နဲ့ ဥရုချောင်းဟာ သီးသန့်စီ ခွဲခြားထားလို့ မရတဲ့အရာတွေ ဖြစ်တယ်။ ကမ္ဘာကျော် ကျောက်စိမ်းအကြောင်း ပြောရင် ဖားကန့်မြို့ကနေ စရတယ်။ ဖားကန့်အကြောင်း ပြောကြပြီဆိုရင်တော့ ဥရုချောင်းကို လုံးဝချန်ထားခဲ့လို့ မရတော့ပါဘူး။ ဖားကန့်မြို့ကို ရစ်ခွေစီးဆင်းနေတဲ့ ဥရုချောင်းဟာ ထိုမျှမက ဂုဏ်သတင်း မွှေးပျံ့လွန်းလှတယ်။လုံးခင်းကျေးရွာအထက် ကံဆီးချောင်းနဲ့  နန့်ဂျန်ချောင်းတို့ အဓိက ပေါင်းဆုံဖြစ်ပေါ်လာတဲ့ ဥရုချောင်း အတွင်းကို ဖားကန့်မြို့ ပတ်ဝန်းကျင်မှာ ပင်ချောင်းလက်တက် ၁၀ ခုထက် မနည်း စီးဝင်ပါတယ်။ ဒီလိုပေါင်းဆုံ ဖြစ်ပေါ်လာတဲ့ ဥရုချောင်းဟာ ဖားကန့်၊ တာမခံ၊ ဟောင်ပါး၊ ဆယ်ဇင်း၊ ဟုမ္မလင်းစတဲ့ မြို့ရွာတွေကို ဖြတ်သန်းကာ ချင်းတွင်းမြစ်ထဲ စီးဝင်ပါတယ်။     အဲဒီလို စီးဆင်းတာကြောင့် ဥရုချောင်းဟာ ထင်ရှားရတာ မဟုတ်။ အကြောင်းရင်းကား ဥရုချောင်း အတွင်းမှ ကျောက်စိမ်းနဲ့ ရွှေနှစ်မျိုးလုံး ပေါများစွာ ရရှိခြင်းကြောင့်သာ ဂုဏ်သတင်း ကျော်ကြားရခြင်း ဖြစ်တယ်။ ချင်းတွင်းမြစ်ထဲ စီးဝင်တဲ့အထိ ဥရုချောင်းတစ်လျှောက် ကျောက်မထွက်တဲ့ နေရာတွေမှာ ရွှေတူးဖော်လို့ ရနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဥရုချောင်းဟာ ရတနာတွေ ပြည့်နှက်နေတဲ့ ချောင်းတစ်ခု ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။ဥရုချောင်းဆိုတာ ပါဠိစကားက လာတယ်လို့ သိရတယ်။ ‘ဥရု’ ကို ပါဠိလို ပြောထားတာဖြစ်ပြီး အဓိပ္ပာယ် က ‘မြင့်မြတ်သော’ ဆိုတဲ့ နာမဝိသေသန ဖြစ်ပါတယ်။ ဥရုချောင်းကို အမြတ်တနိုး တန်ဖိုးထားပြီး ဒေသခံတွေဟာ ‘ဥရု’ ပါတဲ့ အမည်လှလှလေးတွေ ပေးကြတယ်။ ကချင်လူမျိုးများက သူတို့ ရိုးရာအိမ်တော်ကို ‘ဥရုဆိုင်းမော် မနောအိမ်တော်’ ဟူ၍ လည်းကောင်း၊ ဖားကန့်မြို့လယ်မှာ ဖြတ်သန်း တည်ဆောက်ထားတဲ့ တံတားကြီး အမည်ကို ‘ဥရုရတနာ ကျောက်စိမ်းတောင် တံတား’ ဟူ၍ လည်းကောင်း၊ စာပေသမားများ လစဉ်ထုတ်ဝေနေတဲ့ မဂ္ဂဇင်း အမည်ကိုလည်း ‘ဥရုရင်ခွင်’ ဟူ၍ လည်းကောင်း စတဲ့စတဲ့ ‘ဥရု’ ပါတဲ့ အမည်တွေ အများအပြား ပေးကြတယ်။အဲဒီလို မြတ်နိုး တန်ဖိုးထားရလောက်အောင် ဥရုချောင်းရဲ့ ဒေသအပေါ် အကျိုးပြုမှုဟာလည်း မှတ်သားလောက်စရာ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်ဝန်းကျင်ကစပြီး ဥရုချောင်းအတွင်း ရေငုပ်ကျင်းတွေ ခေတ်စားခဲ့တယ်။ ကြည်လင်နေတဲ့ ချောင်းရေအောက်မှာ ရေငုပ်ပြီး ကျောက်စိမ်း ရှာဖွေခဲ့ကြရတယ်။ ဥရုချောင်းထဲက ထွက်တဲ့ကျောက်ဟာ အရည်အသွေး အလွန်မြင့်မားပြီး ယင်းကျောက်မျိုးကို ရေခွံကျောက်လို့ ခေါ်ကြပါတယ်။ အခြားကျောက်တွေထက် အဆင့်အတန်း သာလွန်သလို ကုန်းပေါ်မှာ ထက်ပိုပြီး ကျောက်ပေါများတဲ့ အတွက် ဒေသခံတွေဟာ ရေငုပ်ကျင်းကို အားစိုက် လုပ်ကိုင်ခဲ့ကြတယ်။ ဒါ့အပြင် ရေငုပ်ကျင်းနဲ့ ကျောက်ရှာဖွေမှု လုပ်ငန်းဟာ အရင်းအနှီးလည်း နည်းတယ်လို့ သိရပါတယ်။ ဒါကြောင့် ဥရုချောင်းတစ်လျှောက် ရေငုပ်ကျင်းတွေ လုပ်ကိုင်ခဲ့ကြပြီး တိုင်းပြည်အတွက် အဖိုးတန် ကျောက်များစွာ ရရှိခဲ့ကြပါတယ်။

ဥရုချောင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)“ရေငုပ်ကျင်းခေတ်မှာ ကျွန်တော် ဖားကန့်ကို ရောက်ပါပြီ။ ဥရုချောင်းထဲက အိုက်တော်တော်များများမှာ ရေငုပ်ကျင်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဥရုချောင်း ရေဟာ အခုလို နောက်ကျိနေတာ မဟုတ်ဘူး။ သောက်သုံးလို့ ရတယ်။ ရေငုပ်ရင်းနဲ့ အောက်မှာ လက်တစ်ပိုက်လောက် ငါးကြီးတွေနဲ့လည်း ခဏခဏတွေ့တယ်။ ရေအောက်က ကျောက်တုံးကိုလည်း တွေ့ရတယ်။ ကျောက်ဟုတ် မဟုတ်ကိုတော့ လက်နဲ့ပွတ်ပြီး စမ်းရပါတယ်။ ရေငုပ်ကျင်းတွေဟာ တချို့နေရာတွေမှာ ပေလေးငါးဆယ် တစ်ရာအထိ နက်ပါတယ်။အဲဒီခေတ်ကတော့ လက်နဲ့ ပဲလုပ်ခဲ့ကြတာ။ ရေငုပ်တဲ့အခါ ပိုက်တစ်ချောင်းကို ပါးစပ်ထဲ ကိုက်ထားပြီးတော့ ကုန်းပေါ်ကနေ လေထိုးပေးရပါတယ်။ အဲဒီအချိန်မှာ ဖက်စပ်ခေတ်လည်း စနေပါပြီ” လို့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က ဖားကန့်သို့ လာရောက်အခြေချ နေထိုင်ခဲ့သူ ဒေသခံ တစ်ဦးက သူ့ရဲ့ ရေငုပ်ကျင်း အတွေ့အကြုံကို ပြောပြပါတယ်။ရေငုပ်ကျင်းခေတ် ပြီးသွားတော့ ဥရုချောင်း အတွင်းမှာပဲ ပိတ်တန်းခေတ် စတင်ခဲ့ပါတယ်။ ရေငုပ်ပြီး ကျောက်ရှာတာဟာ ကျောက်ကြောကုန်အောင် မရှာနိုင်ဘူးလို့ ယူဆတဲ့အတွက် ဥရုချောင်းကို သဲအိတ်တွေ တန်းစီပိတ်ပြီး ချောင်းလွဲကာ ပြန်လည် ကျောက်ရှာဖွေခဲ့ကြပါတယ်။ ပိတ်တန်းခေတ်ဟာ ချောင်းပျက်စီးစေမှု အစလို့ ပြောလို့ရပါတယ်။ ထိုသို့ ပိတ်တန်ခေတ်နဲ့ ကျောက်ရှာဖွေ အပြီးမှာတော့ ဥရုချောင်း အတွင်းမှာပဲ ရွှေလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပြန်ပါတယ်။ ကျောက်မထွက်တော့တဲ့အခါ နောက်တစ်နည်းနဲ့ ဥရုချောင်းရဲ့ပေးဆပ်မှု ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်ဝန်းကျင် အထိ ဥရုချောင်းအတွင်း ကျောက်စိမ်းရှာမှုဟာ အရှိန်ကောင်းခဲ့ပြီး ဖားကန့်ဒေသက တစ်ဆင့် နိုင်ငံတော် အပေါ် အကျိုးပြုခဲ့တဲ့ ချောင်းတစ်ခု ဖြစ်ပါတယ်။ဤကဲ့သို့ ဂုဏ်သတင်း မွှေးပျံ့လှတဲ့ ချောင်းတစ်ခုအား ယခုအချိန် ရှုမြင်ကြည့်တဲ့အခါ သဘာဝကို အဓမ္မပြု လုပ်ကိုင်ကြတဲ့ ဖားကန့်မြေမှာ ချောင်းဟာချောင်းအတိုင်း မြောင်းဟာမြောင်းအတိုင်း စီးဆင်းခွင့် မရှိတော့ပါ။ နီရဲနောက်ကျိနေတဲ့ ဥရုချောင်းမှာ နုပျိုခြင်းတွေ မရှိတော့ပါ။ ကျောက်ဆောင်ကမ်းပါးယံတို့ကို ပွတ်တိုက် စီးဆင်းရမယ့်အစား စွန့်ပစ်မြေစာတွေကိုသာ တိုက်စားစီးဆင်းရတဲ့ ဥရုချောင်းဟာ ရဲရင့်ခြင်းတွေ မရှိတော့ပါ။ ကျဉ်းမြောင်းသေးနုတ်တဲ့ ကိုယ်ထည်နဲ့ပါးလွှာတဲ့ ရေထုကိုသာ ပိုင်ဆိုင်ခွင့်ရတော့တဲ့ ဥရုချောင်းဟာ နာတာရှည် ရောဂါသည်ပမာ ယဲ့ယဲ့ကလေး စီးဆင်းနေပါတော့တယ်။ ဒါဟာ နှစ်ပေါင်းများစွာ အကျိုးပြုခဲ့တဲ့ချောင်းကို ကျေးဇူးဆပ်ခြင်းလေလား။ဥရုချောင်း တိမ်ကောပျက်စီးမှု ဖြစ်ပေါ်စေတဲ့ နံပါတ်တစ် တရားခံက စွန့်ပစ်မြေစာတွေပဲ ဖြစ်ပါတယ်။ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေဟာ သတ္တုတွင်း ဥပဒေကို ချိုးဖောက်ပြီး ဥရုချောင်းနဲ့ ၎င်းရဲ့လက်တက်တွေပေါ်မှာ မြေစာစွန့်ပစ်ခဲ့ကြတယ်။ သာမန်လူတို့တောင် စိတ်နဲ့မကြံစည်ဝံ့တဲ့ ဥရုချောင်းဘေးမှာ စုပေါင်းမြေစာပုံကြီးတွေအဖြစ် သတ်မှတ်ပေးခဲ့တဲ့ သူတွေကိုလည်း အံ့သြမိတယ်။ မိုးရာသီအခါ စွန့်ပစ်မြေစာတွေဟာ ဥရုချောင်းထဲ တိုက်ရိုက်လျှောဆင်းခဲ့သလို ၎င်းရဲ့လက်တက်တွေကနေ စီးဆင်ခဲ့တဲ့ မြေစာတွေကြောင့် ချောင်းကြမ်းပြင်ဟာ အနည်းဆုံးပေ ၃၀ နီးပါး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ချောင်းအကျယ်ဟာ မူလရဲ့ လေးပုံတစ်ပုံသာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါ ဥရုချောင်း တိမ်ကောလာမှုရဲ့ အကျိုးဆက်ကတော့ မိုးရာသီအခါ ဖားကန့်မြို့နဲ့ ကျေးရွာအများအပြား ရေဝင်နစ်မြုပ်ခဲ့ရတာပါပဲ။ အဲဒီလို နှစ်စဉ်ရေနစ်မြုပ်လာတာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုလို့ ရေနစ်မြုပ်မှု စံချိန်တင်လာခဲ့ပါတယ်။တစ်လျှောက်လုံး လျစ်လျူရှုခံထားရတဲ့ ဥရုချောင်းကို မကြာသေးမီကမှ အာဏာပိုင်တွေ သတိလည်ခဲ့ကြတယ်။ ဥရုချောင်းကို မြေစာဆယ်ယူဖို့လုပ်ကြတယ်။ ကုမ္ပဏီတွေရဲ့ အကူအညီယူပြီး ချောင်းရှင်းလင်းရေး လုပ်ကိုင်ပေမယ့် ဒေသအုပ်ချုပ်ရေး အဖွဲ့အောက်မှာ နိုင်နိုင်နင်းနင်း မလုပ်နိုင်ခဲ့ပါဘူး။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလိုသာ အရာမထင် ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌတို့ ကိုယ်တိုင်ကလည်း ဥရုချောင်း ရှင်းလင်းမှုကို နိုင်ငံတော် စီမံကိန်း တစ်ခုအနေနဲ့ လုပ်ဆောင်မှသာ ဖြစ်နိုင်တော့မယ်လို့ ဝန်ခံခဲ့ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာတော့ ဥရုချောင်း ရှင်းလင်းရေး မလုပ်ဆောင်နိုင်တော့တာ သေချာသွားခဲ့ပါပြီ။ နောက်တက်မယ့် အစိုးရသစ် လက်ထက်မှာ ဥရုချောင်းအစပြုတဲ့ ဖားကန့်ကို ဘယ်လိုကိုင်တွယ်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ နောက်တစ်ချက်က ဥရုချောင်းတစ်လျှောက် မည်ကဲ့သို့ ခွင့်ပြုထားမှန်း မသိတဲ့ ရွှေမျှောတွေကို စိစစ်ပြီး ချင်းတွင်းမြစ် တိမ်ကောမှုကိုလည်း ကာကွယ်သွားရမှာ ဖြစ်ပါတယ်။နေဝင်ခါနီး အချိန်အထိ မလှပနိုင်တော့တဲ့ ဥရုချောင်းတစ်လျှောက် ကျွန်တော်စီးမျောမိခဲ့ပြီ။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဥရုချောင်းရဲ့ ဝေဒနာကို စာနာတတ်ခဲ့ပြီ။ ဒီလိုနဲ့ သူသာ နာမ်သဘောရှိတဲ့ သက်ရှိဆို ငိုညည်းနေမိတော့မှာပဲလို့ ခံစားလာမိပါတယ်။ ဥရုချောင်းသာ တကယ်လို့ ငိုညည်းနေတယ် ဆိုရင်တော့ သူ့ရဲ့မျက်ရည် သုတ်ပေးဖို့ အစိုးရသစ်ကို ပြောပြရတော့မှာ။