မြန်မာနိုင်ငံ၏ နိုင်ငံခြား ငွေဈေးကွက်သည် တရားမဝင် ဈေးကွက်ကိုသာ အမှီပြုနေရပြီး ဗဟိုဘဏ် အနေနှင့် ထိန်းကျောင်းနိုင်မှု မရှိခြင်းကြောင့် တရားမဝင်ဈေးကွက် ပိုမိုကြီးထွားလာမည့် အလားအလာ ဖြစ်ပေါ်နေကြောင်း သုံးသပ်

မြန်မာနိုင်ငံ၏ နိုင်ငံခြား ငွေဈေးကွက်သည် တရားမဝင် ဈေးကွက်ကိုသာ အမှီပြုနေရပြီး ဗဟိုဘဏ် အနေနှင့် ထိန်းကျောင်းနိုင်မှု မရှိခြင်းကြောင့် တရားမဝင်ဈေးကွက် ပိုမိုကြီးထွားလာမည့် အလားအလာ ဖြစ်ပေါ်နေကြောင်း သုံးသပ်
Published 27 February 2016
ဖြိုးဝေ

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်း စနစ်အဖြစ် နိုင်ငံခြားငွေ ဈေးကွက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောင်းလဲကျင့်သုံးခဲ့သော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားငွေလဲနှုန်း ဈေးကွက်သည် တရားမဝင်ဈေးကွက်ကသာ ကြီးထွားနေဆဲဖြစ်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆိုပါ တရားမဝင် ဈေးကွက်ကို တရားဝင်ဈေးကွက် အဖြစ်သို့ ရောက်ရှိလာစေရန် အားနည်းမှုများ ရှိနေဆဲဖြစ်၍ တရားမဝင် ငွေလဲဈေးကွက်သည် ပိုမိုကြီးထွားလာနေကြောင်း ဘဏ်နှင့်ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။“နိုင်ငံခြား ငွေဈေးကွက်က တော်တော်လေး အတက်အကျ အနိမ့်အမြင့်တွေနဲ့ ရှုပ်ထွေးနေတယ်။ ခြုံပြောရရင် လက်ရှိနိုင်ငံခြား ငွေဈေးကွက်က တော်တော်လေးကို မဖွံ့ဖြိုးသေးတဲ့ အခြေအနေ ဖြစ်နေတယ်။ ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်မလဲဆိုရင် လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ပုဂ္ဂလိကဘဏ်ပေါင်း ၁၇ ခုလောက် ရှိနေတယ်။ ဒီဘဏ်တွေကြားထဲမှာ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်တွေကြားထဲမှာ နိုင်ငံခြားငွေ ရောင်းတဲ့ဝယ်တဲ့ Interbank Market ကရှိနေပြီဆိုတော့ မှန်မှန်ကန်ကန် ဖွံ့ဖွံ့ဖြိုးဖြိုး ဖြစ်နေရမယ်။ အဲဒီလို ဖြစ်နေပြီလားဆိုတော့ တော်တော့်ကို မဖြစ်သေးဘူး။ ဘာ့ကြောင့် မဖွံ့ဖြိုးသေးဘူးလဲ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၂ မတိုင်ခင်က တရားဝင်ငွေလဲနှုန်းက ခြောက်ကျပ်ပဲရှိတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်ပြီး အရောင်းအဝယ် လုပ်တဲ့သူတွေ ရှိနေပြီ။ အဲဒီအတွက် ဘဏ်မှာ နိုင်ငံခြားငွေလိုရင် သွားပြီးဝယ်ရရောင်းရတယ်။ တရားဝင် သတ်မှတ်ဈေး ခြောက်ကျပ်အချိန်မှာ အပြင်မှာက တစ်ဒေါ်လာကို တစ်ထောင်ကျပ်ဝန်းကျင် ဖြစ်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့်ကို တစ်ဒေါ်လာပေးပါ၊ ဒီမှာ ခြောက်ကျပ်ပါဆိုပြီး ဒေါ်လာရောင်းနေတဲ့ နိုင်ငံပိုင်ဘဏ်တွေကို တရားဝင်ဈေးနဲ့ သွားဝယ်ရင် ဘဏ်က ကျွန်တော့်ကို ရိုက်လွှတ်မှာပဲ။ အဲဒီလိုပဲ နိုင်ငံခြားငွေနဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို မင်းတို့ရတဲ့ ဒေါ်လာငါ့ကိုပေး၊ ရော့ဒီမှာ တစ်ဒေါ်လာ ခြောက်ကျပ်ဆိုရင်လည်း ကျွန်တော်တို့က ဘဏ်ကိုရိုက်လွှတ်ဖို့ပဲရှိတယ်။ အဲဒီအနေအထားကို ဘယ်လိုကျော်လွှားခဲ့လဲဆိုတော့ ပြင်ပပေါက်ဈေးမှာ ဖြစ်နေတဲ့ နှုန်းနဲ့ပဲ ဝယ်ခဲ့ရတယ်။ အဲဒီအချိန်မှာ Formal Market ဆိုတာ မရှိဘူး။ တရားဝင် ဈေးကွက်မှာ တရားဝင် ငွေလဲနှုန်းနဲ့ နိုင်ငံပိုင်ဘဏ်တွေက ရောင်းမပေးနိုင်တော့ တရားမဝင်ဈေးကွက်မှာပဲ ရောင်းခဲ့ဝယ်ခဲ့ကြတယ်” ဟု မြန်မာအရှေ့တိုင်းဘဏ် ဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။ထိုသို့ ဖြစ်လာခဲ့သည့် တရားမဝင် ဈေးကွက်သည် လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့် ပြုသည့်အချိန်အထိ ပြင်ပဈေးကွက်တွင် ပြုလုပ်နိုင်သည့် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက်ကိုသာ အားပြုနေဆဲဖြစ်သဖြင့် နိုင်ငံခြားငွေ ဈေးကွက်သည် တရားမဝင် ဈေးကွက်သာ ဆက်လက်ကြီးထွားနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ထိုသို့ ဖြစ်ပေါ်ကြီးထွားနေသည့် တရားမဝင် ဈေးကွက်ကြီးကို ထိန်းချုပ်ရန် လုပ်ဆောင်ရမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေနှင့်လည်း ဆွေးနွေးမှုများ ရှိလာနေပြီဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။“တရားမဝင် ဈေးကွက်နေ တရားဝင် ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်လာအောင် ဘယ်လိုမူဝါဒတွေ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်လုပ်ဆောင်သွားမလဲ ဆိုတာကိုတော့ ဗဟိုဘဏ်က တိတိကျကျ မလုပ်နိုင်သေးဘူး” ဟု ဦးမြသန်းက ဆက်လက်သုံးသပ်သည်။မြန်မာနိုင်ငံ ဗဟိုဘဏ် အနေနှင့် ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ်ချက် များပြားနေချိန်တွင် ဒေါ်လာထုတ်ရောင်းခြင်း၊ နိုင်ငံခြားငွေများ ဈေးကွက်အတွင်း စုပြုံနေချိန်၌ ဈေးကွက်အတွင်းမှ ဝယ်ယူခြင်းဖြင့် နိုင်ငံခြားငွေဈေးကွက်ကို ထိန်းညှိနိုင်ရန် လုပ်ဆောင်ရမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ လုပ်ဆောင်နိုင်ခြင်းမရှိ ဖြစ်နေကြောင်း ဦးမြသန်းက ဆက်လက်ပြောဆိုပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ အရောင်းအဝယ်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်နေကြောင်းနှင့် နိုင်ငံပိုင် ဘဏ်များအနေနှင့် နိုင်ငံခြားငွေ ဈေးကွက်တွင် ဒေါ်လာကို လွယ်ကူစွာ ရောင်းဝယ်နိုင်ရန် လုပ်ဆောင်လာသင့်ကြောင်း ဦးမြသန်းက ဆက်လက်ပြောကြားသည်။“ဒီပြဿနာက လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ တစ်ဒေါ်လာ ခြောက်ကျပ်ကနေ IMF အကူအညီနဲ့ Manage Float လုပ်လာတယ်။ Exchange Target အနေနဲ့ တစ်ဒေါ်လာကို ဘယ်လောက်ရောက်အောင်လုပ်ပြီး တည်ငြိမ်အောင် ထားမယ်ဆိုတဲ့ Target မရှိဘူး။ ဈေးကွက်မှာ တစ်ကျပ်တက်ရင် လိုက်တက်မယ်။ တစ်ကျပ်ကျရင် လိုက်ကျမယ်ဆိုတဲ့ လက်လီစိတ် လုပ်နေတာပဲရှိတယ်။ အဓိက ဖြစ်နေတာက တရားမဝင် ဈေးကွက်မှာ ရှိနေတဲ့ နိုင်ငံခြားငွေနဲ့ တရားဝင် ဈေးကွက်မှာ ရှိနေတဲ့ နိုင်ငံခြားငွေက လုံးဝမယှဉ်နိုင်ဘူး။ ဗဟိုဘဏ် အနေနဲ့လည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူ့မှာရှိတဲ့ နိုင်ငံခြားငွေနဲ့ ဘာမှထိန်းလို့ မရဘူး။ အခုဆို ဘဏ်တွေကို သတ်မှတ်ထားတဲ့ ဘောင်အတွင်းမှာပဲ အရောင်းအဝယ် လုပ်နေရတယ်။ အတက်အဆင်းက သုညဒသမ ၈ ပဲရှိတယ်။ တရားမဝင် ဈေးကွက်နဲ့ ဘယ်လိုမှ လိုက်ပြီး ပြိုင်မလုပ်နိုင်ဘူး။ မှောင်ခိုပိုက်ဆံတွေ ဝင်လာနေသရွေ့တော့ ဒီပြဿနာက လွယ်လွယ်နဲ့ ရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က သုံးသပ်ပြောကြားသည်။

Most Read

Most Recent