၂၀၁၄ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ကန်ပိန်းပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားသူနှစ်ဦးဖြစ်သည့် မပိုပိုနှင့် မအိပုံတို့အား ပုဒ်မ ၁၈ ဖြင့် သန်လျင်မြို့နယ် တရားရုံး၌ ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ယင်းသို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၌ ကန်ပိန်းပြုလုပ်မှုကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထို့သို့ပြုလုပ်ခဲ့မှုအတွက် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအဝင် ကိုရဲမင်းဦး၊ မပိုပို၊ မအိပုံတို့လေးဦးအား သန်လျင်မြို့မရဲစခန်းက ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။“လူမစုံလို့ ဒီနေ့တော့ ဘာမှမစစ်ဖြစ်ဘူး။ ရုံးချိန်းကိုတော့ မတ် ၇ ရက်ကို ပြန်ချိန်းထားပါတယ်။ ကိုမင်းသွေးသစ်ကိုလည်း တရားသူကြီးရဲ့ထောင်ရုံးထုတ် အမိန့်ခေါ်စာနဲ့ အဲဒီနေ့မှာ အတူတူရုံးထုတ်မှာပါ။ ကိုရဲမင်းဦးကိုတော့ ဖမ်းဝရမ်း အမိန့်ထုတ်မယ် ကြားတယ်။ကျွန်မတို့နှစ်ယောက်ကတော့ ကိုယ်တိုင်ခံဝန် လက်မှတ်နဲ့ အာမခံ ရထားပါတယ်” ဟု ကျောင်းသူ မပိုပိုက ပြောကြားသည်။အဆိုပါကဲ့သို့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ကမ်ပိန်းပြုလုပ်ရာတွင် ဗကသများအဖွဲ့မှ ကျောင်းသား ကျောင်းသူများမှာ ရန်ကုန်မြို့ အရှေ့ပိုင်း တက္ကသိုလ်အတွင်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တောင်းဆိုချက်များနှင့် လက်ရှိ အမျိုးသားပညာရေး ဥပဒေအား ကန့်ကွက်သည့် အချက်များကို ယင်းတက္ကသိုလ်ရှိ ကျောင်းသားများ သိရှိနားလည်စေရန်အတွက် ရေးဆွဲထားသော ရုပ်ပြောင်ကာတွန်းများအား ဖြန့်ဝေခြင်း၊ လက်ရှိ အမျိုးသား ပညာရေး ဥပဒေအား သရော်ထားသည့် သရော်စာများ ရေးထားသည့် စာရွက်များအား ကျောကုန်းနေရာများတွင်ကပ်ပြီး လက်တွင်ကိုင်ဆောင်ကာ ကျောင်းဝင်းထဲ၌ လမ်းလျှောက် လိုက်လံပြသခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်က အရှေ့ပိုင်း တက္ကသိုလ်၌ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကမ်ပိန်းပြုလုပ်ခဲ့သူ ကျောင်းသူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့် သန်လျင်မြို့နယ် တရားရုံး၌ရုံးထုတ်