လာမည့် သုံးနှစ်ခန့်အတွင်း ကွန်ဒိုမီနီယံ တိုက်ခန်းများသာ ပိုမို ပေါ်ထွက်လာနိုင်မည်ဖြစ်ပြီး လာမည့် အစိုးရသစ် အနေဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှ တိုက်ခန်းများ ပိုမို ဖော်ဆောင်ရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်

လာမည့် သုံးနှစ်ခန့်အတွင်း ကွန်ဒိုမီနီယံ တိုက်ခန်းများသာ ပိုမို ပေါ်ထွက်လာနိုင်မည်ဖြစ်ပြီး လာမည့် အစိုးရသစ် အနေဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှ တိုက်ခန်းများ ပိုမို ဖော်ဆောင်ရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်
Published 24 February 2016
ဖြိုးဝေ

မြန်မာ့ အိမ်ခြံမြေဈေးကွက် ပိုမို တိုးတက်လာသော်လည်း နိုင်ငံအတွင်းရှိ တန်ဖိုးနည်း အိမ်ရာနှင့် တန်ဖိုးမျှ အိမ်ရာများမှာ လိုအပ်ချက် နှုန်းထားများနှင့် ကိုက်ညီမှု မရှိသေးဘဲ လက်ရှိဈေးကွက်အတွင်း လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်က တည်ဆောက်ခဲ့သည့် ဇိမ်ခံအိမ်ရာများသာ ရှိနေကာ လာမည့် ၂၀၁၈ ခုနှစ်ခန့်အထိ ကွန်ဒိုမီနီယံ ခန်းများသာ ထပ်မံ ပေါ်ထွက်လာရန်သာ မျှော်လင့်နိုင်မည်ဖြစ်ပြီး တန်ဖိုးနည်းနှင့် တန်ဖိုးမျှအိမ်ရာများ ပိုမို ဖော်ဆောင်ရန်အတွက် နောက်တက်လာမည့် အစိုးရအသစ် အနေနှင့် ပိုမို ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ပြည်တွင်း အိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က အိမ်ခြံမြေလုပ်ငန်းနှင့် ဆက်နွှယ်နေသူများ၏ ပြောကြားချက်အပေါ် အခြေပြု၍ သတင်းထုတ်ပြန်သည်။“လက်ရှိ ဈေးကွက်အတွင်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ဆောက်လုပ်ခဲ့တဲ့ ဇိမ်ခံ အိမ်ရာတွေပဲ ရှိနေတယ်။ နောက် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာလည်း ကွန်ဒိုမီနီယံခန်းတွေပဲ ထပ်မံ ထွက်ပေါ်လာ ဦးမယ်လို့ပဲ မျှော်လင့်နိုင်ပါတယ်။ ကျွန်တော့် အထင်ပြောရရင် တန်ဖိုးနည်းနဲ့ တန်ဖိုးမျှ အိမ်ရာတွေ ပိုမိုဖော်ဆောင်ဖို့ အတွက်ကိုတော့ နောက်တက်လာမယ့် အစိုးရအသစ် အနေနဲ့ ပိုမို ဦးစားပေး ဆောင်ရွက်ရမယ်လို့ ထင်ပါတယ်” Frontier Myanmar Research မှ ဒါရိုက်တာ Mr. Michael Guarino က ပြောကြားသည်။လတ်တလောတွင် ရန်ကုန်မြို့အတွင်း ရောင်းလိုအား၊ ဝယ်လိုအား၊ ငှားလိုအား ကောင်းနေတဲ့ အဆောက်အအုံ အမျိုးအစားများမှာ တိုက်ခန်းများ၊ အလယ်အလတ် ကွန်ဒိုအဆင့်ရှိ အခန်းများသာ ဖြစ်နေပြီး ဗဟန်း၊ စမ်းချောင်းနှင့် ရန်ကင်းမြို့နယ်များတွင် ငှားရမ်းနေထိုင်မှုအတွက် ရှာဖွေမှု များပြားနေကာ အများအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် ငှားရမ်းခြင်းဖြစ်ပြီး မြို့လယ်ကောင် မြို့နယ်များတွင် အများအားဖြင့် ရုံးခန်းနေရာများအတွက် ပိုမို ရှာဖွေမှု များပြားနေကြောင်း Estate Myanmar Enterprise အိမ်ခြံမြေ အကျိုးဆောင်မှ ဒါရိုက်တာ ဦးထူးမြတ်နိုင်က ဆိုသည်။အိမ်ခြံမြေကဏ္ဍ တိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ မြို့ပြနေထိုင်မှုနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများပါ လိုက်ပါ လုပ်ဆောင်နိုင်သဖြင့် မြို့ပြ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများ အနေနှင့် လတ်တလောတွင် ရေပေးဝေနိုင်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်နေပြီး ရေဖြန့်ဖြူးနိုင်ရေးအတွက် ရေပိုက်လိုင်းနှင့် ရေပေးဝေရေး စီမံကိန်းများကိုလည်း JICA နှင့်အတူ လုပ်ဆောင်နေသည်။ ထို့ပြင် ရန်ကုန်မြို့တွင် လမ်းဧရိယာ နည်းနေသဖြင့် လမ်းများ ကျပ်နေပြီး လက်ရှိ ရန်ကုန်လမ်း ဧရိယာမှာ  ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိကာ အခြားနိုင်ငံများ၏ လမ်းဧရိယာနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသဖြင့် လမ်းဧရိယာများ တိုးချဲ့ရန် လိုအပ်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒေါက်တာတိုးအောင်က ပြောကြားသည်။ လက်ရှိတွင် မြို့တွင်းလမ်းများအတွက် လုပ်ဆောင်နေပြီး နောက်ပိုင်းကာလများတွင် မြို့ပတ်လမ်းများ ဖော်ဆောင်ရန် ရှိသည်ဟု ဒေါက်တာတိုးအောင်က ဆက်လက် ပြောကြားသည်။မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဝယ်ယူနိုင်သူ အရေအတွက်မှာ စုစုပေါင်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အကြားသာ ရှိနေပြီး ဘဏ်ချေးငွေ စနစ်များ ဖွံ့ဖြိုးမှု မရှိခြင်းက အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျပ်အတည်း ဖြစ်လာနေကြောင်း ပြည်တွင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က ထုတ်ပြန်ထားသည်။ဘဏ်များမှ ချမှတ်ပေးနိုင်သော အိမ်ခြံမြေ စီမံကိန်း ချေးငွေများ မရှိခြင်းမှာ အိမ်ရာပိုင်ဆိုင်မှု ပမာဏ နည်းပါးခြင်းအတွက် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လာနေသည်ဟု ပြည်တွင်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သည့် House.com.mm က သတင်းထုတ်ပြန်သည်။     “ကျွန်တော်တို့ဘဏ် အနေနဲ့ နိုင်ငံခြားမှာရှိတဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာပြည်တွင်းမှာ အိမ်ရာဝယ်ယူလိုတယ် ဆိုရင်လည်း ဝယ်ယူလို့ရအောင် ဘဏ်စနစ်တစ်ခု ထူထောင်ဖို့ လုပ်ဆောင်နေပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေ အနေနဲ့ မိသားစုအတွက်ပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် နေဖို့ပဲဖြစ်ဖြစ် မြန်မာပြည်တွင်း အိမ်ဝယ်ယူနိုင်ဖို့ ဘဏ်စနစ်တစ်ခု ထူထောင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ နိုင်ငံခြားမှာရှိတဲ့ ကျွန်တော်တို့ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေကတစ်ဆင့် ကျွန်တော်တို့ဘဏ်မှာ အကောင့်တစ်ခုဖွင့်ပြီး ငွေစုထားနိုင်မယ်။ နောက် သူတို့ ဝယ်ယူလိုတဲ့ အဆောက်အအုံတွေကို အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ အွန်လိုင်းဝက်ဘ်ဆိုက်တွေက တစ်ဆင့် ကျွန်တော်တို့ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မယ့် စနစ်တစ်ခုပါ။ အသေးစိတ်ကိုတော့ အားလုံး အဆင်သင့်ဖြစ်ရင် အသိပေးပြီး စလို့ရပါပြီ” ဟု CHDB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

Most Read

Most Recent