ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စဉ့်အိုးဘိုရပ်ကွက်ရှိ စဉ့်အိုးဖိုများတွင် လုပ်သားရှားပါးမှုကြောင့် ဈေးကွက်အတွင်း လိုအပ်သည့် ဝယ်လိုအားပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ပုသိမ်မြို့ စဉ့်လုပ်ငန်းရှင်များထံမှ သိရသည်။ပုသိမ်မြို့ စဉ့်လုပ်ငန်းများမှ စဉ့်ပစ္စည်းမျိုးစုံ ထွက်ရှိပြီး၊ ဧရာဝတီတိုင်းအတွင်း အနှံ့အပြားနှင့် မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ လေးမျက်နှာ ၊ ဖျာပုံ၊ ဘိုကလေးမြို့များမှ အများဆုံး ဝယ်ယူအသုံးပြုကာ စဉ့်အိုးများကို ပင်လယ်ဒေသများမှ ဆား၊ ငါးပိလုပ်ငန်းရှင်များ မဖြစ်မနေ အသုံးပြုကြပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှပါ ဝယ်ယူနေသော်လည်း လုပ်သားရှားပါးမှုကြောင့် ဝယ်လိုအားပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။“လုပ်သားတစ်ယောက်ရဲ့ ဝင်ငွေကတစ်နေ့ကို ကျပ် ၃၀၀၀လောက်ပဲ ရတယ်။ အကူလုပ်သားဆို ကျပ် ၂၀၀၀ ဆိုတော့ လုပ်သားရှားပါးတာဟာ လုပ်ခတိုးမြှင့်မပေးနိုင်တာလည်း ပါတယ်။ ဝင်ငွေကောင်းတဲ့ အလုပ်တွေကို ပြောင်းလုပ်ကြတယ်။ ဒီလုပ်ငန်းရဲ့ ကုန်ကြမ်းနဲ့ ထင်းကလည်း ရှားပါးပြီး ဈေးကြီးတော့ လုပ်ခလစာကလည်း တိုးမပေးနိုင်ဘူး။ လက်ရှိလုပ်ကိုင်နေသူတွေကလည်း အသက်ကြီးကုန်ပြီး မျိုးဆက်သစ်တွေကလည်း မလုပ်ကြတော့ အဝယ်မှာ စာတွေပြည့်မီအောင် မပေးနိုင်ဘူး” ဟု စဉ့်အိုးဘိုရပ်ကွက်မှ စဉ့်လုပ်ငန်းရှင် ဦးတက်တိုးက ပြောကြားသည်။အိုးဆရာတစ်ယောက်ဖြစ်ရန် အနည်းဆုံး သုံးနှစ်ခန့် သင်ယူမှသာလျှင် တတ်မြောက်ပြီဖြစ်ကြောင်း၊ အိုးဆရာနှင့် အတူတွဲလုပ်ကိုင်ရာမှ တတ်မြောက်သွားကြခြင်းဖြစ်ပြီး မည်သည့် စဉ့်ပစ္စည်းမဆို အောက်ခြေဖင်လုံးမှ စတင်ပြုလုပ်ကာ လုပ်မည့်ပုံကြမ်းအား ကြိုးခွေသလိုစ၍ ပုံဖော်ရကြောင်း စဉ့်လုပ်သားများထံမှ သိရသည်။“လက်မှုပညာရပ်ဖြစ်တော့ သင်ယူရတာ အချိန်တော့ ပေးရတယ်။ ခေတ်လူငယ်တွေကတော့ သင်ယူချိန်နဲ့ ဝင်ငွေကြောင့် ထင်တယ်။ ဒီအလုပ်ကို သိပ်မလုပ်ချင်တော့ဘူး။ ဦးတို့ကတော့ တစ်သက်လုံး ဒါပဲလုပ်လာတာရယ် ကိုယ်တတ်မြောက်ထားတဲ့ လက်မှုပညာဆိုတော့ တခြားဟာလည်း မလုပ်ချင်တော့ဘူး။ မိသားစုဝမ်းရေးတော့ ဖြေရှင်းနိုင်ပါတယ်။ အိုစာနာစာတော့ မရှိဘူးပေါ့” ဟု စဉ့်လုပ်သားအိုးဆရာ ဦးသန်းစိုးက ပြောကြားသည်။















