ဆီးရီးယား အပစ်ရပ် သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေစဉ် IS ၏ တိုက်ခိုက်မှုကြောင့် လူ ၁၅၀ ကျော် သေဆုံး

ဆီးရီးယား အပစ်ရပ် သဘောတူညီချက် ရရှိရန် ကြိုးပမ်းနေစဉ် IS ၏ တိုက်ခိုက်မှုကြောင့် လူ ၁၅၀ ကျော် သေဆုံး
Published 22 February 2016

ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် အမေရိကန်နှင့် ရုရှားတို့က ကြိုးပမ်းနေစဉ် ဆီးရီးယားမြို့တော် ဒမတ်စကတ် အပြင်ဘက်ရှိ ရှီအိုက်အုတ်ဂူတစ်ခု အနီးနှင့် ဟွမ်းမြို့ထဲတွင် IS က ဖေဖော်ဝါရီ ၂၁ ရက်တွင် အသေခံဗုံးခွဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ငါးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်ဆိုင်ရာ အသုံးအနှုန်းများအတွက် ပြဋ္ဌာန်းသည့် သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။တမန်တော်မိုဟာမက်၏ မြေးဖြစ်သော Sayyida Zeinab ၏ အုတ်ဂူရှိသော နေရာမှ မီတာ ၄၀၀ ခန့် အကွာတွင် အသေခံ ဗုံးခွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကားဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၉၆ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများအတွင်း ကလေးများ အပါအဝင် လူပေါင်း ၁၇၈ ဦး ဒဏ်ရာရခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ ဆာနာက ထုတ်ပြန်ခဲ့သည်။ ယင်းနေရာတွင်ပင် ပြီးခဲ့သော ဇန်နဝါရီကလည်း IS အဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၇၀ သေဆုံးခဲ့ပြီးဖြစ်သည်။နိုင်ငံ အလယ်ပိုင်း ဟွမ်းမြို့ရှိ ဆီးရီးယား အစိုးရ ထောက်ခံသော အယ်ဇာဟာရာ ခရိုင်တွင် ကားဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူပေါင်း ၅၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည်ဟု ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။ Sayyida Zeinab တွင် အသေခံဗုံးခွဲမှု နှစ်ခုနှင့် ဟွမ်းမြို့တွင် လူအုပ်ထဲသို့ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသော ကားများဖြင့် ဝင်တိုက်မှု နှစ်ခုတို့ကို ၎င်းတို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း IS အဖွဲ့က အွန်လိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အယ်ဇာဟာရာ ခရိုင်သည် ဆီးရီးယားကို အုပ်စိုးခဲ့သော မျိုးနွယ်ဖြစ်သည့် ရှီအိုက်အစ္စလာမ်ဂိုဏ်းခွဲနှင့် တူသော အလာဝိုက်မျိုးနွယ်စုမှ အများစု နေထိုင်ကြသော ဒေသဖြစ်သည်။ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်သက်ဝင်မည့် သဘောတူညီချက်တစ်ခု ရရှိရန် မျှော်လင့်ထားသော ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် သဘောတူညီချက်ပါ  အသုံးအနှုန်းများနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည်။ လာမည့်ရက်များအတွင်း စတင်မည့်ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေးဆိုင်ရာ အသုံးအနှုန်းများကို မူအားဖြင့် ပြဋ္ဌာန်းသည့် သဘောတူညီချက် ရရှိခဲ့ကြောင်း ကယ်ရီက ပြောကြားခဲ့သည်။ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်တို့သည် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အသုံးအနှုန်းများကို အပြီးသတ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာ သမ္မတများထံ တင်သွင်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့များကို ကိုယ်စားပြုသည့် High Negotiations Committee (HNC) က ဆီးရီးယား အစိုးရ ထောက်ခံသူများသည် တိုက်ခိုက်မှုများကို ရပ်ဆိုင်းပါက ယာယီသဘောတူညီချက်ကို လက်ခံမည်ဟု ပြီးခဲ့သော သီတင်းပတ်ကုန်၌ ပြောကြားခဲ့သည်။ ယင်းအချိန်တွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်က သူသည် အပစ်အခတ် ရပ်စဲရေးကို လက်ခံရန် အသင့်ရှိကြောင်း၊ သို့သော် အကြမ်းဖက် သမားများက ယင်းကို အမြတ်မထုတ်သင့်ကြောင်း စပိန်သတင်းစာ El Pais သို့ ပြောကြားခဲ့သည်။Ref: AFP

Most Read

Most Recent