ပဲအရောင်းအဝယ် ပြုလုပ်ရာ၌ လိမ်လည်မှု မဖြစ်ပေါ်စေရန် ရောင်းသူနှင့် ဝယ်သူတို့က ကျသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းစီ ထည့်ကာ စာချုပ် ချုပ်ဆိုခြင်းထက် လက်ငင်းငွေပေးချေပြီး ကုန်ရယူသည့် စနစ်သည် အကောင်းဆုံးဖြစ်ဟု ကုန်စည်ဒိုင် တာဝန်ရှိသူ ပြောကြား

ပဲအရောင်းအဝယ် ပြုလုပ်ရာ၌ လိမ်လည်မှု မဖြစ်ပေါ်စေရန် ရောင်းသူနှင့် ဝယ်သူတို့က ကျသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းစီ ထည့်ကာ စာချုပ် ချုပ်ဆိုခြင်းထက် လက်ငင်းငွေပေးချေပြီး ကုန်ရယူသည့် စနစ်သည် အကောင်းဆုံးဖြစ်ဟု ကုန်စည်ဒိုင် တာဝန်ရှိသူ ပြောကြား
Published 22 February 2016
မြတ်စုနိုင်

ပဲအရောင်းအဝယ် ပြုလုပ်ရာ၌ လိမ်လည်မှု မဖြစ်ပေါ်စေရန် ရောင်းသူနှင့် ဝယ်သူတို့က ကျသင့်ငွေ၏ ၁၀ ရာခိုင်နှုန်းစီထည့်ကာ ကုန်စည်ဒိုင်တွင် စာချုပ်ချုပ်ဆိုခြင်းထက် လက်ငင်းငွေပေးချေပြီး ကုန်ရယူသည့် စနစ်သည် အကောင်းဆုံး ဖြစ်သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် တွဲဖက်အတွင်းရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။နယ်ဘက်ဒေသရှိ ပဲဈေးကွက်လောကတွင် ပဲလိမ်လည်မှုများ ဖြစ်ပေါ်နေသောကြောင့် ကြိုတင်ကာကွယ်မှု အနေဖြင့် လက်ငင်း ဝယ်ရောင်းလုပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း သိရသည်။“အရင်တုန်းကတော့ ရန်ကုန် ကုန်စည်ဒိုင်မှာ ဖြစ်ခဲ့ဖူးပါတယ်။ အခု ဖြစ်နေတာက မန္တလေး ကုန်စည်ဒိုင်မှာ ဖြစ်သွားတာပါ။ ဒီလိုမျိုးတွေ ဖြစ်နေတယ် ဆိုတာက ပဲဈေးငြိမ်နေရင် ပြဿနာ မရှိဘူး။ အရောင်းအဝယ် လုပ်ပြီးလို့ ငွေတစ်ဝက်ချေပြီးသွားပြီ။ ပစ္စည်းက တစ်လနေမှ ယူမယ်ဆိုရင် နည်းနည်း ပြဿ နာရှိတယ်။ ဘာလို့လဲဆိုတော့ တစ်လအတွင်းမှာ ပဲဈေးက အဆမတန် ထိုးတက်သွားမယ်ဆိုရင် ရောင်းတဲ့သူက ပစ္စည်းကို မပေးတော့ဘူး။ ပြဿနာက အဲဒီကနေ စဖြစ်သွားတာ။ နောက်ပြီး ရောင်းတဲ့သူတွေကလည်း ဥပမာ-အိတ် ၁၀၀ ရှိရင် ၁၀၀ ဖိုးပဲ ရောင်းသင့်တယ်။ အခု ဖြစ်နေတဲ့ ပုံစံတွေက ၁၀၀ ရှိတာကို ၁၀၀၀ ဖိုးလောက် ရောင်းတော့ ပဲလောကက နာမည်ပျက်တာပေါ့” ဟု ဘုရင့်နောင် ကုန်စည်ဒိုင် တွဲဖက်အတွင်းရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။မန္တလေး ကုန်စည်ဒိုင် ပဲလိမ်လည်မှုများ ဖြစ်ပေါ်သွားပြီးနောက် ရန်ကုန် ကုန်စည်ဒိုင်တွင် လက်ရှိကျင့်သုံးနေသည့် ရောင်းသူနှင့် ဝယ်သူကြား နှစ်ဦးနှစ်ဖက် ၁၀ ရာခိုင်နှုန်းစီထည့်ကာ ကုန်စည်ဒိုင်တွင် စာချုပ် ချုပ်ဆိုခြင်းကို မန္တလေး ကုန်စည်ဒိုင်မှ လာရောက်လေ့လာသွားကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်များတွင် ရန်ကုန် ကုန်စည်ဒိုင်မှ မုံရွာနှင့် ပခုက္ကူ သို့ သွားရောက်ကာ စရန်ငွေ၊ အာမခံဖြင့် ကြိုရောင်းကြိုဝယ် ကိစ္စရပ်များကို ပညာပေး အနေဖြင့် သွားရောက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။မန္တလေး ကုန်စည်ဒိုင်မှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆွေဟိန်းက “အခု မန္တလေးမှာ ပဲလိမ်လည်မှုတွေ ဖြစ်သွားတဲ့ သူတွေကလည်း အမြဲတမ်း လုပ်နေကျသူတွေပါပဲ။ ဒါပေမဲ့ အခုလို ပုံစံမျိုး နောင်ဖြစ်မလာစေဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ကြိုတင် ကာကွယ်သွားမှာပါ။ ဝယ်ရောင်းလုပ်မယ့် သူတွေကိုလည်း ရန်ကုန်တိုင်း ကုန်စည်ဒိုင်မှာ ကျင့်သုံးသလို လုပ်ဆောင်သွားမှာပါ။ အဲဒီ အတွက်လည်း သွားရောက်လေ့လာပြီးပါပြီ။ ပြဿနာ ဖြစ်သွားတဲ့ သူတွေကို ကျွန်တော်တို့ ကုန်စည်ဒိုင် အနေနဲ့ အရေးယူလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အပြင်မှာ ဝယ်ရောင်းလုပ်တဲ့သူတွေ မို့လို့ပါ” ဟု ပြောကြားသည်။ပြီးခဲ့သည့်နှစ်တွင် ပဲဈေး အတက်အကျ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ကာ ပြည်တွင်းရေကြီး ရေလျှံမှုများကြောင့် ပဲအထွက်နှုန်း လျော့ကျခဲ့ပြီး အိန္ဒိယ တင်ပို့သည့် ပဲဈေးနှုန်း ပုံမှန်ထက် မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။အိန္ဒိယ တင်ပို့သည့် ပဲများကို မန္တလေး ကုန်စည်ဒိုင်မှ တစ်ဆင့် ရန်ကုန် ကုန်စည်ဒိုင်သို့ တင်ပို့ကာ ပြည်ပသို့ ဆက်လက်တင်ပို့ ရောင်းချခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန် ကုန်စည်ဒိုင် ပဲဈေးနှုန်းနှင့် မန္တလေး ကုန်စည်ဒိုင် ပဲဈေးနှုန်းတို့မှာ ဈေးနှုန်းအနေဖြင့် ကွာခြားမှု သိပ်မရှိကြောင်းလည်း သိရသည်။လက်ရှိတွင် ဘုရင့်နောင် ပွဲရုံရှိ ပဲဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၁၅ သိန်း ၄ သောင်း၊ မတ်ပဲ FQ တစ်တန်လျှင် ကျပ် ၁၆ သိန်း ၆ သောင်း၊ ပဲတီစိမ်း အချိန် ၆၀ လျှင် ကျပ် ၁၂ သိန်း ၉ သောင်းဝန်းကျင်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၂ သိန်း ၈ သောင်း ၅ ထောင် ပေါက်ဈေးရှိကြောင်း ဘုရင့်နောင်ပွဲရုံရှိ ပဲကုန်သည်များမှ သိရသည်။               

Most Read

Most Recent