ကုမ္ပဏီ၊ စက်ရုံ၊ အဖွဲ့အစည်းများ အနေဖြင့် ဝန်ထမ်းခန့်အပ်ရာတွင် မသန်စွမ်းသူ တစ်ရာခိုင်နှုန်းကို ခွဲတမ်းစနစ်ဖြင့် ခန့်အပ်ရမည်ဆိုသည့် မသန်စွမ်း ဥပဒေပါ ထုတ်ပြန်ချက်အတိုင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး တိုက်တွန်း စည်းရုံးမှုများ လုပ်ဆောင်မည်ဟု ဆို

ကုမ္ပဏီ၊ စက်ရုံ၊ အဖွဲ့အစည်းများ အနေဖြင့် ဝန်ထမ်းခန့်အပ်ရာတွင် မသန်စွမ်းသူ တစ်ရာခိုင်နှုန်းကို ခွဲတမ်းစနစ်ဖြင့် ခန့်အပ်ရမည်ဆိုသည့် မသန်စွမ်း ဥပဒေပါ ထုတ်ပြန်ချက်အတိုင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး တိုက်တွန်း စည်းရုံးမှုများ လုပ်ဆောင်မည်ဟု ဆို
Published 16 February 2016
သင်းဖြိုး

ကုမ္ပဏီ၊ စက်ရုံ၊ အဖွဲ့အစည်းများ အနေဖြင့် ဝန်ထမ်းများ ခန့်အပ်ရာ၌ မသန်စွမ်းသူ တစ်ရာခိုင်နှုန်းကို ခွဲတမ်းစနစ်ဖြင့် ခန့်အပ်ရမည်” ဆိုသည့် မသန်စွမ်း ဥပဒေပါ ထုတ်ပြန်ချက်အတိုင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေး တိုက်တွန်းစည်းရုံးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းရှေ့ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းစိုးက ဆိုသည်။လက်ရှိအချိန်အထိ မသန်စွမ်းသူ အများစုတွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုနှင့် ပုံမှန်ဝင်ငွေ ရရှိရေးတို့မှာ အဓိကလိုအပ်ချက် ဖြစ်နေပြီး  စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံ တွေ့နေရကြောင်း သိရသည်။“မသန်စွမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းအတွက် အချို့သော ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်သွင်းပေးနေပါတယ်။ ဒါပေမဲ့ မသန်စွမ်းအများစုက အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ကြတာ များပါတယ်။ အစိုးရပိုင်းဆိုင်ရာကတော့ တပ်မတော်ပိုင်းက မသန်စွမ်းတွေကိုပဲ အလုပ်ပြန်ခန့်တာ များပါတယ်။ ပြင်ပမသန်စွမ်းတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးတာတော့ မရှိသေးပါဘူး။ ဒါကြောင့် မသန်စွမ်းတွေရဲ့ အလုပ်အကိုင် ရရှိရေးနဲ့ ပတ်သက်ပြီး ၂၀၁၅ ဇွန် ၅ ရက် နိုင်ငံတော်သမ္မတကိုယ်တိုင် ထုတ်ပြန်တဲ့ မသန်စွမ်းဥပဒေမှာပါတဲ့အတိုင်း ဆက်လက်တိုက်တွန်း လှုံ့ဆော်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။လက်ရှိတွင် မသန်စွမ်းသူ ပျမ်းမျှ ၄၀ ခန့် အား Myanmar Called Center ၊ ရွှေနန်းတော် ရွှေဆိုင်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းတို့နှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားပြီး စီမံဌာနများ၊ ဖုန်းပြန်လည် ဖြေကြားသည့် အပိုင်းများ၌ တာဝန်ယူဆောင်ရွက်နေကြကြောင်း သိရသည်။ထို့ပြင် မသန်စွမ်း အလုပ်အကိုင် အခွင့်အလမ်း အပါအဝင် မသန်စွမ်းဥပဒေပါ အချက်များအတိုင်း ခံစားခွင့်ရရှိနိုင်မည့် မသန်စွမ်း နည်းဥပဒေ အမြန်ဆုံး ထွက်ရှိလာနိုင်ရေးအတွက်လည်း လွှတ်တော်ပိုင်းဆိုင်ရာမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း တင်ပြဆွေးနွေးမည့် အချက်များကို တောင်းခံထားခြင်းကြောင့်လည်း အဆိုပါ အချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရေးဆွဲနေကြောင်း သိရသည်။လက်ရှိ ရေးဆွဲနေသည့် မသန်စွမ်း နည်းဥပဒေတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ ပုံမှန်ဝင်ငွေရရှိမှုနှင့် လူမှု့ပတ်ဝန်းကျင်တွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍ ပိုမိုပါဝင်လာနိုင်ရေးတို့ကို  ဦးစားပေးအနေဖြင့် ထည့်သွင်းရေးဆွဲနေပြီး လာမည့်နှစ်တွင် ယင်းဥပဒေ ထွက်ရှိလာနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။                 

Most Read

Most Recent