မြောက်ကိုရီးယားကို မာမာထန်ထန် တုံ့ပြန်ရန် အချိန်ကျပြီဖြစ်ကြောင်း ပက်ကွမ်ဟီး ပြောကြား

မြောက်ကိုရီးယားကို မာမာထန်ထန် တုံ့ပြန်ရန် အချိန်ကျပြီဖြစ်ကြောင်း ပက်ကွမ်ဟီး ပြောကြား
Published 16 February 2016

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းများကို လမ်းလွှဲစေရန်အတွက် အခြေခံကျသော ချဉ်းကပ်မှုသစ် လိုအပ်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့ရာ ပြုံယမ်း၏ ရန်စမှုများကို တင်းခံပြီး ယုံကြည်မှုရှိသော တုံ့ပြန်မှုတစ်ခု ဖြစ်လာခဲ့သည်။ အမျိုးသား လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်း၌ ပက်က တောင်ကိုရီးယား နိုင်ငံသားများသည် ပြီးခဲ့သော နှစ်များအတွင်း မြောက်ဘက်အိမ်နီးချင်းမှ ခြိမ်းခြောက်မှုများကို ထုံလာနေပြီး ရဲရဲရင့်ရင့် ရပ်တည်ရန် အချိန်ကျပြီဖြစ်ကြောင်း ဆိုသည်။
မြောက်ကိုရီးယားရှိ ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစက်မှုဇုန် ကေဆောင်မှ တောင်ကိုရီးယား ကုမ္ပဏီများ၏ လည်ပတ်မှုများကို ပက်က မမျှော်လင့်ဘဲ ရပ်ဆိုင်းခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ယင်းမိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိနည်းလမ်းများနှင့် ကောင်းမွန်သော စိတ်ထားများသည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ဆန္ဒများကို မချိုးဖျက်နိုင်ကြောင်း ပေါ်လွင်လာသည်ဟု ပက်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် လက်တွေ့ကျသော အပြောင်းအလဲ ဖော်ဆောင်ရန်အတွက် အခြေခံကျသည့် နည်းလမ်းတစ်ခု ရှာဖွေရန်နှင့် ၎င်းတို့ကို အရေးယူ ဆောင်ရွက်မည့် သတ္တိကိုလည်း ပြရမည့် အချိန်ကျပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပက်၏ မိန့်ခွန်းအပြီးတွင် အမေရိကန်၏ F-22 စတဲ့သ် တိုက်လေယာဉ် လေးစင်းသည် မြောက်ကိုရီးယားကို ရည်ရွယ်သော အင်အားပြသမှုအဖြစ် တောင်ကိုရီးယား ဝေဟင်တွင် ဖေဖော်ဝါရီ ၁၇ ရက်၌ ပျံသန်းပြမည်ဖြစ်ကြောင်း ဆိုးလ်ရှိ ကာကွယ်ရေး တာဝန်ရှိသူများကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အပြောင်းအလဲမပြုလုပ်ဘဲ အချိန်ကုန်လွန်ခဲ့ပါက နျူကလီးယားလက်နက် စီမံကိန်းများကို ရပ်နားခြင်းမရှိဘဲ အရှိန်မြှင့် လုပ်ဆောင်နေသည့် ကင်ဂျုံအွန်အစိုးရသည် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်ကို တပ်စွဲလာနိုင်ပြီး မိမိတို့ ခံစားသွားရမည်ဖြစ်ကြောင်း ပက်က ပြောကြားခဲ့သည်။ ကေဆောင်စက်မှုဇုန်ကို ပိတ်ပစ်မှုအားပက်က ကာကွယ်ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်စီမံကိန်း လမ်းလွှဲစေရန် ထပ်မံလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဆိုသည်။
မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူရာတွင် အခြားနိုင်ငံများက နောက်ကျန်နေခဲ့ပါက တောင်ကိုရီးယားက တစ်နိုင်ငံတည်း အရေးယူသွားရန် ဆန္ဒရှိသင့်ကြောင်းလည်း ပက်က ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားတွင် အမေရိကန်၏ Terminal High Altitude Area Defence System (THAAD) ဒုံးကျည်များ ချထားရန် အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေး တာဝန်ရှိသူများသည် ယခုသီတင်းပတ်တွင် စတင်ဆွေးနွေးမည်ဖြစ်သည်။ 
Ref : AFP
 

Most Read

Most Recent