တစ်နိုင်ငံလုံး မျက်စိရောဂါ ဖြစ်ပွားမှုအခြေအနေများကို ယခုနှစ်အတွင်း စစ်တမ်းကောက်ယူရာတွင် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေး

တစ်နိုင်ငံလုံး မျက်စိရောဂါ ဖြစ်ပွားမှုအခြေအနေများကို ယခုနှစ်အတွင်း စစ်တမ်းကောက်ယူရာတွင် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေး
Published 14 February 2016

မြန်မာနိုင်ငံတွင် မျက်စိရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ်မှ စတင်ကာ စစ်တမ်းကောက်ယူနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီးမှ သိရသည်။ယင်းကဲ့သို့ စစ်တမ်းကောက်ယူနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း၊ မျက်စိဆရာဝန်များအနက် အချို့ကိုလည်း ရွေးချယ်ကာ သုတေသနစစ်တမ်း ကောက်ယူမှုပုံစံများနှင့် ပတ်သက်၍ သင်တန်းပေးထားပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။“ကျွန်တော်တို့အနေနဲ့ မျက်စိရောဂါနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေ၊ အစီအစဉ်တွေ လုပ်မယ်ဆိုရင် ဒီအချက်အလက်တွေဟာ လိုလာမယ်။ အဲဒါကြောင့် စစ်တမ်းကောက်ဖို့ ကြိုးစားနေတယ်။ မနှစ်က နေပြည်တော်မှာ မျက်စိဆရာဝန်တွေ၊ မျက်စိနဲ့ ပက်သက်ပြီး မြန်မာပြည်ကိုကူညီနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့စုစည်းပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ ဒါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနကို တင်တာလည်း အတည်ပြုချက်ရပြီးပြီပေါ့။ ဒါက သန်းခေါင်စာရင်းကောက်သလိုပဲ အင်မတန် အနုစိတ်တယ်။ နည်းပညာ၊ ငွေကြေး၊ လူအင်အား အရမ်းအသုံးပြုရတော့ အဲဒါတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မြန်မာပြည်ကို ကူညီနေတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်”ဟု ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ် ပါမောက္ခ ဒေါက်တာတင်ဝင်းက ပြောကြားသည်။လက်ရှိကမ္ဘာပေါ်တွင် အမြင်အာရုံ ချို့ယွင်းသူနှင့်မျက်စိကွယ်သူပေါင်း ၂၈၅ သန်း ခန့်ရှိနေပြီး ယင်းတို့၏  ရာခိုင်နှုန်း ၉၀ မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။မြန်မာနိုင်ငံတွင ်မျက်စိအမြင်ချို့ယွင်းသူ ၂၆၀၀၀၀ ခန့်ရှိကာ မျက်မမြင်ဖြစ်ပွားမှုနှုန်း ၁ ဒသမ ၅၂ ရာခိုင်နှုန်း ရှိနိုင်သည်ဟု မျက်စိအထူးကုဆရာဝန်များက ခန့်မှန်းထားကြပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်လျှင် မျက်စိကွယ်လွန်သူ ခုနစ်သန်းခန့် တိုးပွားလျက်ရှိကြောင်း သိရသည်။အမြင်အာရုံချို့ယွင်းသူများ၏ ရာခိုင်နှုန်း ၈၀  မှာ ကာကွယ်ကုသ၍ ရနိုင်ပြီး အမြင်အာရုံချို့တဲ့သူများ၏ ၄၂ ရာခိုင်နှုန်းမှာ မျက်မှန်လိုအပ်သူများဖြစ်ပြီး ၃၃ ရာခိုင်နှုန်းမှာ အတွင်းတိမ်များဖြစ်နေကြောင်းနှင့် ၂၂ ရာခိုင်နှုန်းမှာ အခြားမျက်စိရောဂါကြောင့် ဖြစ်သည်ဟု သိရသည်။အမြင်အာရုံ ချို့ယွင်းစေနိုင်သည့် အဓိကအကြောင်းရင်းများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်စိထိခိုက်ရောဂါ၊ ဆီးချို၊ သွေးတိုးကြောင့်ဖြစ်သည့် အမြင်အာရုံ ချို့ယွင်းသည့်ရောဂါ၊ မျက်ခမ်းစပ်ရောဂါ၊ ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် ဖြစ်သည့် မျက်စိရောဂါ၊ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားစဉ် ဆေးကုသမှုနောက်ကျ၍ အမြင်အာရုံ ချို့ယွင်းသည့်ရောဂါတို့ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အတွင်းတိမ်ရောဂါ အများဆုံးဖြစ်ပြီး ရေတိမ်နှင့် မျက်ကြည်လွှာ အစားထိုးကုရမည့်သူများလည်း များပြားကြောင်းနှင့် မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် မျက်ကြည်လွှာအစားထိုးကုသရန် စောင့်ဆိုင်းနေသည့် လူနာ ၃၀၀၀ ကျော် ရှိနေပြီး နှစ်စဉ် မျက်ကြည်လွှာခွဲစိတ် အစားထိုးပေးနိုင်မှုမှာ ၂၀၀ ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။၂၀၁၂ ခုနှစ်အတွင်းက မျက်စိရောဂါ ဖြစ်ပွားမှု များပြားသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဟင်္သာတမြို့ စသည့် မြို့နယ် ခြောက်ခုတွင် အသက် ၄၀ နှစ်အထက် လူကြီးများတွင် ဖြစ်ပွားနေသည့် မျက်စိရောဂါနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့သည်။  ယခင်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မျက်စိရောဂါစစ်တမ်းကို ၁၉၉၇ ခုနှစ်တွင် ကောက်ယူခဲ့ပြီး ယခုနှစ်အတွင်း ကောက်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent