ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အပန်းဖြေနေရာများတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားခဲ့

ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် အပန်းဖြေနေရာများတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားခဲ့
Published 14 February 2016
ကြည်နိုင်၊ ပြည့်ဖြိုးအောင်၊ ရန်ပိုင်

လူငယ်များကြား ရေပန်းစားသော ချစ်သူများနေ့ ဖေဖော်ဝါရီ ၁၄ ရက်တွင် အပန်းဖြေနေရာ များဖြစ်သော ကန်တော်ကြီး၊ ပြည်သူ့ဥယျာဉ် စသည့် ပန်းခြံများ၊ ဈေးဝယ်စင်တာများတွင် အပန်းဖြေသူများ၊ ဈေးဝယ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အဆိုပါ အများပြည်သူ အပန်းဖြေရာ နေရာများတွင် ချစ်သူများနေ့ အထိမ်းအမှတ် ဖျော်ဖြေပွဲများ၊ပြိုင်ပွဲများ၊ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြကြောင်းနှင့် ယင်းပျော်ပွဲ ရွှင်ပွဲများကိုလည်း လူအများ စိတ်ဝင်စားခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ဥယျာဉ် LOVE ကျောက်တုံးများရှိသော ချစ်သူနယ်မြေတွင် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ဂိမ်းများနှင့် ကျန်းမာရေးအတွက် လိင်အသိပညာပေး ပြခန်းများကို ဖွင့်လှစ်ထားသဖြင့် လာရောက် ဆော့ကစားသူများ၊ လေ့လာသူများဖြင့် စည်ကားခဲ့သည်။
“ဒီနေ့နှစ်ကလည်း ထူးခြားပါတယ်။မနှစ်က ဒီနေ့မျိုးမှာ ကျွန်တော့်ကောင်မလေးဆီက အဖြေရခဲ့တာပါ။ ဒီနေ့မနက် ဘုရားသွားတယ်။ မုန့်စားကြတယ်။ အခုတော့ ပန်းခြံထဲကို လာခဲ့ပါတယ်။ ချစ်သူများနေ့ဆိုတာ အနောက်နိုင်ငံက ယဉ်ကျေးမှုဆိုပေမယ့် ကျွန်တော်ကတော့ ချစ်သူကို အမြဲချစ်နေလို့ နေ့တိုင်းက ချစ်သူများနေ့ပါပဲ။ ဒီနေ့ကလည်း ပိတ်ရက်နဲ့ကြုံလို့ လျှောက်လည်ဖြစ်တာပါ”ဟု သာတေကမှ ကိုနိုင်ဇော်က ချစ်သူများနေ့နှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောကြားသည်။
ကန်တော်ကြီး ဥယျာဉ်တွင်လည်း မီးဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး အမှတ်တရပစ္စည်း အရောင်းဆိုင်များကို ပရဟိတလူငယ်များက ဖွင့်လှစ် ရောင်းချခြင်း၊ ချစ်သူများနေ့ အမှတ်တရပစ္စည်း သီးသန့် အရောင်ဆိုင်များ ဖွင့်လှစ် ရောင်းချပေးခြင်းများကြောင့် လူငယ်စုံတွဲများ အများအပြား ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
လူငယ်စုံတွဲများအပြင် သူငယ်ချင်းများ၊ မိသားစုများကလည်း ပန်းခြံ၊ ဥယျာဉ်များအတွင်း အပန်းဖြေ လာရောက်ခဲ့သည်ကို တွေ့ရှိရပြီး အပန်းဖြေ အားကစားကွင်းများတွင်လည်း ဆော့ကစားရန် တန်းစီ စောင့်ဆိုင် နေကြသူများကိုလည်း တွေ့ရသည်။
“ကျွန်တော်တို့ ချစ်သူနှစ်ဦးကတော့ ဒီနှစ်ချစ်သူများနေ့မှာ ရုံးပိတ်ရက်နဲ့လည်း တိုက်ဆိုင်တော့ အခုလိုပဲ အပန်းဖြေ ပန်းခြံထဲကို လာဖြစ်တာပါ။ ကျွန်တော့်ကောင်မလေးကို ဝက်ဝံရုပ်ကလေးနဲ့ နှင်းဆီပန်းခြင်းလေး လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒီနေ့လာတဲ့ အတွဲတွေလည်း အများကြီးပါ။ အခုလိုမျိုး ချစ်သူတွေဖြူဖြူစင်စင်နဲ့ ချစ်သူများနေ့ကို ဖြတ်သန်းကြတာ ကောင်းပါတယ်”ဟု ကန်တော်ကြီးအတွင်း လာရောက်အပန်းဖြေသည့် ကိုချစ်ကို(အမည်လွဲှ) ပြောကြားသည်။
ထို့ပြင် Love ကျောက်တုံးများရှိသော ချစ်သူနယ်မြေတွင် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသည့် ပညာပေးပြခန်း MARIE STOPES International Myanmar မှ တာဝန်ရှိသူတစ်ဦးက “အခုလို ဒီနေ့မှာ ပျော်ပွဲရွှင်ပွဲတွေ ဖန်တီးပေးပြီး။ ပညာပေး အစီအစဉ်တွေကိုပါ တွဲပြီးလုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ်မှာက လိင်ကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေ လမ်းမှားမရောက်အောင် တက်နိုင်ဘက်ကနေ စည်းရုံးလှုံဆော်တဲ့ပွဲ အခုလို ချစ်သူများနေ့ အထိမ်းအမှတ်မှာ လုပ်ပေးဖြစ်တာပါ”ဟု ပြောကြားသည်။
ယင်းသို့ အပန်းဖြေနေရာများတွင် ချစ်သူများစုံတွဲများ စည်ကားခဲ့သော်လည်း မြို့နယ်တချို့ရှိ တည်းခိုခန်းများတွင်လည်း အခန်း မလောက်သည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။
“ဒီမနက် စောစောက အတွဲတစ်တွဲကို သာကေတမှာရှိတဲ့ တည်းခိုခန်းတစ်ခုကို လိုက်ပို့ခဲ့တယ်။ တချို့နေရာက တည်းခိုခန်းကတွေဆို အခန်းမရှိလို့ နောက်တစ်ခု လိုက်ပေးရတာတွေ ရှိပါတယ်။ နေ့လယ်လောက်အထိတော့ တည်းခိုခန်းကို အတွဲသုံးတွဲလောက် ပို့ပေးပြီးပါပြီ”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။   
ရန်ကုန်မြို့ဈေးဝယ် စင်တာများနှင့် စားသောက်ဆိုင်များ ဖြစ်ကြသည့် စိန်ဂေဟာ၊ တိုင်ရင်းသားကျေးရွာ၊ စိမ်းလန်းစိုပြေ၊ Ocean Super Market၊ Capital Hyper Market၊ Ruby Mart၊ Junction Square၊ Junction မော်တင်၊ Junction8၊ BBQ၊ YKKO အစရှိသည်တို့တွင်လည်း စုံတွဲဓာတ်ပုံပြိုင်ပွဲများ၊ အဆိုပြိုင်ပွဲများ၊ အကပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် စားသောက်ဆိုင်များတွင် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် လာရောက်စားသုံးသူများနှင့် ချစ်သူစုံတွဲများအား ကံစမ်းမဲများဖြင့် လက်ဆောင်များ ပေးအပ်ခြင်းနှင့် အစားအသောက်များအား  အထူးလျှော့ဈေးများဖြင့် ရောင်းချပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။   

Most Read

Most Recent