ပြည်တွင်းစစ်အလွန် အနှစ် ၂၀ ကြာမြင့်လာသော်လည်း မငြိမ်းချမ်းသေးသော နီပေါကလေးစစ်သားများ

ပြည်တွင်းစစ်အလွန် အနှစ် ၂၀ ကြာမြင့်လာသော်လည်း မငြိမ်းချမ်းသေးသော နီပေါကလေးစစ်သားများ
Published 14 February 2016
Ref: AFP

ခြေလှမ်းလှမ်းလိုက်တိုင်း နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့မဲ့ ဖြစ်နေသော ဘီဂျေးရိုင်းသည် အသက် ၁၄ နှစ်အရွယ်က နီပေါရှိ ထောင်နှင့်ချီသော ကလေးစစ်သားများကဲ့သို့ပင် မော်ဝါဒီစစ်တပ်ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့မှုကို အမြဲတမ်း အမှတ်ရနေခဲ့သည်။ မော်ဝါဒီများ၏ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့သော သောင်းကျန်း တိုက်ခိုက်မှုများတွင် ရိုင်းက ဆန္ဒအလျောက် ပါဝင်ခဲ့ပြီး အစိုးရနှင့် စစ်တပ်စခန်းများကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။ ယင်းသည် နီပေါရှိ သန်းနှင့်ချီသော ဆင်းရဲသားများနှင့် နင်းပြားများအတွက် တိုက်ခိုက်နေသည်ဟု ယုံကြည်မှုဖြင့် ရိုင်းက ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်ပွဲ စတင်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ အကြာနှင့် စစ်ပွဲအပြီး ၁၀ နှစ်နီးပါးအကြာတွင်မူ လက်မောင်းနှင့် ခြေထောက်များ၌ ရရှိခဲ့သော သေနတ်ဒဏ်ရာများကြောင့် အလုပ်လက်မဲ့ ဖြစ်နေရသော ရိုင်းက မော်ခေါင်းဆောင်များသည် သစ္စာဖောက်၍ စွန့်ပစ်ခဲ့သည်ဟု ခံစားနေရသည်။ “သူတို့တွေ လိုအပ်လာရင် ကျွန်တော်တို့ကို အသုံးချတယ်။ ဒါပေမဲ့ စစ်လည်းပြီးတော့ ကျွန်တော်တို့ကို လှည့်တောင်မကြည့်ကြတော့ဘူး”ဟု အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် ရိုင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် စစ်ပွဲစတင်မှု နှစ်ပတ်လည်မတိုင်မီ အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
မော်ပြောက်ကျားသူပုန်များသည် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် နီပေါအနောက်ပိုင်း ရိုလ်ပါခရိုင်ရှိ ရဲကင်းတစ်ခုကို စတင်တိုက်ခိုက်ရာမှ ပြည်တွင်းစစ် ပဋိပက္ခ အစပျိုးလိုက်ခြင်းဖြစ်ပြီး ယင်းစစ်ပွဲအတွင်း လူပေါင်း ၁၆၀၀၀ ခန့် သေဆုံးခဲ့ကာ လူရာနှင့်ချီ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ သူပုန်များဘက်မှ ကလေးစစ်သား ၄၀၀၀ နီးပါးက ပူးပေါင်းခဲ့ကြသည်။
၎င်းတို့အနက် အများအပြားသည် စစ်မှုထမ်းရန် အဓမ္မ ခိုင်းစေခံခဲ့ရခြင်းဖြစ်ပြီး အချို့မှာမူ ဆန္ဒအလျောက် လက်နက်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ့စစ်ပွဲသည် နီပေါတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော မြေရှင်ပဒေသရာဇ်စနစ်ကို တိုက်ဖျက်နိုင်မည်ဟု ယုံကြည်မှုဖြင့် ကလေးစစ်သားများကို လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
မော်သူပုန်များသည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်တွင် လက်နက်ချခဲ့ပြီး လူမှုအသိုက်အဝန်းသို့ ပြန်လည်ပေါင်းစည်းမှုကို နီပေါရှိ ကုလမစ်ရှင်က ကြီးကြပ်ခဲ့သည်။ မော်ဝါဒီသူပုန်များဖြစ်ကြောင်း စိစစ်နိုင်ခဲ့သူ ၁၉၀၀၀ အနက် ၆၅၀၀ ကို နီပေါစစ်တပ်တွင် ပူးပေါင်းရန် အခွင့်အရေးပေးခဲ့ပြီး အချို့ကို အသက်မွေးမှု လေ့ကျင့်ရေးကျောင်း များတက်ရောက်စေခြင်း သို့မဟုတ် အငြိမ်းစား ခံစားခွင့်အဖြစ် ရူပီး ရှစ်သိန်းအထိ (ဒေါ်လာ ၇၄၀၀) ပေးခြင်း ပြုလုပ်ခဲ့သည်။ သို့သော် ရိုင်းအပါအဝင် ကလေးတိုက်ခိုက်ရေးသမားများသည် အသက်မပြည့်သေးမှု သို့မဟုတ် ယင်းလုပ်ငန်းစဉ်အတွက် အရည်အချင်းမပြည့်မီမှုတို့ကို ကုလက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လျော်ကြေး သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးစွာရရှိခဲ့ သည်။ ယင်းအစား ရိုင်းတို့သည် ရူပီး ၁၀၀၀၀ (ဒေါ်လာ ၉၀) သာ ရရှိခဲ့ပြီး ဆင်းရဲမွဲတေသော နီပေါတွင် အသုံးမတည့်သည့် အချက်အပြုတ်နှင့် ဓာတ်ပုံပညာကဲ့သို့ သင်တန်းများသာ တက်ရောက်ခွင့် ရခဲ့ကြောင်း သိရသည်။
နီပေါ အနောက်မြောက်ပိုင်းရှိ ‘ထိ၍မရသော’ bonded labour (လယ်မြေမပိုင်သော လယ်သမား များသည် လယ်မြေပိုင်ရှင် အဆက်ဆက်  လက်ဆင့်ကမ်း အလုပ်အကျွေး ပြုရသည့်စနစ်) ၏ သားကောင်တစ်ဦးဖြစ်သော ခါဒကာ ဘဟာဒါရမ်တယ်သည် အသက် ၁၁ နှစ် အရွယ်က သူပုန်များအတွက် ဆက်သားအဖြစ် အဓမ္မ ခိုင်းစေခံခဲ့ရသည်။ သို့သော် ရမ်တယ်သည် မကြာမီတွင် သာတူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ဟု ကတိပြုထားသည့် ကြွေးကြော်သံများကို နားယောင်ခဲ့သည်။ ‘‘မော်ခေါင်းဆောင်တွေက အဲဒီ bonded labour အစဉ်အလာနဲ့ ထိလို့ မရတဲ့စနစ်ကို အဆုံးသတ်ပစ်မယ်လို့ အခိုင်အမာ ပြောထားလို့ ကျွန်တော်က သဘောကျတာ’’ ဟု အသက် ၂၄ နှစ် ရှိပြီဖြစ်သည့် ၎င်းက ပြောကြားခဲ့သည်။
မော်များသည် လက်နက်နှင့် နိုင်ငံရေး အလဲအထပ် လုပ်ခဲ့ပြီး နောက် လူမှုအပြောင်းအလဲနှင့် ခိုင်မာသော ငြိမ်းချမ်းရေး ဖော်ဆောင်ပေးမည်ဟု မဲဆွယ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သော တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်။ သို့သော် ၎င်းတို့၏ အောင်ပွဲသည် အလျင်အမြန်ပင် လမ်းလွဲှသွားခဲ့ပြီး သူပုန်ဟောင်းများသည် တော်လှန်ရေး အယူအဆများကို စွန့်လွှတ်ခဲ့မှုနှင့် ဇိမ်ခံမှုကို နှစ်သက်လာမှုတို့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ မော်သူပုန်ခေါင်းဆောင် ပူရှ်ပါကာမယ်ဒါဟယ်သည် ပြည်ပမှ တင်သွင်းသော ဝီစကီနှင့် နိုင်ငံ ခြားအမှတ်တံဆိပ်များကို နှစ်သက်မှုတို့အတွက် မီဒီယာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။
မော်ဝါဒီအများအပြားက ဦးဆောင်သည့် အစိုးရအဆက်ဆက်သည် ကွဲပြားနေသောနိုင်ငံကို ညီညွတ်စေမည့် အခြေခံဥပဒေသစ်ကို ရေးဆွဲရန် ပျက်ကွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ဒုတိယအကျော့၌ အမတ်နေရာ တတိယ အများဆုံးသာ ရရှိခဲ့သည်။
မော်ဝန်ကြီးချုပ်ဟောင်း ဘာဘူရမ်ဘတ်တာရိုင်းက မော်ပြောက်ကျား သူပုန်များသည် နီပေါတွင် နှစ်ပေါင်း ၂၄၀ ကြာမြင့်ခဲ့သော ဟိန္ဒူဘုရင်စနစ်ကို အဆုံးသတ်နိုင်ခဲ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ချီးကျူးခံရသင့်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။
သို့သော် ရိုင်းကဲ့သို့ ကလေးစစ်သားဟောင်းများသည် ပြည်တွင်းစစ်ပွဲ ပြီးဆုံးချိန်တွင် လက်ချည်းဗလာဖြင့် ရွာသို့ပြန်ခဲ့ရပြီး ခေါင်းဆောင်များ ပေးခဲ့သောကတိများသည် လေလုံးထွားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ‘‘မော်သူပုန်တွေက ဆင်းရဲသားတွေအတွက်၊ ဖိနှိပ်ခံနေရတဲ့ ကျွန်တော်တို့လိုမျိုးလူတွေအတွက် တိုက်ခိုက်လို့ ကျွန်တော်က ပါခဲ့တာပါ။ ကျွန်တော်တို့ကို ဆင်းရဲတွင်းက ကယ်တင်မယ်လို့ ပြောခဲ့ပေမယ့် အခု ကျွန်တော်တို့ရဲ့အနာဂတ်တွေကို သူတို့တွေ ဖျက်ဆီးပစ်ခဲ့တယ်’’ ဟု ရိုင်းက ပြောကြားခဲ့သည်။

Most Read

Most Recent