အမေရိကန်၊ ထိုင်ဝမ်နှင့် မြန်မာ့ရိုးရာ ဂီတပညာရှင်များ ပါဝင်မည့် A Golden Evening of Music အမည်ရှိ Orchestra ဖျော်ဖြေပွဲကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဖေဖော်ဝါရီ ၂၁ ရက်၌ ကျင်းပသွားမည်ဟု သိရသည်။
ယင်း A Golden Evening of Music အမည်ရှိ Orchestra ဖျော်ဖြေပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ A Golden Evening of Music အမည်ရှိ Orchestra ဖျော်ဖြေပွဲကို Myanmar Music Festival 2016 အဖြစ် စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ Myanmar Music Festival ဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" A Golden Evening of Music လို့ အမည်ပေးထားတဲ့ Orchestra ဖျော်ဖြေပွဲမှာ မြန်မာတွေ ရင်းနှီးပြီးသား တရုတ်သံစဉ်တွေအပြင် ဗီသိုဗင်၊ မိုးဇက်၊ ဂရေ့ဂ်တို့ရဲ့ ကမ္ဘာကျော် တေးသွားတွေကို တီးခတ်ဖျော်ဖြေမှာပါ။ ဒါ့အပြင် မြန်မာသီချင်းလေးပုဒ်ကိုလည်း မြန်မာ့ရိုးရာ ဂီတပညာရှင်တွေရဲ့ တီးခတ်မှု၊ သီဆိုမှုတွေနဲ့အတူ အမေရိကန်နဲ့ ထိုင်ဝမ်တို့က ဂီတပညာရှင်တွေနဲ့ ဂီတပညာရှင် ၅၀ ပါဝင်မယ့် Taipei Civic Symphony Orchestra အဖွဲ့တွေကလည်း ပူးပေါင်းတီးခတ် ဖျော်ဖြေမှုတွေ ပါဝင်မှာပါ။ ဒီ Myanmar Music Festival ဖျော်ဖြေပွဲတွေကို ကျင်းပတာက နိုင်ငံတကာ ဂီတပညာရှင်တွေ မြန်မာဂီတပညာရှင်တွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရင်း၊ အနုပညာဖလှယ်ရင်း မြန်မာလူငယ် ဂန္ထဝင် ဂီတသမားတွေ ပေါ်ထွက်လာစေဖို့နဲ့ ဖျော်ဖြေ တင်ဆက်နိုင်ရေးတို့အပြင် လူမှုဝန်းကျင်ကို ဂီတနဲ့ ပတ်သက်ပြီး မြှင့်တင်ပေးနိုင်ဖို့နဲ့ ထောက်ပံ့ပေးနိုင်ဖို့အတွက်ပါ ရည်ရွယ်ပါတယ်"ဟု Myanmar Music Festival (MFF) ၏ Founder Member တစ်ဦးဖြစ်သည့် Piano ဂီတပညာရှင် Mr. Kimball Gallagher က ဆိုသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲတွင် မြန်မာသီချင်းများဖြစ်သည့် 'တိမ်တမန်'၊ ' ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်'၊ ' ဧရာဝတီ' သီချင်းများနှင့်အတူ ဓိရာမိုရ်၏ ဖန်တီးမှု လက်ရာတစ်ခု ဖြစ်သည့် ' End of This Life ' အမည်ရှိ သီချင်းကိုလည်း တီးခတ် ဖျော်ဖြေသွားမည်ဟု သိရသည်။ 'ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူ့ရယ်' သီချင်းကို အဆိုနှင့် တွဲဖက်ဖျော်ဖြေမည်ဖြစ်ကာ ကျန်သီချင်း များကို ဂီတတေးသီးသန့် တင်ဆက် ဖျော်ဖြေသွားမည်ဟု သိရသည်။
Myanmar Music Festival 2016 အဖြစ် စီစဉ်ကျင်းပသည့် A Golden Evening of Music အမည်ရှိ Orchestra ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ညနေ ၆ နာရီ မိနစ် ၃၀ မှစတင်ကာ ကျင်းပသွားမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲသို့ စိတ်ဝင်စားသူတိုင်း အခမဲ့ လာရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။
အမေရိကန်၊ ထိုင်ဝမ်နှင့် မြန်မာ့ရိုးရာ ဂီတပညာရှင်များ ပါဝင်မည့် A Golden Evening of Music အမည်ရှိ Orchestra ဖျော်ဖြေပွဲ ရန်ကုန်မြို့၌ ကျင်းပမည်















