လှိုင်သာယာ အင်းဂလိုင်ကွင်းရှိ လယ်ယာမြေဧက ၁၁၀ ကို သိမ်းယူပြီး အိုးအိမ်နှင့် ကုမ္ပဏီသုံးခုက ကျန်စစ်မင်းအိမ်ရာအဖြစ် ဆောက်လုပ်မှုအပေါ် လက်ရှိပိုင်ဆိုင်ထားသူများ ရှင်းလင်း

လှိုင်သာယာ အင်းဂလိုင်ကွင်းရှိ လယ်ယာမြေဧက ၁၁၀ ကို သိမ်းယူပြီး အိုးအိမ်နှင့် ကုမ္ပဏီသုံးခုက ကျန်စစ်မင်းအိမ်ရာအဖြစ် ဆောက်လုပ်မှုအပေါ် လက်ရှိပိုင်ဆိုင်ထားသူများ ရှင်းလင်း
Published 12 February 2016

လှိုင်သာယာမြို့နယ်၊ အင်းဂလိုင်ကွင်းရှိ လယ်ယာမြေဧက ၁၁၀ ကို သိမ်းယူကာ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ATY ဆောက်လုပ်ရေးလုပ်ငန်း၊ KMM ဆောက်လုပ်ရေးလုပ်ငန်း၊ အေးရိပ်မွန်ဆောက်လုပ်ရေးလုပ်ငန်းတို့က ကျန်စစ်မင်းအိမ်ရာအဖြစ် အကောင်အထည်ဖော်နေမှုနှင့် ပတ်သက်၍ လက်ရှိပိုင်ဆိုင်ထားသူများက တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည်။၁၉၉၈ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိမ်းယူထားသည်ဆိုကာ လှိုင်သာယာမြို့နယ် (ယခင်) ထန်းတပင်မြို့နယ်၊ အင်းဂလိုင်ကွင်းအမှတ် ၃၇၅ ရှိ မြေများကို ကျန်စစ်မင်းအိမ်ရာအဖြစ် ကုမ္ပဏီသုံးခုနှင့် ၂၀၁၂ ခုနှစ်မှစတင်ကာ  ပူးပေါင်းဆောက်လုပ်နေသည့်အပေါ် မူရင်းပိုင်ဆိုင်သူ လယ်သမားများက ကန့်ကွက်သဖြင့် ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသူများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးအဖွဲ့ခွဲ (၁) မှ ဦးအောင်သိန်းလင်းက အငြင်းပွားနေသည့် နယ်မြေဖြစ်သည့်အတွက် လတ်တလော ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ခြင်း၊ အဆောက်အအုံဆောက်လုပ်ရန် ပြင်ဆင်နေခြင်းများ ရပ်ဆိုင်းထားပေးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေသို့ ၂၀၁၃ ခုနှစ် မေ ၉ ရက်တွင် တင်ပြခဲ့သည်။ထို့ပြင် ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် အဆိုပါ အင်းဂလိုင်ကွင်းမြေများကို ပြန်လည် စိစစ်ဆောင်ရွက်ရန် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီအတွင်းရေးမှုး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ထိုသို့ အဆင့်ဆင့် လွှဲပြောင်းမှုများ ပြုလုပ်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ဦးစီးဌာနမှ ခရိုင်မြေစာရင်း ဦးစီးဌာနမှူး ဦးမင်းနောင်က ၁၉၈၉ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနမှာ လယ်ယာမြေသိမ်းယူခဲ့မှုမှာ ဧက ၂၉၉ ဒသမ ၁ ဧကဖြစ်ပြီး အင်းဂလိုင်ကွင်းသည် ဧက ၅၀၀ ကျော် အကျယ်အဝန်းရှိကာ ယခုမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကျန်စစ်မင်းအိမ်ရာအဖြစ် ဆောက်လုပ်မည့်နေရာသည် ဧက ၁၁၀ ရှိပြီး ထိုလယ်ယာမြေများသည် မိဘဘိုးဘွားများ လက်ထက်မှစ၍ ယနေ့တိုင် စဉ်ဆက်မပြတ် စပါးစိုက်ပျိုးနေကာသိမ်းယူခံရသည့် ၂၉၉ ဒသမ ၁ ဧကတွင် ပါဝင်မှုမရှိဘဲ လယ်ယာမြေအဖြစ် ကျန်ရှိနေကာ မြောက်ပိုင်းခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင် စာရင်းပုံစံ -၁ က ထုတ်ပေးထားကြောင်း နှင့် လန-၃၉ သိမ်းယူမှုစာရင်းတွင် မပါဝင်ကြောင်း ၂၀၁၅ ခုနှစ် မတ် ၁၆ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။“တာဝန်ရှိသူ အသီးသီးက အဆင့်ဆင့် စစ်ဆေးပြီးတဲ့နောက်မှာ လယ်သမားတွေ ပိုင်ဆိုင်တဲ့ အင်းဂလိုင်ကွင်း လယ်ယာမြေတွေက လန-၃၉ မကျသေးတဲ့ လယ်ယာမြေအဖြစ်ပဲ ရှိနေတာကို တွေ့ရပေမယ့် အိုးအိမ်ဦးစီးဌာနနဲ့ ကုမ္ပဏီသုံးခုက လမ်းတွေဖောက် အဆောက်အအုံတွေဆောက်ပြီး စီမံကိန်းလုပ်ဆောင်နေပါတယ်။ သူတို့က လယ်သမားတွေကို ၅ (ည)နဲ့ ဖမ်းမယ်၊ ပေးတဲ့ကရုဏာကြေးမယူရင် အဆုံးဆိုပြီး ခြိမ်းခြောက်နေတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် လယ်သမားများ၏ လွှဲအပ်ခံရသူ ဒေါ်ညွန့်ယဉ်ဝင်းက ပြောကြားသည်။အင်းဂလိုင်ကွင်း မြေဧက ၁၁၀ ကို လယ်သမား ၁၁ ဦးက ပိုင်ဆိုင်ထားပြီး လက်ရှိအချိန်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ATY ဆောက်လုပ်ရေးလုပ်ငန်း၊ KMM ဆောက်လုပ်ရေးလုပ်ငန်း၊ အေးရိပ်မွန်ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကျန်စစ်မင်းအိမ်ရာ စီမံကိန်းအတွက် မီးတိုင်များနှင့် ဓာတ်အားခွဲရုံများ ဆောက်လုပ်နေသည့် ICE ကုမ္ပဏီတို့ကို လယ်သမားများက တရားစွဲထားကြောင်း သိရသည်။

Most Read

Most Recent