အိန္ဒိယတွင် ဆင်ရိုင်းတစ်ကောင်က မြို့တွင်း၌ ဝင်ရောက်သောင်းကျန်း

အိန္ဒိယတွင် ဆင်ရိုင်းတစ်ကောင်က မြို့တွင်း၌ ဝင်ရောက်သောင်းကျန်း
Published 11 February 2016

အိန္ဒိယအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှ မြောက်ဘက် မိုင် ၃၆၀ ခန့်အကွာရှိ ဆီလီဂူရီ မြို့တွင် ဆင်ရိုင်း တစ်ကောင်က မြို့တွင်း၌ ဝင်ရောက်သောင်းကျန်းခဲ့ပြီး ဈေးဆိုင်များ၊ အိမ်များနှင့် အခြားအဆောက်အအုံ ၁၀၀ ခန့် ပျက်စီးခဲ့ကြောင်း ပြည်နယ် သစ်တောဝန်ကြီးက ပြောကြားခဲ့သည်။
ဆင်အုပ်နှင့် ကွဲသွားခဲ့ပြီးနောက် လမ်းပျောက်နေသော ယင်းဆင်ရိုင်းသည် ဆီလီဂူရီမြို့တွင် ငါးနာရီနီးပါးကြာအောင် အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း၊ အနောက်ဘင်ဂေါပြည်နယ် သစ်တောရေးရာဝန်ကြီး ဘူနေးခရစ်ရှနာဘာမန်က ပြောကြားခဲ့သည်။
ထိတ်လန့်နေသော ဆင်ရိုင်းသည် ဒေါသတကြီး လျှောက်ပြေးခဲ့ပြီး ရပ်ထားသောကားများနှင့် ဆိုင်ကယ်များကို နင်းခဲ့ကြောင်း၊ လူများက လေသာဆောင်နှင့် အမိုးထိပ်များမှနေ၍ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဆင်သည် ကြောက်ရွံ့နေခဲ့ပြီး တောတွင်းသို့ ပြန်သွားရန် ကြိုးပမ်းနေခဲ့ကြောင်း သောင်းကျန်းနေသော ဆင်ကိုကြည့်ရှုခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။ ယင်းဆင်သည် ဆီလီဂူရီမြို့အနီး သစ်တောမှနေ၍ လမ်းများနှင့် မြစ်ငယ်တစ်စင်းကို ဖြတ်ကျော်ကာ မြို့တွင်းသို့ ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ မြို့တွင်းသို့ ရောက်ရှိလာပြီးနောက် အစာလိုက်ရှာ နေဖွယ်ရှိကြောင်း ပြည်နယ်သစ်တော အရာရှိ ဘာဆက်ရိုင်က ပြောကြားခဲ့သည်။ ယင်းဆင်မသည် လူကို တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လူများအား ကြောက်လန့်နေဖွယ်ရှိကြောင်း ဘာဆက်က ပြောကြားခဲ့သည်။ ဆင်သည် လမ်းလုံး၀ ပျောက်ကြောင်း သေချာသွားခဲ့ပြီးနောက် အာဏာပိုင်များသည် မေ့ဆေးသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ပြီး ယင်းဆင်ကို ထရပ်ကားဖြင့် တင်ဆောင်သွားခဲ့ကြသည်။
ထို့နောက် ယင်းဆင်ရိုင်းကို ဆင်များအတွက် အထူးထားသည့် နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မေ့ဆေးပြယ်ပါက သစ်တောတွင်းသို့ ပြန်လည်ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ဘာဆက်က ပြောကြားခဲ့သည်။ လူဦးရေ ၁ ဒသမ ၂၅ ဘီလျံရှိသော အိန္ဒိယတွင် မြို့ပြဖြစ်ထွန်းမှု မြင့်တက်လာသောကြောင့် ဆင်များနှင့် လူများထိတွေ့မှု မြင့်တက်လာနေသည်။ အိန္ဒိယနှင့် သီရိလင်္ကာတွင် နှစ်စဉ် ဆင် ၄၀၀ ကျော်နှင့် လူ ၂၅၀ ကျော် သေဆုံးနေသည်။ အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် ဆင် ၃၀၀၀၀ ခန့်ရှိကြောင်း သဘာ၀ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။
Ref : AFP
 

Most Read

Most Recent