ဆီးရီးယားအစိုးရ၏ အလက်ပို ထိုးစစ်ကြောင့် လူ ၅၀၀ ကျော် သေဆုံး

ဆီးရီးယားအစိုးရ၏ အလက်ပို ထိုးစစ်ကြောင့် လူ ၅၀၀ ကျော် သေဆုံး
Published 11 February 2016

ရုရှား၏ လေကြောင်းထောက်ကူမှုဖြင့် အထောက်အကူဖြင့် ဆီးရီးယားအစိုးရက မြောက်ပိုင်း အလက်ပို၌ ထိုးစစ်ဆင်ခဲ့ရာ ယခုလအတွင်း လူ  ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တူရကီသည် အလက်ပိုတိုက်ပွဲမှ ထွက်ပြေးလာသော ဆီးရီးယားများအတွက် နယ်စပ်ကို ဖွင့်ပေးရန် ဖိအားပေးမှုနှင့် ကြုံနေရသည်။
စစ်ဆင်ရေး စတင်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး အလက်ပိုနှင့် အနီးဝန်းကျင်ကို ရုရှားက လေကြောင်း ထိုးစစ်ဆင်ခဲ့ရာ ကလေး ၂၃ ဦးအပါအဝင် လူ ၅၀၆ ဦး သေဆုံးခဲ့သည်ဟု လန်ဒန်အခြေစိုက် Syrian Observatory for Human Rights က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၉ ရက်ညပိုင်းအထိ အစိုးရထောက်ခံသည့် တိုက်ခိုက်ရေးသမား ၁၄၃ ဦး၊ သူပုန်နှင့် ပြည်ပဂျီဟတ်ဝါဒီ ၈၉ ဦးသေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့၏ ညွှန်ကြားရေးမှူး ရာမီအဗ္ဗ ဒယ်ရာမန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
သေဆုံးသူများထဲတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား သုံးဦးနှင့် အီရန်တပ်ဖွဲ့ဝင် ၁၄ ဦး ပါဝင်သည်ဟု ၎င်းကဆိုသည်။
ပြည်ပဂျီဟတ်ဝါဒီ ၁၀၀ ကျော်တွင် ဆီးရီးယား၏ အယ်ကေးဒါး အဖွဲ့ခွဲမှ အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အစိုးရထောက်ခံသော တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အလက်ပိုပြည်နယ်ရှိ သူပုန်များ၏ ထောက်ပံ့ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ပြီး လူသောင်းနှင့်ချီ တူရကီနယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။
အခြားသော သူပုန်အမာခံ နယ်မြေများကို နှိမ်နင်းရာတွင်အစိုးရက အသုံးပြုခဲ့သည့် နည်းဗျူဟာအတိုင်း အစိုးရ တပ်ဖွဲ့ဝင်များသည် အလက်ပိုကို ဝန်းရံထားပါက မြို့အရှေ့ဘက်တွင် လူ ၃၀၀,၀၀၀ ခန့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပြတ်တောက်သွားနိုင်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။
Ref : AFP

Most Read

Most Recent