မြောက်ကိုရီးယားရှိ ကေဆောင်စက်မှုဇုန်မှ တောင်ကိုရီးယား ကုမ္ပဏီများကို ပြန်လည်ရုပ်သိမ်း

မြောက်ကိုရီးယားရှိ ကေဆောင်စက်မှုဇုန်မှ တောင်ကိုရီးယား ကုမ္ပဏီများကို ပြန်လည်ရုပ်သိမ်း
Published 11 February 2016

မြောက်ကိုရီးယား၏ မကြာသေးမီက စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနှင့် တာဝေးပစ်ဒုံးပျံ လွှတ်တင်မှုတို့အတွက် ကင်ဂျုံအွန် အစိုးရကို အပြစ်ပေးရန် ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစက်မှုဇုန်ကို တောင်ကိုရီးယားက ပိတ်ပစ်ခဲ့ပြီးနောက် မြောက်ကိုရီးယားရှိ ကေဆောင်စက်မှုဇုန်မှ တောင်ကိုရီးယား ကုမ္ပဏီများသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြန်လည်ရုပ်သိမ်းရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။
ကေဆောင်စက်မှုဇုန်သို့ ဖြတ်သန်းသည့် နယ်စပ်၌ အရုဏ်မတိုင်မီ ထရပ်ကားများ အပါအဝင် ရာနှင့်ချီသော ယာဉ်များသည် စတင်တန်းစီခဲ့ပြီး ဝန်ထမ်းများနှင့် ပစ္စည်းများကို ပြန်လည်သယ်ဆောင်ရန် အသင့်ဖြစ်နေသည်။ ကေဆောင်စက်မှုဇုန်ကို ပိတ်ပစ်ရန် တောင်ကိုရီးယား၏ ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက်သည် အများအပြားကို အံ့အားသင့်စေခဲ့သည်။ နယ်စပ်မှ ၁၀ ကီလိုမီတာ (၆ မိုင်) ခန့်သာ ကွာဝေးသော ယင်းစက်မှုဇုန်ကို ယခင်က မြောက်ကိုရီးယား၏ ပြင်းထန်သော ရန်စမှုများ ရှိလျှင်ပင် တောင်ကိုရီးယားက ဖွင့်လှစ်ထားဆဲဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်နှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ထောက်ပံ့ရန်အတွက် ကေဆောင်မှရရှိသော ဒေါ်လာသန်းပေါင်းရာနှင့်ချီကို အသုံးပြုခဲ့ကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပြီး ကေဆောင်ကို ပိတ်ပစ်မှုသည် ရှောင်လွှဲ၍မရသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။
တောင်ကိုရီးယား၏ ယင်းဆုံးဖြတ်ချက်ကြောင့် ယင်းစက်မှုဇုန်တွင် လည်ပတ်နေသော တောင်ကိုရီးယား ကုမ္ပဏီ ၁၂၄ ခုအတွက် အချက်ပေး ခေါင်းလောင်းသံ ဖြစ်လာဖွယ်ရှိသည်။ ယင်းကုမ္ပဏီပိုင်ရှင်များကို ကိုယ်စားပြုသော အဖွဲ့က ယခုကဲ့သို့ ပိတ်ပစ်ရန် ညွှန်ကြားမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူတို့သည် လုံလောက်သော ကြိုတင်အသိပေးမှု မရရှိခဲ့ကြောင်း အပြစ်တင်ခဲ့သည်။ ယင်းသည် တောင်စောင်းမှ ခုန်ချသတ်သေရန် အမိန့်ပေးခံရသကဲ့သို့ ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဂျောင်ဂီဆွတ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား အာဏာပိုင်များသည် ယင်းစက်မှုဇုန်မှ လူအားလုံးကို ထွက်ခွာခွင့်ပေးရန် ငြင်းဆန်နိုင်မှုအပေါ် စိုးရိမ်မှုရှိနေစဉ် တောင်ကိုရီးယားက ၎င်းတို့၏ နိုင်ငံသားအားလုံး ဘေးကင်းစွာ ထွက်ခွာနိုင်ရေးအတွက် လုပ်ဆောင်ရန် မြောက်ကိုရီးယားကို တိုက်တွန်းခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ယင်းစက်မှုဇုန် လည်ပတ်မှုဆိုင်ရာ စည်းမျဉ်းမူကြမ်း တစ်ခုထုတ်ပြန်ခဲ့ပြီး မဖြေရှင်းနိုင်သော စီးပွားရေး အငြင်းပွားမှု ကြုံခဲ့ပါက ကေဆောင်ရှိ တောင်ကိုရီးယား လုပ်ငန်းရှင်များကို ထိန်းသိမ်းခွင့်ရှိကြောင်း ဆိုသည်။ သို့သော် တောင်ကိုရီးယားက ယင်းစည်းမျဉ်းကို ပယ်ချခဲ့သည်။ တောင်ကိုရီးယား၏ ကေဆောင်ပိတ်ပစ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားက တရားဝင် တုံ့ပြန်မှု မရှိသေးပေ။ ၂၀၁၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်းကို ပစ်ခတ်နစ်မြှုပ်ခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့ပြီး ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သော်လည်း တောင်ကိုရီးယားသည် ယင်းအချိန်က ကေဆောင်စက်မှုဇုန်ရှိ စက်ရုံများကို ဖွင့်လှစ်ထားဆဲဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ်က နယ်စပ်ဖြတ်ကျော် တင်းမာမှု မြင့်တက်နေစဉ် မြောက်ကိုရီးယားက ယင်းစက်မှုဇုန်ကို ငါးလကြာ ပိတ်ပစ်ခဲ့သည်။                          
Ref : AFP

Most Read

Most Recent