တရုတ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွား

တရုတ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွား
Published 10 February 2016
Ref:AFP

လက်တင်အမေရိကရှိ နိုင်ငံအများစုတွင် မွေးရာပါ ချွတ်ယွင်းချက်များဖြင့် ကလေးများ မွေးဖွားမှုသည် အလျင်အမြန် မြင့်တက်နေပြီး ဇီကာဗိုင်းရပ်စ်နှင့် ဆက်နွှယ်မှုရှိနေမှုကို စိုးရိမ်ပူပန်မှုမြင့်တက်နေစဉ် တရုတ်တွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။ အာရှတွင် ခြင်ကိုက်မှုမှ တစ်ဆင့် ကူးစက်သော ဇီကာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်သည် အနည်းအကျဉ်းသာ ရှိသေးသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကို ကြေညာထားသည်။ပြီးခဲ့သော ဇန်နဝါရီ ၂၈ ရက်တွင် ဗင်နီဇွဲလားမှ ပြန်လာသည့် အသက် ၃၄ နှစ်ရှိ အမျိုးသားတစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရှိခဲ့ရပြီး သူသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းတို့ ခံစားခဲ့ရသည်ဟုကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့သည်။ နိုင်ငံအရှေ့တောင်ပိုင်း ကျန်ရှီးပြည်နယ်ရှိ ကန်ရှန်းကောင်တီမှ ဖြစ်သော ယင်းအမျိုးသားသည် ယခုအခါ ပုံမှန်ကိုယ်အပူချိန်သို့ ပြန်ရောက်နေပြီဖြစ်ပြီး အရေပြားပေါ် အဖုအပိမ့်ထွက်မှုသည်လည်း သက်သာသွားပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းရေးရာကော်မရှင်က ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာက ဆိုသည်။ယင်းအမျိုးသားသည် ဟောင်ကောင် နှင့် ရှန်ကျန်းမှတစ်ဆင့် နေအိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ  ၆ ရက်နောက်ပိုင်း  ကန်ရှန်းဆေးရုံ၌ ကုသမှု ခံယူနေကြောင်း သိရသည်။ ယင်းအမျိုးသားမှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်မှု အလွန်အမင်းနည်းပါးကြောင်း ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။ ခြင်ကိုက်ခံရမှုမှတစ်ဆင့် စတင်ဖြစ်ပွားသော ဇီကာရောဂါသည် ပုံမှန်အားဖြင့် ဖျားနာခြင်းနှင့် အရေပြားပေါ် အဖုအပိမ့်ထွက်ခြင်းတို့ထက် အနည်းငယ် ပိုမိုပြင်းထန်ကြောင်း သိရသည်။သို့သော် လက်တင်အမေရိကတွင် ပုံမှန်မဟုတ်ဘဲ သေးငယ်သော ဦးခေါင်းနှင့် ဦးနှောက်တို့ဖြင့် ကလေးမွေးဖွားမှု မြင့်တက်လာခြင်းသည် ဇီကာနှင့် ဆက်နွှယ်နေကြောင်း သိရသည်။ ယခုအချိန်အထိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အတည်ပြုသည့်နိုင်ငံ ၂၆ နိုင်ငံရှိနေပြီး ဥရောပနှင့် မြောက်အမေရိကရှိ နိုင်ငံအချို့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားသည့်နေရာများမှ ပြန်လာသူများအနက် ဒါဇင်နှင့်ချီတွင် ရောဂါကူးစက်ခံထားရမှုများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ဘရာဇီးသည် ရောဂါကူးစက်ခံရမှု အဆိုးရွားဆုံးဖြစ်ပြီး ကိုယ်ဝန်ဆောင် ၂၀၀၀ ကျော် အပါအဝင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ၂၀၀၀၀ ကျော် ရှိကြောင်း သိရသည်။ အင်ဒိုနီးရှားနှင့် ထိုင်းတို့တွင် ဇီကာကူးစက်မှု တစ်မှုစီသာ ဖြစ်ပွားခဲ့သော်လည်း အာရှနိုင်ငံအချို့သည် ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်မှု အန္တရာယ်မြင့်မားနေကြောင်း ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။            

Most Read

Most Recent