ထိုင်ဝမ်တိုက်ပြိုမှုအတွက် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌအား ထိန်းသိမ်း

ထိုင်ဝမ်တိုက်ပြိုမှုအတွက် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌအား ထိန်းသိမ်း
Published 10 February 2016
Ref:AFP

ထိုင်ဝမ်တွင် ငလျင်ကြောင့် ပြိုကျခဲ့သည့် ၁၆ ထပ်မြင့်သော အဆောက်အအုံအား ဆောက်လုပ်ခဲ့သူကို အစိုးရရှေ့နေများ က ဖေဖော်ဝါရီ  ၉ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု သိရသည်။ ဝေကွမ်တိုက်ပြိုကျမှုတွင် သေဆုံးသည်ဟု အတည်ပြုနိုင်သူ ၄၀ ဝန်းကျင် ရှိပြီဖြစ်ပြီး အပျက်အစီးများထဲတွင် နစ်မြုပ်နေသူ ၁၀၀ ခန့် ရှိနေသေးသည်။  ဖေဖော်ဝါရီ ၆ ရက် နံနက် မိုးမလင်းမီက ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ထိုင်နန်မြို့မြောက်ပိုင်းရှိ အဆိုပါ ဝေကွမ်တိုက်သည် လုံးလုံးလျားလျား ပြိုကျသွားခဲ့သည်။တိုက်ပြိုကျပြီးနောက် တိုက်၏ ကွန်ကရိအောက်ခံဘောင်ထဲတွင် စည်သွတ်ဘူးခွံ၊ ရော်ဘာတုံး အစရှိသည်တို့ဖြင့် ဖြည့်ထားသော ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် အစိုးရရှေ့နေများက စုံစမ်းမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။ထိုဝေကွမ်တိုက်အား ဆောက်လုပ်သူ လင်မင်ဟိုင်နှင့် သူ၏ ဝန်ထမ်းနှစ်ဦးကို ဖေဖော်ဝါရီ ၉ ရက် အစောပိုင်းက ထိုင်နန်မြို့ရှိ အစိုးရရှေ့နေရုံးသို့ ခေါ်ဆောင်သွားကာ မေးမြန်းခဲ့သည်ဟု သိရသည်။ ထိုသုံးဦးကို ဆက်လက် ထိန်းသိမ်းထားရန် သင့်၊ မသင့် ဆုံးဖြတ်ရန် ကြားနာစစ်ဆေးမှုတစ်ခု ပြုလုပ်မည်ဟု ထိုင်နန်ဒေသဆိုင်ရာ တရားရုံး၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။လက်ရှိအချိန်အထိ ဝေကွမ် အဆောက်အအုံထဲမှ လူပေါင်း ၂၁၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် မြို့အာဏာပိုင်များနှင့် ကယ်ဆယ်ရေးသမားများက အပျက်အစီးများထဲတွင် လူ ၁၀၀ ကျော် ကျန်နေသေးနိုင်သည်ဟု ခန့်မှန်းနေကြသည်။

Most Read

Most Recent