အကြိတ်အနယ်ရှိသည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ စတင်

အကြိတ်အနယ်ရှိသည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ စတင်
Published 10 February 2016
Ref:AFP

ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး၏ မွေးစားသမီး၊ ရာဇဝတ်သားများအား သတ်ဖြတ်မှုကို ကြွားလုံးထုတ်ခဲ့သူ နိုင်ငံရေးသမားတစ်ဦးနှင့် အခြားပြိုင်ဘက်များ ပါဝင်သော ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့ကြောင်း သိရသည်။ သုံးလကြာမြင့်မည့် ရွေးကောက်ပွဲ လှုံ့ဆော်မှုကာလတွင် သမ္မတ ဘီနစ်နိုအကွီနိုအား ဆက်ခံရန် အမှန်တကယ် အလားအလာရှိသူ လေးဦးသာ ရှိနိုင်သည်။လွန်ခဲ့သော ဆယ်စုနှစ် သုံးခုက အာဏာရှင် ဖာဒီနန်မားကို့စ်၏ အုပ်စိုးမှုမှ လွတ်မြောက်ခဲ့သည့် ဖိလစ်ပိုင်သည် အာဏာသိမ်းမှုများ၊ ခြစားမှုများနှင့် အကြမ်းဖက်မှုလွှမ်းမိုးသော နိုင်ငံရေးသမိုင်းရှိပြီး ဖရိုဖရဲကျသော ဒီမိုကရေစီကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။သမ္မတရာထူးအတွက် တစ်ပြေးနေသူ ဂရေ့စ်ပိုးသည် အတွေ့အကြုံနည်းသော နိုင်ငံရေးသမားဖြစ်သော်လည်း မွေးစားဖခင်ဖြစ်သူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဖာဒီနန်ပိုးကြောင့် ဆင်းရဲသားသန်းပေါင်းများစွာကြားတွင် လူကြိုက်များ ထင်ရှားသည်။ ဖာဒီနန်ပိုးသည် ဆင်းရဲသားနေရာများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်၏ လူကြိုက်အများဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူသည် နိုင်ငံရေးနယ်ပယ်တွင်လည်း အောင်မြင်ခဲ့ပြီး ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဒုတိယနေရာထိ ရခဲ့သည်။အသက် ၄၇ နှစ်အရွယ် ဂရေ့စ်ပိုးသည် လူထုထောက်ခံမှု ၃၀ ရာခိုင်နှုန်းခန့်ထိ ရရှိထားပြီး သမ္မတဖြစ်ရန် ရေပန်းစားနေသည်။ ဖေဖော်ဝါရီ ၉ ရက်က ထောက်ခံသူများကို ပိုးက မိန့်ခွန်းပြောကြားခဲ့သော နေရာသည် မနီလာရှိ ဘုရားကျောင်းတစ်ခုဖြစ်ပြီး ထိုနေရာသည် ဖခင်ဖြစ်သူ၏ ရုပ်ရှင်များတွင် အလွန်ထင်ရှားခဲ့သော နေရာတစ်ခုဖြစ်သည်။သမ္မတအကွီနို၏ လက်ထက်တွင် စီးပွားရေး တိုးတက်ခဲ့သော်လည်း အကျိုးရလဒ်ကို မခံစားရသည့် ဆင်းရဲသား ဖိလစ်ပိုင်များအတွက် တိုက်ပွဲဝင်သွားမည်ဟု ပိုးက ယင်းမဲဆွယ်ပွဲတွင် ကတိပေးခဲ့သည်။၂၀၁၀ ပြည့်နှစ်က သမ္မတဖြစ်လာခဲ့သော အကွီနို၏ လက်ထက်တွင် ဖိလစ်ပိုင်သည် စီးပွားရေး ပျမ်းမျှ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခြစားမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုအတွက်လည်း ဂုဏ်ပြုချီးကျူးခံရသည်။ အကွီနိုက သူ၏ ကာလရှည် မဟာမိတ် မာရိုဆက်ကို သမ္မတရာထူး လွှဲပြောင်းရန် လိုလားနေသည်။ သို့သော်လည်း အသက် ၅၈ နှစ်အရွယ် ရိုဆက်သည် လူထုသဘောထား စစ်တမ်းများတွင် ထောက်ခံမှု နိမ့်ကျနေသည်။ ဖိလစ်ပိုင်၏ အချမ်းသာဆုံးမိသားစုများထဲမှ မွေးဖွားလာသူ ရိုဆက်သည် အမေရိကန်တွင် ပညာသင်ကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။သြဇာတိက္ကမ မပြည့်စုံခြင်းကြောင့် လူကြိုက်များမှု မရှိခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ရိုဆက်ကို ဝေဖန်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ရာထူးအတွက် နောက်ထပ် ထင်ရှားသူတစ်ဦးသည် အသက် ၇၀ အရွယ် ရှေးရိုးစွဲနိုင်ငံရေးသမား ရိုဒရီဂိုဒက်တာတေ ဖြစ်သည်။ဖိလစ်ပိုင်တောင်ပိုင်း ဒါဘာအို၏ မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ် ရာဇဝတ်သား ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် ပါးကွက်သားတပ်ဖွဲ့ကို ဦးစီးခဲ့သည်ဟု စွပ်စွဲခံထားရသော ဒက်တာတေက ပါးကွက်သားတပ်ဖွဲ့ရှိခဲ့ကြောင်း ဝန်ခံထားပြီး မူးယစ်မှောင်ခိုသမားများကို အထူးသတ်ဖြတ်ခဲ့ကြောင်း ကြွားဝါလေ့ရှိသည်။ လက်ရှိ ဒုသမ္မတဖြစ်ပြီး အဓိက အတိုက်အခံပါတီ၏ ခေါင်းဆောင် ရီယိုမာဘီနေးသည် ကြီးမားသောနိုင်ငံရေး နောက်ခံကို ပိုင်ဆိုင်ထားသော်လည်း ခြစားမှု စွပ်စွဲခံရမှုများကြောင့် ပြိုင်ဘက်များကို အရေးနိမ့်ဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက သတ်မှတ်ထားသည်။အသက် ၇၃ နှစ်အရွယ် ဘီနေးက ခြစားမှု စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး မဲဆွယ်စည်းရုံးစဉ်ကာလတွင် ဘီနေးသည် ခြစားမှုစွပ်စွဲချက်ဖြင့် စွဲချက်တင်ခံရနိုင်ကြောင်း လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။  

Most Read

Most Recent