ဇင်ဘာဘွေ ပြည်သူများ အငတ်ဘေး မဆိုက်စေရန် အစိုးရက ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အလှူခံ

ဇင်ဘာဘွေ ပြည်သူများ အငတ်ဘေး မဆိုက်စေရန် အစိုးရက ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အလှူခံ
Published 10 February 2016

မိုးခေါင်မှုကြောင့် အငတ်ဘေး ကြုံရတော့မည့် ဇင်ဘာဘွေ လူဦးရေ လေးပုံတစ်ပုံခန့်ကို ကယ်တင်ရန် အစိုးရက ဖေဖော်ဝါရီ ၉ ရက်တွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ပရဟိတ အဖွဲ့များကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ လှူဒါန်းရန် မေတ္တာရပ်ခံခဲ့သည်။“ဇင်ဘာဘွေ အစိုးရဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ ဒေါ်လာ ၁၅၇၂ ၀၀၉၆၅၃ လိုအပ်နေပါတယ်” ဟု ဇင်ဘာဘွေ ဒုသမ္မတ အီမာဆန်မနန်ဂါဝါက ပြောကြားခဲ့သည်။ ရွာသွန်းခဲ့သည့် မိုးရေချိန် ပမာဏသည် မိသားစုများ၏ အခြေခံ စားသောက်ကုန်များအတွက် မလုံလောက်သည့်အပြင် အသက်မွေးဝမ်းကြောင်းများ၊ စိုက်ပျိုးရေးကဏ္ဍနှင့် တောရိုင်းတိရိစ္ဆာန်များကို လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီက ဆိုးဆိုးရွားရွား မိုးခေါင်မှုနှင့် ကြုံတွေ့နေရသော ကျေးလက်ဒေသ အများအပြားတွင် အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး တစ်ပတ်ပင် မပြည့်သေးမီ ဒုတိယသမ္မတက ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။အယ်နီညိုကြောင့် ပိုမိုဆိုးရွားလာသည့် ဒေသတွင်း မိုးခေါင်မှုအား ခံစားနေရသော အာဖရိကတောင်ပိုင်းရှိ နိုင်ငံများတွင် ဇင်ဘာဘွေအပြင် တောင်အာဖရိက၊ မာလာဝီနှင့် ဇမ်ဘီယာတို့လည်း ပါဝင်သည်။မိုးခေါင်မှု၏ ဆိုးကျိုးများကို ဇင်ဘာဘွေနိုင်ငံ တောင်ပိုင်းဒေသများတွင် အဆိုးရွားဆုံး ခံစားနေရပြီး ကျွဲနွားထောင်ချီ သေဆုံးခြင်း၊ မြေအောက်ရေများ ခန်းခြောက်ခြင်း၊ ရေကာတာထဲရှိ ရေများ လျော့နည်းလာခြင်းတို့ ဖြစ်နေသည်ဟု ဒုသမ္မတက ပြောကြားခဲ့သည်။ “ရေသန့်၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေ၊ သောက်သုံးရေ အရင်းအမြစ်တွေ အလျင်အမြန် ခန်းခြောက်နေလို့ လူနဲ့ တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ယခု တောင်းခံထားသည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံထဲမှ အများစုကို ပြည်ပမှ စားနပ်ရိက္ခာများ တင်သွင်းရာတွင် အသုံးပြုမည်ဖြစ်ပြီး အချို့ကို ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှု မြင့်တက်လာစေရန် နိုင်ငံတစ်ဝန်းမှ စိုက်ပျိုးရေး အထောက်အကူပြု အဆောက်အအုံများကို ပြုပြင်သွားမည်ဟု သိရသည်။ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ ပြည်သူများကို ကျွေးမွေးထားရန် လက်ရှိတွင် ပြောင်းတန်ချိန် ၁ ဒသမ ၅ မက်ထရစ်တန် လိုအပ်နေသည်။တစ်ချိန်က အာဖရိက၏ စပါးကျီအဖြစ် တင်စားရသည့် ဇင်ဘာဘွေသည် ပြီးခဲ့သည့် နှစ်များမှ စတင်၍ စားနပ်ရိက္ခာ ပြတ်တောက်မှုများနှင့် ကြုံတွေ့လာရပြီး အိမ်နီးချင်းနိုင်ငံများမှ စားနပ်ရိက္ခာများကို တင်သွင်းနေရသည်။Ref: AFP

Most Recent