ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းအခြေချများအတွက် နိုင်ငံကူးလက်မှတ်အတု လုပ်ပေးသည့် ဂိုဏ်းအား ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း

ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ရွှေ့ပြောင်းအခြေချများအတွက် နိုင်ငံကူးလက်မှတ်အတု လုပ်ပေးသည့် ဂိုဏ်းအား ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း
Published 10 February 2016

ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းသော အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းအခြေချများအတွက် နိုင်ငံကူးလက်မှတ် အတုများ ဆောင်ရွက်ပေးခဲ့သော ဂိုဏ်းအား ထိုင်းရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ထိုင်းနိုင်ငံသည် လူမှောင်ခိုကူးသူများနှင့် အခြား ရာဇဝတ်သားများအတွက် အထောက်အထားတုများ ဆောင်ရွက်ပေးနေသည့် ဗဟိုချက်အဖြစ် သတ်မှတ်ခံရသည်မှာ ကြာပြီဖြစ်သည်။ ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် နိုင်ငံကူးလက်မှတ် အတုလုပ်သည့် ဂိုဏ်း၏ အဓိက ခေါင်းဆောင် ဟာမစ်ရေဇာဂျက်ဖရီကို ဖေဖော်ဝါရီ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အီရန်နိုင်ငံသား အသက် ၄၈ နှစ်အရွယ် ဂျက်ဖရီသည် “ဒေါက်တာ” ဟု ထင်ရှားပြီး အတုလုပ်သည့် ကျွမ်းကျင်မှုကို ဖခင်ဖြစ်သူထံမှ သင်ယူခဲ့ကြောင်း သိရသည်။ ဂျက်ဖရီသည် ဘန်ကောက်အရှေ့ဘက် ချာချောင်အင်ဆောင်ရှိ သူ၏ နေအိမ်တွင် ခေတ်မီသော အတုလုပ် ကိရိယာများဖြင့် ဆောင်ရွက်နေသည်မှာ ကြာပြီဖြစ်သည်။သူက “အီရန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန် အပါအဝင် နိုင်ငံတွေကနေ ဥရောပကို သွားချင်တဲ့ လူတွေအတွက် နိုင်ငံကူးလက်မှတ် လုပ်ပေးခဲ့ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးရဲမှူး ဒုတိယဗိုလ်ချုပ်ကြီး နာထာသွန်းပရောင်ဆူထွန်းက ပြောကြားခဲ့သည်။ဂျက်ဖရီက အတု ပြုလုပ်မှုအတွက် ဝန်ခံထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။အတု ပြုလုပ်လိုသူများက ဂျက်ဖရီထံ ဓာတ်ပုံနှင့် နိုင်ငံကူးလက်မှတ် နမူနာများ ပို့ပေးပြီး ဂျက်ဖရီက သူ၏ နိုင်ငံကူးလက်မှတ် အတုများသည် နယ်စပ် တာဝန်ရှိသူများက ခွဲခြားနိုင်မည် မဟုတ်ကြောင်း အာမခံချက် ပေးထားသည်ဟု ရဲမှူးက ထပ်မံ ပြောကြားခဲ့သည်။ လက်မှတ် အတုများကို ပုဂ္ဂလိက ကုမ္ပဏီများမှ လည်းကောင်း၊ ထိုင်းရှိ ဖောက်သည်များထံသို့ ကြားခံလူမှတစ်ဆင့် ပို့ပေးပြီး ဖောက်သည်များသည် ဂျက်ဖရီကို တိုက်ရိုက် မတွေ့ရကြောင်း သိရသည်။ ဥရောပသို့ ထွက်ပြေးနေကြသော လက်ရှိ ရွှေ့ပြောင်း အခြေချများအား ၎င်းက နိုင်ငံကူးလက်မှတ်များ လုပ်ပေးခဲ့ခြင်း ရှိ မရှိကို ချက်ချင်း မသိရသေးပေ။ဂျက်ဖရီ၏ နိုင်ငံကူးလက်မှတ် အတုများသည် ဈေးကွက်အတွင်း၌ အရည်အသွေး အကောင်းဆုံးဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင်တွင် နိုင်ငံကူးလက်မှတ် ခြောက်ခု ကိုင်ဆောင်ထားကြောင်း၊ သုံးခုသည် ဘရာဇီးဖြစ်ပြီး ကျန်သုံးခုသည် ပီရူး၊ ပေါ်တူဂီနှင့် နယူးဇီလန် နိုင်ငံကူး လက်မှတ်များဖြစ်ကြောင်း ရဲမှူးနာထာသွန်က ပြောကြားခဲ့သည်။ ဂျက်ဖရီ၏ နိုင်ငံကူး လက်မှတ်များကို ဒေါ်လာ ၂၃၀၀ ထိရှိသော ဈေးဖြင့် ရောင်းချကြောင်း သိရသည်။ထိုင်းနိုင်ငံတွင် နှစ်စဉ် နိုင်ငံကူးလက်မှတ် အမြောက်အမြား ပျောက်ဆုံးပြီး အထောက်အထား အတုများကို လမ်းများပေါ်တွင်ပင် ဝယ်ယူရရှိနိုင်သည်။ ထိုသို့ အောင်မြင်သော ဈေးကွက်ကြောင့် ထိုင်းသည် လူမှောင်ခိုကူးသူများနှင့် မှောင်ခိုသမားများအတွက် ဗဟိုချက် ဖြစ်လာစေခဲ့သည်။Ref: AFP

Most Read

Most Recent