နယူးဟမ့်ရှိုင်းယား အကြိုရွေးကောက်ပွဲတွင် ထရန့်နှင့် ဆန်းဒါးတို့ အောင်ပွဲခံ

နယူးဟမ့်ရှိုင်းယား အကြိုရွေးကောက်ပွဲတွင် ထရန့်နှင့် ဆန်းဒါးတို့ အောင်ပွဲခံ
Published 10 February 2016

နယူးဟမ့်ရှိုင်းယား ပြည်နယ်တွင် ဖေဖော်ဝါရီ ၉ ရက်က ကျင်းပခဲ့သော အကြိုရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်နှင့် ဘာနေးဆန်းဒါးတို့က အောင်ပွဲခံခဲ့ပြီး အခြေကျနေသော နိုင်ငံရေး အဆောက်အအုံအား မကျေနပ်မှုများ မြင့်တက်နေခြင်းကို ထင်ဟပ်ခဲ့သည်။ဒီမိုကရက်တစ် ဆိုရှယ်လစ်ဟု ကိုယ့်ကိုယ်ကိုယ် ကြေညာထားသော ဆန်းဒါးက ဟီလာရီကလင်တန်ကို အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရီပတ်ဘလီကင်ဘက်တွင် ထရန့်က အနီးကပ်ဆုံးပြိုင်ဘက် ဂျွန်ကာစစ်ကို ထက်ဝက်နီးပါး အသာဖြင့် အနိုင်ရခဲ့သည်။အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး ကာစစ်သည် အပြုသဘောဆောင်သော နိုင်ငံရေး ကတိများကို ပေးခဲ့ပြီးနောက် ပင်မရေစီးကြောင်း ကိုယ်စားလှယ်လောင်းများအတွက် ယှဉ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။ ထရန့်သည် ထောက်ခံမဲ ၃၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကာစစ်က ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယ ရရှိခဲ့သည်။ အိုင်အိုဝါ ပြည်နယ်တွင် အောင်ပွဲခံခဲ့သူ တက်ခရုဇ်က ၁၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် ဆန်းဒါးသည် နယူးဟမ့်ရှိုင်းယား ပြည်နယ်တွင် ထောက်ခံမှု အခိုင်အမာ ရရှိထားသူဖြစ်ပြီး ပြိုင်ဘက်ကလင်တန်ကို အပြတ်အသတ် အနိုင်ရခဲ့သည်။ ဆန္ဒမဲ ရာခိုင်နှုန်း ၉၀ ရေတွက်ပြီးချိန်တွင် ဆန်းဒါးကို ထောက်ခံသူ ရာခိုင်နှုန်း ၆၀ ရှိခဲ့ပြီး ကလင်တန်ကို ထောက်ခံသူ ၃၈ ရာခိုင်နှုန်း ရှိခဲ့သည်။ယခု အနိုင်ရရှိမှုက အမေရိကန်တွင် မဲဆန္ဒရှင်များသည် နိုင်ငံရေးကို ရှိဆဲအတိုင်း မလိုလားတော့ကြောင်းကို ဖော်ပြနေသည်ဟု ဆန်းဒါးက သူ၏ အောင်ပွဲခံပါတီတွင် ပြောကြားခဲ့သည်။“ပြည်သူတွေ ဒီမှာ ထုတ်ဖော်လိုက်တာက ကျွန်တော်တို့ နိုင်ငံဟာ ဧရာမ အကျပ်အတည်းတွေကို ကြုံတွေ့နေရတယ်။ အရင်အတိုင်း ဟောင်းနွမ်းနေတဲ့ အရာတွေအတွက် နောက်ကျလွန်းနေပြီ ဆိုတာပါပဲ။ အခြေကျ နိုင်ငံရေး အဆောက်အအုံအဟောင်းနဲ့ စီးပွားရေး အဟောင်းအတွက် နောက်ကျနေပါပြီ။ ပြည်သူတွေက စစ်မှန်တဲ့ အပြောင်းအလဲကို လိုလားနေပါပြီ” ဟု ဆန်းဒါးက ပြောကြားခဲ့သည်။ ရီပတ်ဘလီကင်ဘက်၌ အောင်ပွဲခံခဲ့သော ထရန့်က လာမည့် ဆောက်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲတွင် အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ရွေးကောက်ပြီးနောက် မဲရုံစစ်တမ်းများတွင် ဆန်းဒါးသည် ဒီမိုကရက်တို့ဘက်၌ အစုအဖွဲ့တိုင်း၏ ထောက်ခံမှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဆန်းဒါး၏ အောင်ပွဲခံမှုက ကလင်တန်အတွက် သတိပေးချက်ဖြစ်ပြီး လာမည့် နီဗားဒါးနှင့် ဆောက်ကယ်ရိုလိုင်းနား ရွေးကောက်ပွဲများတွင် ပြန်လည်အနိုင်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထို့ပြင် ကလင်တန်က လူငယ်ထု၏ ထောက်ခံမှု ရရှိရန်အတွက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း အသိအမှတ်ပြု ဝန်ခံခဲ့သည်။ ရှိဆဲနိုင်ငံရေး အဆောက်အအုံကို အမေရိကန်တို့က စိတ်ပျက်နေကြသည်ကိုလည်း ကလင်တန်က အသိအမှတ် ပြုခဲ့သည်။“လူတွေမှာ ဒေါသထွက်ခွင့် မျိုးစုံ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ဆာလောင်လို့လည်း နေပါတယ်။ အဖြေတွေအတွက် သူတို့ ဆာလောင်နေကြပါတယ်” ဟု ကလင်တန်က ပြောကြားခဲ့သည်။လေးနှစ်တစ်ကြိမ် ကျင်းပသော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လူ ၁ ဒသမ ၃ သန်းသာ နေထိုင်သော အရှေ့မြောက်ပိုင်း ပြည်နယ် နယူးဟမ့်ရှိုင်းယားကို အာရုံစိုက်ကြရသည်။ ပြီးခဲ့သည့် နှစ် ၆၀ အတွင်း အိမ်ဖြူတော်ကို တက်လှမ်းနိုင်ခဲ့သော ကိုယ်စားလှယ်လောင်း အားလုံးနီးပါးသည် နယူးဟမ့်ရှိုင်းယားတွင် အနိုင်ရခဲ့ကြသူများဖြစ်သည်။ သို့သော်လည်း ဘာရက်အိုဘားမား၊ ဂျော့ဒဗလျူဘုရှ်နှင့် ဘီကလင်တန်တို့သည် နယူးဟမ့်ရှိုင်းယားတွင် ရှုံးနိမ့်ခဲ့ကြပြီး သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသူများဖြစ်သည်။ဆန်းဒါးနှင့် ထရန့်တို့သည် နယူးဟမ့်ရှိုင်းယား၌ အနိုင်ရခဲ့ကြသော်လည်း မည်သည့်ပါတီအား မဲပေးရမည်ကို မဆုံးဖြတ်ရသေးသည့် မဲဆန္ဒရှင်များ မြင့်မားနေဆဲ ဖြစ်သောကြောင့် သမ္မတ ရွေးကောက်ပွဲသည် ဘာမဆို ဖြစ်နိုင်သော အခြေအနေတွင် ရှိဆဲဖြစ်သည်။Ref: AFP 

Most Read

Most Recent