အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲ ကျရောက်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

အိန္ဒိယတောင်ပိုင်းတွင် ဥက္ကာခဲ ကျရောက်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
Published 9 February 2016

အိန္ဒိယတောင်ပိုင်းတွင် ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အရာဝတ္ထုတစ်ခုကြောင့် ဘတ်စ်ကားယာဉ်မောင်းတစ်ဦး သေဆုံးပြီး အခြားလူသုံးဦး ဒဏ်ရာရရှိခဲ့ရာ ယင်းအရာသည် ဥက္ကာခဲတစ်ခဲ ဖြစ်သည်ဟု အိန္ဒိယအာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ဥက္ကာခဲဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါက သမိုင်းတွင် ဥက္ကာခဲကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၆ ရက်က အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် အခြားဖြစ်နိုင်ဖွယ် ရှင်းပြချက်များလည်း ရှိသေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အဆိုပါ အရာဝတ္ထု ကျရောက်ခဲ့သည့် မြေပြင်တွင် ငါးပေနက်သော ချိုင့်ကြီးဖြစ်ပေါ်ခဲ့ပြီး အနီးအနားရှိ အဆောက်အအုံ တစ်ခုမှ မှန်ပြတင်းများကို အစိတ်စိတ် အမွှာမွှာကွဲကာ လွင့်စင်စေခဲ့သောကြောင့် လမ်းဖြတ်လျှောက်သွားသော ဘတ်စ်ကားယာဉ်မောင်း တစ်ဦးသေဆုံးခဲ့သည်ဟု Times of India သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါ သတင်းစာ၏ ဖော်ပြချက်အရ ယင်းအရာဝတ္ထုသည် ၁၁ ဂရမ်ခန့်သာလေးပြီး AAA ဓာတ်ခဲတစ်လုံး၏ အလေးချိန်သာ ရှိမည်ဟု ဆိုသည်။ ဒေသခံမီဒီယာများက ဖော်ပြကြသော ပုံများ၌ တမီလ်နာဒူပြည်နယ်ဝန်ကြီးချုပ်  ဂျာယာလာလီသားဂျာယာ ရမ်ကဥက္ကာခဲ တစ်ခဲဟု ရှင်းပြသော အပြာရောင်သန်းနေသည့် ကျောက်ခဲတစ်ခဲကို တွေ့မြင်ရသည်။ သို့သော် သိပ္ပံပညာရှင်များက ယင်းသည် ဥက္ကာခဲဖြစ်ကြောင်း ယခုအထိ သက်သေမပြရသေးဟု ဆိုသည်။
"ဥက္ကာခဲတစ်ခဲဟာ ပုဂ္ဂလိကအင်ဂျင်နီယာ ကောလိပ်ဝင်း တစ်ခုအတွင်း ကျရောက်ခဲ့ပြီး ကောလိပ်ဘတ်စ်ကားမောင်းတဲ့ ယာဉ်မောင်းကို သေဆုံးစေခဲ့ပါတယ်" ဟု တမီလ် နာဒူပြည်နယ် ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၇ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက် တစ်ရပ်၌ ပြောကြားထားသည်။
ဘန်ဂလိုရှိ အိန္ဒိယ အာကာသရူပဗေဒ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ အက်စ်ပီရာ ဂျာဂုရုက အဆိုပါ ကျောက်ခဲသည် ဥက္ကာခဲ ဖြစ်နိုင်သော်လည်း နောက်ထပ်စမ်းသပ် စစ်ဆေးမှုများ လိုအပ်နေသေးသည်ဟု ဆိုသည်။
ရာဂျာဂုရုက "ဥက္ကာခဲအများစုဟာ လေထုအတွင်းမှာပဲ လုံးဝလောင်ကျွမ်းသွားပြီး ကမ္ဘာမြေမျက်နှာပြင်ပေါ်ကို ရောက်မလာပါဘူး။ ကမ္ဘာမြေကို ရောက်လာတယ်ဆိုတာ သိပ်ကိုရှားပြီး သမိုင်းမှာလည်း မှတ်တမ်းတင်ထားတဲ့ သေဆုံးမှု မရှိပါဘူး" ဟု ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent